မေ့လျော့ခံ ကိုးကန့် စစ်ပြေးဒုက္ခသည်များ

တရုတ်နိုင်ငံ ဒုက္ခသည်စခန်းရှိ ကိုးကန့် စစ်ပြေး ဒုက္ခသည် ၃၀,၀၀၀ ခန့်သည် အထောက်အပံ့များ ပိုမိုရရှိရန် အရေးတကြီး လိုအပ်လျက်ရှိပြီး မိမိနိုင်ငံကို ပြန်ရန် စောင့်ဆိုင်းနေကြသည်။

စာသားနှင့် ဓာတ်ပုံ – အန်းဝမ်/ Frontier

မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် Myanmar National Democratic Alliance Army နှင့် အစိုးရတပ်တို့အကြား ကိုးကန့်ဒေသတွင် တိုက်ပွဲများ ဖြစ်ပွားပြီး တစ်နှစ်ခန့်အကြာ၌ စစ်ပြေးဒုက္ခသည် ၂၇,၀၀၀ ခန့်မှာ တရုတ်နိုင်ငံ ယူနန်ဒေသရှိ ဒုက္ခသည်စခန်းများတွင် သောင်တင်လျက်ရှိကြသည်။

“ကျွန်မ အိမ်ပြန်ဖို့ သိပ်ကြောက်နေပါတယ်” ဟု ကိုးကန့်ဒေသဇာတိ အသက် ၃၁ နှစ်အရွယ် လီရှောင်မေ က ပြောပြသည်။ ကိုးကန့်ဒေသတွင် ၂၀၁၅ ဖေဖော်ဝါရီလ ၉ ရက်က ဒေသ၏ မြို့တော်ဖြစ်သော လောက်ကိုင်မြို့ကို သိမ်းယူရန် ရည်ရွယ်ချက်ဖြင့် MNDAA က ထိုးစစ်ဆင်ခဲ့မှုသည် လချီသော တိုက်ပွဲများကို ဖြစ်ပွားစေခဲ့သည်။

မစ္စလီသည် ကိုးကန့်ဒေသရှိ သူ့နေအိမ် အပြင်ဘက်တွင် ဧပြီလက မြေမြုပ်မိုင်း နင်းမိသဖြင့် သူ၏ ဘယ်ဘက်ခြေထောက် ဆုံးရှုံးသွားခဲ့သည်။ သူ့အိမ်သည် တရုတ်နိုင်ငံ ယူနန်ပြည်နယ် နန်စန်မြို့ အပြင်ဘက်ရှိ သူတို့ နေထိုင်ရာ ဒုက္ခသည်စခန်းနှင့် တစ်နာရီခန့် လမ်းလျှောက်ရုံမျှသာ ဝေးသည်။ သူ၊ သူ့ခင်ပွန်း ၊ သူတို့၏ ကလေး သုံးယောက်နှင့် အဖိုး၊ အဖွားတို့သည် ပြီးခဲ့သောနှစ် ဖေဖော်ဝါရီလ နှောင်းပိုင်းကတည်းက ထို ဒုက္ခသည်စခန်းတွင် နေထိုင်နေခြင်း ဖြစ်သည်။ 

သက်ကြီးပိုင်းတို့က အိမ်မှာ ကလေးထိန်းကျန်ရစ်ပြီး လူလတ်ပိုင်းများက တစ်နေ့တာ လုပ်ငန်းခွင် ဝင်ကြရသည်။ ဓာတ်ပုံ - အန်းဝမ်/ Frontier

သက်ကြီးပိုင်းတို့က အိမ်မှာ ကလေးထိန်းကျန်ရစ်ပြီး လူလတ်ပိုင်းများက တစ်နေ့တာ လုပ်ငန်းခွင် ဝင်ကြရသည်။ ဓာတ်ပုံ – အန်းဝမ်/ Frontier

ဒုက္ခသည်စခန်းတွင် အာဟာရပြည့်သော အစားအစာများ အလုံအလောက် မရရှိသောကြောင့် မစ္စလီသည် သူ့နေအိမ်ခြံအတွင်း ဟင်းသီးဟင်းရွက်များ ခူးရန် အိမ်ပြန်လာခဲ့ခြင်း ဖြစ်သည်။

“ကျွန်မတို့က လစဉ် ဆန်တော့ အထောက်အပံ့ ရပါတယ်။ ဒါပေမဲ့ ဒါက ကျွန်မ ကလေးတွေအတွက် လုံလောက်တဲ့ အာဟာရကို မပေးနိုင်ဘူး။ ကျွန်မက ဒုက္ခသည်စခန်းမှာ ဟင်းသီးဟင်းရွက်လည်း စိုက်ပျိုးလို့ မရဘူး။ ဒါက ကျွန်မပိုင်တဲ့ မြေမှ မဟုတ်တာ။ အချိန်မရွေး အထုပ်ထုပ်ပြီး ပြေးရနိုင်တာပဲ” ဟု သူက Frontier ကို ဖေဖော်ဝါရီလ ၁၄ ရက်က ပြောသည်။

မစ္စလီက သူ မိုင်းထိပြီးနောက် ခွဲစိတ်ကုသမှု ခံယူရာတွင် တရုတ် ယွမ်ငွေ ၆၀,၀၀၀ (မြန်မာငွေ ကျပ် ၁၁ ဒသမ ၃ သန်း၊ အမေရိကန်ဒေါ်လာ ၉,၂၀၀ ) အကြွေးတင်ခဲ့သည်ဟု ဆိုသည်။

“ကျွန်မတို့မှာ ငွေမရှိဘူး။ ပထမတော့ ကျွန်မတို့ ခွဲစိတ်ကုသမှု မလုပ်ချင်ခဲ့ဘူး။ ဒါပေမဲ့ ဒုက္ခသည် စခန်းက တခြားမိုင်းထိတဲ့ လူတစ်ယောက်က ကုသမှု မခံယူခဲ့တဲ့အတွက် ပိုးဝင်ပြီး ရောဂါ ပိုဆိုးသွားတာ  ကြားသိလိုက်ရတယ်” ဟု သူက ပြောသည်။

kokangrefugeechina_4.jpg

မိသားစုဝင် ၁၄ ဦး ရှိသည့် အိမ်ထောင်စု၏ ဦးစီးဖြစ်သူ ၅၇ နှစ်အရွယ် လျိုလျောင်လင်း။ ဓာတ်ပုံ – အန်းဝမ်/ Frontier

မစ္စလီနှင့် သူ့ခင်ပွန်းတို့သည် မြန်မာစကား မပြောတတ်ကြချေ။ သူတို့က တရုတ် ဘာသာစကားကိုလည်း မရေးတတ်၊ မဖတ်တတ်သဖြင့် မိသားစုကို စောင့်ရှောက်ရန် ဒုက္ခသည်စခန်းတွင်သာ နေထိုင်သည်။ မစ္စလီ၏ ခင်ပွန်းက ဒုက္ခသည် စခန်းအနီးရှိ တောင်တန်းများပေါ်တွင် ဆေးမြစ်များ ရှာဖွေ ရောင်းချခြင်းဖြင့် အချိန်အများစုကို ကုန်လွန်ဖြတ်သန်းနေရသည်။

“ကျွန်တော်တို့ အကူအညီတွေ ရှာနေပါတယ်” ဟု စစ်ဘေးဒုက္ခသည်များအား အကူအညီ ပေးနေသော ကိုးကန့် အဖွဲ့အစည်းတစ်ခု၏ ဒါရိုက်တာ မစ္စတာ ဂေါ်က ပြောသည်။ “ခင်ဗျားတို့ ကိုယ်တိုင် လာကြည့်နိုင်ပါတယ်။ ကျွန်တော်တို့ ကိုးကန့်လူမျိုးတွေ ဘယ်လောက် ဒုက္ခရောက်နေတယ်ဆိုတာ သိလိမ့်မယ်” ဟု ၎င်းက နန်စန်မြို့ရှိ သူ၏ ယာယီရုံးခန်းတွင် ဖေဖော်ဝါရီလ ၁၄ ရက်က Frontier ကို ပြောသည်။

ကျွန်တော်တို့ ၂၀၁၅ နှစ်လယ်လောက်ကတည်းက ဘယ်နိုင်ငံတကာ လူသားချင်းစာနာမှု အဖွဲ့အစည်းဆီကမှ အကူအညီ မရတော့ပါဘူး” ဟု သူက ပြောသည်။ “အကူအညီတွေကို မြန်မာအစိုးရကတဆင့် ပေးရင် တရုတ်နိုင်ငံက ကိုးကန့် စစ်ဘေးဒုက္ခသည်တွေဆီကို ဘယ်တော့မှ ရောက်မှာ မဟုတ်ဘူး” သူက ပြောပြသည်။ 

kokangrefugeechina_11.jpg

လေးကြိမ်မြောက် ဇာတိကို စွန့်ခွာပြေးခဲ့ရသူ အသက် ၈၇ နှစ်ရှိ လီဝူးမေ ခမြာ စိတ်သွားတိုင်း ကိုယ်မပါတော့၍ သည်တစ်ကြိမ် နောက်ဆုံးဖြစ်ပါစေကြောင်း ဆုတောင်းနေရရှာသည်။ ဓာတ်ပုံ – အန်းဝမ်/ Frontier

ပြီးခဲ့သော ဖေဖော်ဝါရီလက တိုက်ပွဲများ ဖြစ်ခဲ့ပြီးနောက်တွင် ကိုးကန့် စစ်ပြေးဒုက္ခသည်များသည် တရုတ်အစိုးရထံမှ အစားအစာနှင့် နေထိုင်စရာနေရာများကို လေးလကြာအောင် ရရှိခဲ့သည်။ သို့သော် မြန်မာအစိုးရသည် တရုတ်နိုင်ငံရှိ ဒုက္ခသည်များကို ထောက်ပံ့မှု မပေးရန် တရုတ်အစိုးရကို တောင်းခံခဲ့သည်ဟု မစ္စတာ ဂေါ်က ဆိုသည်။

“တရုတ်အစိုးရဆီက အကူအညီတွေရရင် ကိုးကန့် ဒုက္ခသည်တွေဟာ တစ်နေ့မှာ မြန်မာနိုင်ငံကို တိုက်ခိုက်နိုင်လာမယ်လို့ မြန်မာအစိုးရက ကြောက်ရွံ့နေတာ” ဟု သူ၏ ရုံးခန်းအတွင်းက စားပွဲပေါ်တွင် MNDAA ခေါင်းဆောင် ဖုန်ကြားရှင်၏ ဓာတ်ပုံကို တင်ထားသော မစ္စတာကျိုက ပြောသည်။ ဖုန်ကြားရှင်ကို တရုတ်တို့က Peng Jia Sheng(ဖုန်ကြားရှင် ဟုပင် အသံထွက်) ဟု ရေးသားသည်။

ပြီးခဲ့သော ဖေဖော်ဝါရီလတွင် ကိုးကန့်ဒေသသို့ လာရောက်သော ကြက်ခြေနီအဖွဲ့၏ ယာဉ်တန်းကို တိုက်ခိုက်မှုတွင် လူ ၇ ဦး ဒဏ်ရာရပြီး တစ်ဦး သေဆုံးသည်အထိ ဖြစ်ပွားခဲ့သဖြင့် နိုင်ငံတကာ လူသားချင်း စာနာသော အဖွဲ့အစည်းများသည် ကိုးကန့်သို့ မလာရောက်ကြတော့ကြောင်း မစ္စတာ ဂေါ်က ပြောသည်။ ထိုတိုက်ခိုက်မှုသည် မိမိတို့ လုပ်ဆောင်ခြင်း မဟုတ်ကြောင်း MNDAA နှင့် တပ်မတော် နှစ်ဖက်စလုံးက ငြင်းဆိုထားသည်။

မစ္စတာ ဂေါ် တည်ထောင်ထားသော အဖွဲ့အစည်းသည် ပြီးခဲ့သော သြဂုတ်လကတည်းက ကိုးကန့် ဒုက္ခသည်များကို စတင်ကူညီပေးနေခြင်း ဖြစ်သည်။ “ကိုးကန့် ဒုက္ခသည်တွေကို တရုတ်အစိုးရက ထောက်ပံ့ပေးနေတာကို ရပ်လိုက်ပြီးနောက်မှာ ကျွန်တော်တို့မှာ အစားအစာ မလုံမလောက် ဖြစ်လာပါတယ်။ ဒါကြောင့် ကျွန်တော်က အဖွဲ့အစည်းတစ်ခုကို ဖွဲ့စည်းပြီး အစားအစာ အကျပ်အတည်းကို ဖြေရှင်းဖို့ ကြိုးပမ်းခဲ့တာပါ” ဟု ၎င်းက ပြောသည်။

kokangrefugeechina_19.jpg

နန်စန်မြို့ အိမ်တစ်အိမ် အပြင်ဘက်၌ လွင့်လူနေသည့် တရုတ်နိုင်ငံအလံကို တွေ့ရစဉ်။ ဓာတ်ပုံ – အန်းဝမ်/ Frontier

တရုတ်နိုင်ငံတွင် ကိုးကန့်လူမျိုး မည်မျှ ခိုလှုံနေသည်ကို ပြောနိုင်ရန် ခက်ခဲလှသည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် အမြဲတမ်း နယ်စပ်ကို ဖြတ်ကျော်နေကြ၍ ဖြစ်သည်။ တရုတ်နိုင်ငံတွင် ကိုးကန့်လူမျိုး ၂၇,၀၀၀ ခန့် ကျန်ရှိနေသေးသည်ဟု ခန့်မှန်းရပြီး ယင်းတို့ထဲမှ ၄,၀၀၀ ခန့်သည် ကလေးသူငယ်များ ဖြစ်ကြသည်။ ၎င်းတို့သည် အမေရိကန် ပြည်ထောင်စု၊ ဗြိတိန်နှင့် သြစတြေးလျ နိုင်ငံများတွင် နေထိုင်နေသော တရုတ်လူမျိုးများထံမှ အလှူငွေများကို ရရှိကြသည်ဟု ဆိုသည်။ သို့သော် ဘဏ္ဍာရေး အထောက်အပံ့ အများစုကို MNDAA က ပေးသည်ဟု ဆိုသည်။

ထိုအဖွဲ့အစည်းထဲမှ အမည်မဖော်လိုသူ ဝန်ထမ်းတစ်ဦးက MNDAA သည် ဒုက္ခသည် အားလုံးအတွက် ဆန်ဝယ်ရန် လစဉ်လိုအပ်နေသော တရုတ်ယွမ်ငွေ ၉၀၀,၀၀၀  ထဲမှ ယွမ်ငွေ ၈၀၀,၀၀၀ ခန့် ( မြန်မာကျပ်ငွေ သန်း ၁၅၀ ခန့်) ကို ထောက်ပံ့ပေးလျက်ရှိသည်ဟု ဆိုသည်။

“လတိုင်း ကျန်ရှိနေတဲ့ ယွမ်ငွေ ၁၀၀,၀၀၀ ကို ရနိုင်ဖို့က အရမ်းခက်ခဲပါတယ်။ ဘာလို့လဲဆိုတော့ ဒုက္ခသည်စခန်းအကြောင်း သတင်းအချက်အလက်တွေ ဖြန့်ဝေရတာ ခက်ခဲလို့ပါ” ဟု မစ္စတာ ဂေါ်က ပြောသည်။ သံတမန်ရေးဆိုင်ရာ ထိခိုက်လွယ်မှုများကြောင့် အဖွဲ့အစည်းသည် နိုင်ငံတကာ သတင်းစာစောင်များ၏ အင်တာဗျူးများကို ရှောင်ရှားရသည်။ သို့သော် တရုတ်နိုင်ငံအတွင်းမှ အလှူရှင် အဖွဲ့အစည်းများ လာရောက်မှုကိုမူ ကြိုဆိုသည်ဟု သိရသည်။

“ကျွန်တော်တို့ ကိုးကန့်လူမျိုးတွေက မြန်မာနိုင်ငံက တရုတ်လူမျိုးတွေ ဖြစ်တယ်။ ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ရဲ့ အရေးကိစ္စကို ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု ၎င်းက ပြောသည်။ သို့သော် အဖွဲ့အစည်း၏ အဓိက သတင်းအချက်အလက် ထုတ်လွှင့်သော ကိုးကန့်ဖိုရမ် ဟု အဓိပ္ပာယ်ရသည့် ကိုးကန့် ဇီရှောင်ဝမ် Kokang Zi Xun Wang (www.kokang123.com) သည် မြန်မာနိုင်ငံတွင် ပိတ်ဆို့ထားခံရသည်။ တပ်မတော်က သူတို့၏ ဖုန်းများကို စစ်ဆေးပြီး ထိုဝက်ဘ်ဆိုက်နှင့် ဆက်သွယ်ထားကြောင်း သိရပါက ၎င်းတို့ ထောင်ကျနိုင်သည်ဟု ကိုးကန့်များက ဆိုသည်။

“တရုတ်နိုင်ငံက ကိုးကန့် ဒုက္ခသည်တွေဟာ တရုတ်နိုင်ငံမှာ ထိလွယ်ရှလွယ်တဲ့ အကြောင်းအရာ တစ်ခုပါ။ ဒါကြောင့် တရုတ်မီဒီယာတွေကတောင် ကျွန်တော်တို့ရဲ့ သတင်းတွေကို မထုတ်ပြန်ကြဘူး” ဟု မစ္စတာ ဂေါ်က ပြောပြသည်။

တိုက်ပွဲများ ဖြစ်ပွားခဲ့သည်မှာ တစ်နှစ်ခန့် ရှိပြီဖြစ်သော်လည်း အလှူရှင်များသည် ဒုက္ခသည်များကို ကူညီရန် အဆင်သင့် ဖြစ်နေပြီလားကိုမူ မသိရသေးကြောင်း မစ္စတာ ဂေါ်က ဆိုသည်။ ထို့ပြင် မိုးရာသီလည်း ရောက်ရှိလာတော့မည်ဖြစ်ရာ ဒုက္ခသည်စခန်းမှာ မိုးဒဏ်ကို ခံနိုင်မည် မဟုတ်သဖြင့် စိုးရိမ်မှုများ တိုးပွားလျက်ရှိသည်ဟု ၎င်းက ပြောသည်။

နေရာရွှေ့ပြောင်းသွားကြသော ကိုးကန့်ဒုက္ခသည်များအတွက် ယာယီစခန်းများသည် ဇင့်ခန်းခရိုင်အတွင်း နေရာအနှံ့ ပျံ့နှံ့နေသည်။ ယင်းခရိုင်အတွင်းတွင် နန်စန်မြို့နယ်လည်း ပါဝင်သည်။ ဒုက္ခသည်စခန်း အချို့ကို လွယ်လင့်တကူ သွားနိုင်သော်လည်း အများစုကိုမူ လယ်ယာမြေများ ပျက်စီးမည်စိုး၍ သစ်တောထဲတွင် ထားရှိသည်။

kokangrefugeechina_8_0.jpg

ကိုးကန့်ဒေသသူ ညီမနှစ်ဦးကို နန်စန်မြို့မှ သူတို့အိမ်သစ်၌ တွေ့ရစဉ်။ ဓာတ်ပုံ – အန်းဝမ်/ Frontier

တရုတ်နိုင်ငံ လွတ်မြောက်ရေးတပ်များဖြင့် အင်အားဖြည့်ထားသော စစ်ဆေးရေးဂိတ်များကို ဒုက္ခသည်စခန်းသို့ သွားရောက်ရာ လမ်းများပေါ်တွင် ချထားသည်။ ယင်းမှာ နယ်စပ်ကို တရားမဝင် ဖြတ်ကျော်လာသူများအား တားဆီးရန်နှင့် မြန်မာပြည်မှ ဝင်ရောက်လာသော မူးယစ်ဆေးဝါးများကို တားဆီးရန် ဖြစ်သည်။ ယင်း စစ်ဆေးရေးဂိတ်များသည် ဒုက္ခသည်စခန်းများကို အကူအညီ ပေးပို့နိုင်ရန် ပိုမိုခက်ခဲစေသည်။ အဘယ့်ကြောင့်ဆိုသော် ဝင်ပေါက်များတွင် အများပြည်သူများ မဝင်ရောက်ရန် ဆိုင်းဘုတ်များဖြင့် သတိပေး တားမြစ်ထားသောကြောင့် ဖြစ်သည်။

တရုတ်အရာရှိများက ဒုက္ခသည်စခန်းမှ ဒုက္ခသည်များကို ကိုးကန့်ဒေသသို့ ပြန်ခိုင်းသလားဟု မေးကြည့်သောအခါ အသက် ၅၇ နှစ်အရွယ် လယ်သမားတစ်ဦးဖြစ်သည့် လျိုလျောင်လင်းက ထိုသို့ ပြန်ခိုင်းမှုမျိုး သုံးလေးကြိမ် ရှိခဲ့ကြောင်း၊ နောက်ပိုင်းတွင် မပြန်ခိုင်းတော့ကြောင်း ဆိုသည်။

သူက မြန်မာနိုင်ငံသို့ ပြန်သွားသော ဒုက္ခသည်များသည် အဖမ်းခံရမည်၊ သို့မဟုတ် တပ်မတော်က အရေးယူ ရှင်းလင်းခြင်းကို ခံရနိုင်ဖွယ်ရှိသည်ဟု ဆိုသည်။

ဒုက္ခသည်များနှင့် ပတ်သက်ပြီး တရုတ်အရာရှိများ၏ သဘောထားကို မေးမြန်းရာ သူတို့သည် မျက်လုံးတစ်ဖက်ကို ပိတ်ထားပြီး နောက်တစ်ဖက်ကို ဖွင့်ထားကြသည်ဟု မစ္စတာလျိုက ဆိုသည်။

“တရုတ်လူမျိုး လယ်သမားတွေကလည်း ကျွန်တော်တို့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံကြပါတယ်။ ကျွန်တော်တို့ရဲ့ တဲတွေ ဆောက်ဖို့ သူတို့ရဲ့ ဝါးပင်တွေကို ခုတ်ခွင့်ပေးတယ်” ဟု ၎င်းက ပြောပြသည်။

“ကျွန်တော်လည်း အိမ်ပြန်ချင်ပါတယ်။ ဒါပေမဲ့ ဘယ်အချိန် ပြန်နိုင်မလဲ ၊ ဘယ်လို ပြန်နိုင်မလဲ မသိဘူး။ တပ်မတော်က ကျွန်တော့်ရဲ့အိမ်ကို ဖောက်ထွင်းဝင်ပြီး ကျွန်တော် ပိုင်ဆိုင်တဲ့ ပစ္စည်းတွေ အားလုံးကို သိမ်းယူသွားတယ်။ ရုပ်မြင်သံကြားစက် နှစ်လုံးနဲ့ ဆိုင်ကယ်ပါ ပါသွားတယ်” ဟု မစ္စတာလျိုက ပြောပြသည်။

မစ္စတာလျို နေထိုင်သော ဒုက္ခသည်စခန်းတွင် အသက်အကြီးဆုံးသူမှာ အသက် ၈၇ နှစ်ရှိသော လီဝူးမေ ဟု ခေါ်ဆိုသော အဖွားအို ဖြစ်သည်။ အဖွားအိုသည် သူ၏ ဘဝတွင် ဒုက္ခသည်အဖြစ် လေးကြိမ်တိတိ နေထိုင်ဖူးသူ ဖြစ်သည်။ ကိုယ်လုံးကိုယ်ထည် ခပ်သေးသေးဖြစ်ပြီး ခါးကိုင်းနေသော ထိုအဖွားအိုသည် မြေး လေးယောက်ကို စောင့်ရှောက်ထားရသည်။

ကလေးများ၏ မိဘများသည် တနေကုန် အနီးအနားရှိ လယ်ကွင်းထဲတွင် ကြံများကို သွားခုတ်နေကြ၍ ဖြစ်သည်။ အဖွားအို အကြောက်ရွံ့ဆုံးအရာမှာ တရုတ် အစိုးရလည်း မဟုတ်၊ တပ်မတော်လည်း မဟုတ်ပေ၊ သူ အိမ်ပြန်နိုင်ဦးမည်လား စိုးရိမ်ခြင်းလည်း မဟုတ်ပေ။ အဖွားအို အကြောက်ရွံ့ဆုံးမှာ မနက်ဖြန် ရောက်လာလျှင် သူ၏ မြေးများကို ကျွေးမွေးရန် ဆန်မရှိမှာကိုပဲ ဖြစ်သည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.