ရွှေမြန်မာမှာ ပုလင်းဖုံး စုဆောင်းကြည့်ခြင်း

ဂျာရတ် ဒေါင်းနင်း ရေးသားသည်။

ကျွန်တော်သည် ယခုအပတ် စာစောင်အတွက် အမှိုက်များ ပြန်လည်အသုံးပြုခြင်းနှင့် ပတ်သက်သော သတင်းတစ်ပုဒ်ကို ရေးခဲ့သည်။ တိုက်ဆိုင်စွာပင် ပုလင်းဖုံး စုဆောင်းသော အလုပ်ကို ကျွန်တော်  စိတ်ဝင်စားမိသွားပြန်သည်။ ကျွန်တော်၏ ရည်မှန်းချက်မှာ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်း ရရှိနိုင်သော ပုလင်းဖုံးများ အားလုံးကို စုဆောင်းရန် ဖြစ်သည်။

ကျွန်တော့် အယ်ဒီတာများကို ဒီသတင်းသည် ကုန်ပစ္စည်း အမှတ်တံဆိပ်များ၊ ဖြန့်ဝေခြင်းများနှင့် ဆိုင်သည်ဟု ပြောခဲ့သည်။ ကျွန်တော် ဒီသတင်းကို ရေးရခြင်းမှာ ကျွန်တော်သည် Crowncap Collecting Society International နှင့် ချိတ်ဆက်မိလိုသောကြောင့် ဖြစ်သည်။ ကျွန်တော် အမှန်တကယ် ချိတ်ဆက်လိုကြောင်းကို ပြောထားပြီး ဖြစ်သည်။ (တကယ်တော့ သူတို့မှာ မဂ္ဂဇင်းစာအုပ်ပင် ကျကျနန ထုတ်ဝေထားပါသည်။)

အောက်တွင် စည်းမျဉ်းများကို ဖော်ပြထားပါသည်။

ကောက်ယူစုဆောင်းသော ပုလင်းဖုံးများသည် ပုံမှန် အသုံးပြုနေကျဖြစ်သော အသွားလေးများပါသည့် သတ္တုဖုံးများ ဖြစ်ရမည်။

မြန်မာနိုင်ငံတွင် လက်လီရောင်းချသော ပုလင်းများ၏ အဖုံး ဖြစ်ရမည်။

တရားဝင်ဖြစ်စေ၊ တရားမဝင်ဖြစ်စေ တင်သွင်းသော ပုလင်းဖုံးများဖြစ်၍ ရပါသည်။

ထိုသို့လုပ်ဆောင်မည် ဆိုရာတွင် မေးခွန်းများစွာ ပေါ်လာပါသည်။ ပထမဆုံး မေးခွန်းမှာ ထိုအလုပ်သည် ဖြစ်နိုင်ပါ၏လော။

ကျွန်တော်သည် ထိုမေးခွန်းကို မြန်မာနိုင်ငံတွင် Heineken နှင့် Regal Seven များကို ထုတ်လုပ်သော APB Alliance Brewery Company ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ လက်စတာ တင်န် Lester Tan ကို မေးကြည့်ခဲ့သည်။ သူသည် ထိုစီမံကိန်းနှင့် စပ်လျဉ်းပြီး အံ့ဖွယ်ကောင်းလောက်အောင် အကောင်းမြင်သည်။ သူသည် ကျွန်တော့်အား သိပ်ကို ကူညီလွန်းသဖြင့် သူသည်လည်း ပုလင်းဖုံး စုဆောင်းသည့် ကစားပွဲတွင် ပါဝင်နေသလော သံသယဖြစ်မိသည်။ ထိုမှတဆင့် ကျွန်တော့် စုဆောင်းမှုများကို အလွဲသုံးစား ပြုလိမ့်မည်လောဟုလည်း သံသယ ဖြစ်မိပါသည်။ သို့သော် ကျွန်တော်သည် သ့ူအား သံသယအကျိုး ခံစားခွင့်ကို ပေးလိုက်ရပါသည်။

ပထမဦးစွာ သူသည် ကျွန်တော့်ကို ရန်ကုန်မှာ အစပြု စုဆောင်းရန် ပြောသည်။ “ခင်ဗျား တရားဝင် တင်သွင်းတာတွေကို ရှာဖွေမယ်ဆိုရင် ရန်ကုန်မှာပဲ နေပါ။ ခင်ဗျား လိုအပ်တာ အကုန်ရပါလိမ့်မယ်” ဟု သူက ပြောသည်။

ကောင်းကျိုးတစ်ခုမှာ ဘီယာအများစုကို လက်တစ်ဆုပ်စာရှိသော ကုမ္ပဏီများက ထုတ်လုပ်ခြင်း ဖြစ်သည်။ Myanmar Beer ၊ APB နှင့် Carlsberg တို့သည် အကြီးဆုံး သုံးခုဖြစ်သည်။ ယင်းတို့ အားလုံးသည် ရန်ကုန် အနီးတဝိုက်တွင်သာ တည်ရှိသည်။ ထို့ပြင် အသောက်အများဆုံး ဘီယာများနှင့် ပတ်သက်လာပါက ကုမ္ပဏီများ အားလုံး၏ ၂၀ ရာခိုင်နှုန်းခန့်က ရရှိနိုင်သော ဘီယာအားလုံး၏ ၈၀ ရာခိုင်နှုန်းကို ထုတ်လုပ်နေခြင်း ဖြစ်သည်။

ထို့ကြောင့် အကြီးစား ကုမ္ပဏီကြီးများကို စတင် စဉ်းစားကြည့်ပြီး ကျွန်တော်၏ ဘေးပတ်ဝန်းကျင်မှ သောက်သုံးသူများကို စုံစမ်းကြည့်လိုက်သောအခါ ပုလင်းဖုံး ၃၂ ခု ကျွန်တော် ရရှိလာပါသည်။ အချိုရည်များမှ ၁၂ ခုနှင့် အရက်ပါသော အရာများမှ ၂၀ ခု ဖြစ်သည်။ ယင်းတို့တွင် မြန်မာဟု တံဆိပ်ပါသော ကိုကာကိုလာ ပုလင်းဖုံး နှစ်မျိုးလည်း ပါဝင်သည်။

ကဲ ကြည့်ပါဦး၊ ခုတောင် ၈၀ ရာခိုင်နှုန်း အောင်မြင်သွားပါပြီ။

သို့ပေသည့် ယခု ကျွန်တော့်တွင် ပြဿ     နာ ကြီးကြီးမားမား တက်လာပါပြီ။ တင်န်၏ အဆိုအရ ထိုကျန်ရှိသော ၂၀ ရာခိုင်နှုန်းအတွက် ကျွန်တော်သည် အရောင်းဆိုင်များ အားလုံး၏ ၈၀ ရာခိုင်နှုန်းခန့်ကို သွားရောက်ရှာဖွေရပါမည်တဲ့။

သတင်းကောင်းတစ်ခုမှာ မြန်မာနိုင်ငံ၏ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန Food and Drug Administration တွင် တရားဝင် မှတ်ပုံတင်ထားသော ထုတ်ကုန်များ အားလုံး၏ စာရင်းများ ရှိသည်ဟု သိရသည်။ ကျွန်တော် လုပ်ဆောင်ရမည်မှာ ထိုစာရင်းများထဲမှ ဖန်ပုလင်းနှင့်ထုတ်သော ထုတ်ကုန်များကို ရှာဖွေရန်သာ ဖြစ်သည်။ 

Jared Downing / Frontier

Jared Downing / Frontier

ကံမကောင်းပြန်သည်မှာ ထိုစာရင်းများသည် တရားမဝင် တင်သွင်းသော ထုတ်ကုန်များ မပါဝင်ခြင်း ဖြစ်သည်။ FDA မှ အရာရှိတစ်ဦးကို ကျွန်တော် တစ်ခါက စကားပြောကြည့်သောအခါတွင် FDA အဖွဲ့ဝင်များသည် ပင်နီစလင် ဆေးအတုများ ခိုးသွင်းနေသူများကို နယ်စပ်အထိ လိုက်လံရှာဖွေနေသည်ဟု သိရသည်။ အရက်ဘီယာ ရောင်းသောဆိုင်များတွင် တရားမဝင် တင်သွင်းထားသော Budweiser ဘီယာများကို ရှာဖွေသည့် အလုပ်သည် သူတို့၏ ဦးစားပေးအလုပ် မဟုတ်ပေ။ မြန်မာ FDA အဖွဲ့သည် ရရှိနိုင်သော အဖွဲ့ဝင် အင်အားကို အကောင်းဆုံး အသုံးချနေရသော အဖွဲ့အစည်းငယ်လေးသာ ဖြစ်သည်။

ကံကောင်းသည့်အချက် တစ်ခုမှာ မှောင်ခိုတင်သွင်းသော ဘီယာအများစုသည် သတ္တုဘူးများဖြင့် တင်သွင်းသည်က များပါသည်။ ကံမကောင်းသည့် အချက်တစ်ခုမှာ မှောင်ခိုတင်သွင်းသော ပုလင်း ဘီယာများသည် နယ်စပ်တွင်သာ တွေ့ရခြင်း ဖြစ်သည်။

ကွက်ကျားကွက်ကျားသာ ကောင်းမွန်သော ပို့ဆောင်ဆက်သွယ်ရေးကြောင့် ဒေသများသည် တစ်နေရာနှင့် တစ်နေရာ ရရှိနိုင်သော ထုတ်ကုန်များ မတူညီကြပေ။ မစ္စတာ တင်န်က အိန္ဒိယနိုင်ငံ နယ်စပ်ကိုမူ နောက်ဆုံးမှ ရှာဖွေမည်ဟု ဆိုသည်။ အိန္ဒိယ နယ်စပ်တွင် မှောင်ခိုတင်သွင်းသော အရက် မရှိသလောက် ဖြစ်သောကြောင့်ပင်။

ကျွန်တော်သည် ကျွန်တော်တို့ ရုံးမှ အလုပ်ကိစ္စဖြင့် ပူတာအိုကို ရောက်ရှိနေသော ဓာတ်ပုံ သတင်းထောက် အန်းဝမ်ကို မက်ဆေ့ချ်ပို့ပြီး တရုတ်ပြည်အနီးတွင် ရောင်းချနေသော ပုလင်းဘီယာများကို စုံစမ်းခိုင်းသည်။ သူက အကြောင်းမပြန်ခဲ့ပေ။ ကြည့်ရသည်မှာ ကျွန်တော် တရုတ်ပြည်က Yanjin ဘီယာ ပုလင်းအဖုံးကို လိုချင်လျှင် ကျွန်တော်ကိုယ်တိုင် ကချင်ပြည်နယ်ကို သွားရမည့်ပုံပင်။

ယခု လက်ရှိအချိန်တွင်မူ ကျွန်တော်သည် သံရုံးများသို့ ဝင်ရောက်ရမည်။ သံရုံးများတွင် အရက်ဘီယာ တင်သွင်းခြင်းအတွက် အထူးအခွင့်အရေးများ ရရှိထားသည်။

ဗြိတိသျှ ကလပ်တွင် ကျွန်တော်သည် London Pride ၊ Spitfire နှင့် Woodchuck တံဆိပ်များ တွေ့ရှိခဲ့သည်။ သံရုံးများ အားလုံး၏ ကလပ်များတွင် ရရှိသော အရက်ဘီယာများမှာ အကုန် အတူတူချည်း ဖြစ်မည်ဟု ထင်ထားသော်လည်း ကျွန်တော် မှားသွားခဲ့သည်။ ကျွန်တော် တက်လေ့ရှိသော ဘုရားရှိခိုးကျောင်း၏ လူငယ်အသင်းမှ ဆယ်ကျော်သက် ကောင်လေးတစ်ယောက်သည် အမေရိကန် သံရုံးနှင့် အဆက်အသွယ် ရှိသည်။ ကျွန်တော်က သူ့ကို စုံစမ်းရန် လွှတ်လိုက်သောအခါ ပုလင်းဘီယာ အသစ်လေးခု တွေ့ရှိခဲ့သည်။ အမေရိကန် နိုင်ငံလုပ်များ ဖြစ်သည်။

ထိုသို့ဆိုသဖြင့် ကျွန်တော်သည် သံရုံးထဲသို့ဝင်ကာ ဘီယာပုလင်းများ ဝယ်နိုင်ရန် နည်းလမ်း ရှာရမည့်အပြင် သံရုံးတိုင်း၏ ကလပ်များသို့လည်း သူတို့တွင် ဘာတံဆိပ်ရှိသည်ကို သိရှိနိုင်ရန် သွားရောက်ရမည့်ပုံ ဖြစ်နေသည်။ အပိုင်း ၂ အတွက်မူ ကျွန်တော်သည် အနက်ရောင် ဝတ်စုံကိုဝတ်ကာ တံဆိပ်များ ရင်ဘတ်မှာထိုးပြီး ကလပ်တစ်ခုမှ တစ်ခုသို့ သွားရောက်ရပေတော့မည်။

ယခုလက်ရှိတွင်မူ ကျွန်တော် စုဆောင်းထားသည်မှာ ၃၉ ခု ရရှိပါပြီ။ သင် ရှာဖွေတွေ့ရှိထားသော အရာများရှိလျှင်လည်း ကျွန်တော့်ကို ပြောပြစေလိုပါသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.