ရင်းနှီးမြှုပ်နှံမှုများကို ဥပဒေကြောင်းဆိုင်ရာ ရှုဒေါင့်မှ အားပေးမြှင့်တင်ခြင်း

ရင်းနှီးမြုပ်နှံမှုများသည် ဘေးကင်းပြီး လုံခြုံစိတ်ချရသော နေရာများသို့သာ ရောက်လာစမြဲဖြစ်သည်။ ထိုကြောင့် မြန်မာနိုင်ငံအနေဖြင့် တရားဥပဒေစိုးမိုးမှုကို ရရှိအောင် ဦးစွာလုပ်ဆောင်ရမည်ဖြစ်ပြီး သေချာရေရာသော ဥပဒေများ ပြဋ္ဌာန်းကာ ချုပ်ဆိုသော စာချုပ်များကိုလည်း မဟာဗျူဟာကျကျ ရွေးချယ်ရမည် ဖြစ်သည်။

ရောဘတ်ဆန်းဖေ ရေးသားသည်။

၂၀ ရာစု အလယ်ပိုင်းကာလက မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဆန်တင်ပို့မှု အများဆုံး နိုင်ငံဖြစ်ခဲ့သည်။ ရန်ကုန် တက္ကသိုလ်သည် ဒေသတွင်းတွင် အကောင်းဆုံး တက္ကသိုလ်ပညာရေးကို သင်ကြားပေးနိုင်ခဲ့သည်။ မင်္ဂလာဒုံလေဆိပ်သည် အရှေ့တောင်အာရှတွင် လေယာဉ်အဝင်အထွက် အများဆုံး လေဆိပ်ဖြစ်ခဲ့သည်။

ထိုအောင်မြင်မှုနှင့် ကြွယ်ဝချမ်းသာမှုများသည် တရားဥပဒေ စိုးမိုးမှုကို အခြေခံ၍ တည်ဆောက်ထားခြင်း ဖြစ်သည်။ ထို့ပြင် ရှင်းလင်းစွာ ရေးဆွဲထားသော ဥပဒေများ၊ အကျိုးအကြောင်း ဆီလျော်သော အမိန့်များကို ချမှတ်သည့် လွတ်လပ်သော တရားသူကြီးအဖွဲ့၊ ပြဋ္ဌာန်းထားသော တရားဥပဒေများကို အများပြည်သူ သိရှိစေနိုင်ရန် Burma Law Reports အပါအဝင် အစီရင်ခံစာများ လုပ်ဆောင်ပေးခြင်း စသည်တို့ကြောင့် ရရှိခဲ့ခြင်း ဖြစ်သည်။ ကွယ်လွန်သွားပြီဖြစ်သော လီကွမ်ယုသည် စင်ကာပူနိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရန် မြန်မာနိုင်ငံသို့ လာရောက်လေ့လာခဲ့ရသည်။

စီးပွားရေးနှင့် နိုင်ငံရေး ဖွံ့ဖြိုးတိုးတက်မှု တုံ့ဆိုင်း ရပ်တန့်သွားခဲ့သော နှစ်ပေါင်း ၆၀ ကျော်ကာလကို ဖြတ်ကျော်လာပြီးနောက် ယခုအခါ မြန်မာနိုင်ငံသည် ဒေသတွင်းတွင် စီးပွားရေး ဖွံ့ဖြိုးမှုနှုန်း အများဆုံးနိုင်ငံ ဖြစ်လာပြီဟု အပြည်ပြည်ဆိုင်ရာ ငွေကြေးရံပုံငွေအဖွဲ့ (International Monetary Fund) ၏ World Economic Outlook က ပြသနေသည်။ မကြာသေးမီက ပြုလုပ်ခဲ့သော စီးပွားရေးနှင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကြောင့် နိုင်ငံ၏ ပြည်တွင်း အသားတင်ထုတ်လုပ်မှု (ဂျီဒီပီ) သည် ယခုနှစ်တွင် ၆ ဒသမ ၅ ရာခိုင်နှုန်း ဖွံ့ဖြိုးလာမည်ဟု ခန့်မှန်းထားသည်။

ကမ္ဘာ့ဘဏ်၏ ခန့်မှန်းချက်အရ မြန်မာနိုင်ငံအပေါ်တွင် စားသုံးသူနှင့် ရင်းနှီးမြုပ်နှံသူများ၏ ယုံကြည်မှု တိုးပွားလာကာ ကုန်စည်တင်ပို့မှုများ များပြားလာကာ နိုင်ငံ၏ စီးပွားရေး တိုးတက်လာမည်ဟု ဟောကိန်း ထုတ်ထားသည်။ တရားဥပဒေဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုသည် အခန်းကဏ္ဍတစ်ခုတွင် ပါဝင်ခဲ့ပြီး ဆက်လက်လည်း ပါဝင်နေဦးမည်ဟု ဆိုသည်။

အောက်တိုဘာ ၂၂ ရက်နေ့က နေပြည်တော်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းများ၊ ဘဏ္ဍရေး အဖွဲ့အစည်းများနှင့် နိုင်ငံတကာမှ ပါဝင်ပတ်သက်နေသူများအား တွေ့ဆုံပြီး စီးပွားရေးပေါ်လစီများကို ဆွေးနွေးတိုင်ပင်ခဲ့ကြသည်။

တိုင်ပင်ဆွေးနွေးကြသော အကြောင်းအရာများတွင် နိုင်ငံ၏ အခြေခံအဆောက်အအုံကို ဖွံ့ဖြိုးအောင် ချက်ချင်းလုပ်ဆောင်ရန် လိုအပ်ချက်၊ စိုက်ပျိုးရေးကဏ္ဍကို တိုးတက်အောင် လုပ်ဆောင်ရန် အရေးကြီးသည့်အချက်နှင့် ဘဏ်လုပ်ငန်းက ပါဝင်ရမည့် အခန်းကဏ္ဍများလည်း ပါဝင်သည်။

ဥပဒေဆိုင်ရာကဏ္ဍများတွင် အကျင့်ပျက်ချစားမှုကို ကိုင်တွယ်ဖြေရှင်းရန် လိုအပ်ချက်များ၊ စီးပွားရေး လုပ်ငန်းများက အခွန်ပေးဆောင်ရန် လိုအပ်ချက်နှင့် ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ဆွေးနွေးခဲ့ကြသည်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု သေချာစေရန် အစိုးရအနေဖြင့် ပုဂ္ဂလိကကဏ္ဍများ၊ နိုင်ငံတကာမှ ပါဝင်ပတ်သက်နေသူများနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။

အစိုးရနှင့် နီးစပ်သော လူများသာ အကျိုးစီးပွား ရရှိစေသည့် ခရိုနီ စီးပွားရေးစနစ်ကို ဖယ်ခွာပြီး တန်းတူညီမျှ အခွင့်အရေးရရှိသော စီပွားရေးစနစ်သို့ ပြောင်းလဲရန် အရေးပါပုံကိုလည်း ဒေါ်အောင်ဆန်းစုကြည်က အလေးအနက် ပြောကြားခဲ့သည်။

နောက်ဆုံးဆွေးနွေးခဲ့သည်မှာ နိုင်ငံခြားရင်းနှီးမြုပ်နှံသူများနှင့် သက်ဆိုင်နေသည်။ ရင်းနှီးမြုပ်နှံသူများသည် ဘေးကင်းလုံခြုံသော နေရာများသို့သာ လာရောက်လေ့ရှိသည်။ ဥပဒေများကို တန်းတူညီမျှစွာ တသမတ်တည်း ပြဋ္ဌာန်းထားသော နေရာများသို့သာ လာရောက်ကြသည်။ လုပ်ငန်းစဉ်များကို တသမတ်တည်း ထားရှိပြီး အကျိုးအမြတ် ရရှိနိုင်မှု သေချာသော နေရာများသို့သာ လာရောက်တတ်ကြသည်။

လေ့လာသုံးသပ်သူများကမူ ပြီးခဲ့သည့်နှစ် ဧပြီလတွင် အစိုးရဖြစ်လာသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  (NLD)က  ဦးဆောင်သည့် အစိုးရသည် ထိုသို့သော စီးပွားရေး ပတ်ဝန်းကျင်မျိုး ဖန်တီးပေးရာတွင် နှေးကွေးလွန်းနေကြောင်းနှင့် ထိုတိုးတက်မှုများသည် ယခုအချိန်လောက်ဆိုလျှင် စတင်နေပြီး ဖြစ်သင့်ကြောင်း ဝေဖန်ကြသည်။ အချက်အလက်များအရ ကြည့်မည်ဆိုလျှင်မူ နိုင်ငံခြား ရင်းနှီးမြုပ်နှံသူများကြားတွင် ယုံကြည်မှုများ တိုးလာနေပြီး အောက်ဖော်ပြပါ အချက်အလက်များကြောင့် ပိုမိုတိုးတက်လာနိုင်သည်။

၂၀၁၂ ခုနှစ်က ပြဋ္ဌာန်းခဲ့သော နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ဥပဒေ (Foreign Investment Law) နှင့် ၂၀၁၃ ခုနှစ်u ပြဌာန်းခဲ့သော မြန်မာနိုင်ငံသား ရင်းနှီးမြုပ်နှံမှု ဥပဒေ (Myanmar National Investment Law) တို့ကို အစားထိုးပြီး  မြန်မာနိုင်ငံ ရင်းနှီမြုပ်နှံမှု ဥပဒေ (Myanmar Investment Law) ကို အောက်တိုဘာ ၁၈ ရက်နေ့တွင် သမ္မတဦးထင်ကျော်က ပြဋ္ဌာန်းခဲ့သည်။ ယခင်က ဥပဒေ နှစ်မျိုးကွဲနေခြင်းကြောင့် နိုင်ငံခြား ရင်းနှီးမြုပ်နှံသူများနှင့် ပြည်တွင်းရင်းနှီးမြုပ်နှံသူများအကြား မညီမျှမှုကို ဖြစ်ပေါ်စေသည်ဟု ယူဆခဲ့ကြသောကြောင့် ဖြစ်သည်။

အသစ်ပြဋ္ဌာန်းလိုက်သော ဥပဒေက ယခင်ဥပဒေ နှစ်ခုကို ပေါင်းစည်းပြီး ရင်းနှီးမြုပ်နှံမှု လုပ်ငန်းစဉ်များကို ရိုးရှင်းစေကာ မြန်မာနိုင်ငံသို့ ရင်းနှီးမြုပ်နှံမှုများ လွယ်ကူစွာ ရောက်ရှိလာစေရန် ရည်ရွယ်ခြင်း ဖြစ်သည်။ ထိုဥပဒေသစ်ကို နိုင်ငံခြား ရင်းနှီးမြုပ်နှံသူများနှင့် ပြည်တွင်း ရင်းနှီးမြုပ်နှံသူများက ကြိုဆိုခဲ့ကြသည်။ သို့သော် ထိုကြိုးစားအားထုတ်မှု၏ အောင်မြင်မှုသည် အပြီးသတ်ရေးဆွဲနေသော ဥပဒေခွဲများ၏    အရည်အသွေးနှင့် ၎င်းတို့ကို အကောင်အထည်ဖော်မည့် အစိုးရအဖွဲ့အစည်းများအပေါ်တွင် မူတည်နေသည်။ ထို ဥပဒေခွဲများကို ရှင်းလင်းစွာ ဖော်ထုတ်သင့်ပြီး အလျင်စလို မလုပ်ဆောင်သင့်ပေ။

ကောင်းမွန်သော ရင်းနှီးမြုပ်နှံမှု ဥပဒေသည် အကောင်းဘက်မှ အကျိုးသက်ရောက်နိုင်သော်လည်း ရင်းနှီးမြုပ်နှံသူများကမူ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ မက်လုံးများနှင့် ကာကွယ်စောင့်ရှောက်မှုများ အားလုံးကို ခြုံငုံ ကြည့်ရှုကြခြင်း ဖြစ်သည်။ ရင်နှီးမြုပ်နှံသူများက ဦးစားပေးသောအရာများထဲတွင် ရင်းနှီးမြုပ်နှံမှုများ တစ်ခုခု ချွတ်ချော်မှုဖြစ်ခဲ့ပါက ပြန်လည်ပြုပြင်နိုင်သော အချက်လည်း ပါဝင်သည်။  

ဩဂုတ် ၂၅ ရက်နေ့ထုတ် Frontier Myanmar တွင် ဖော်ပြခဲ့သော “စီးပွားရေးဆိုင်ရာ အငြင်းပွားမှုများကို ဖြေရှင်းခြင်းနှင့် ရှေ့ဆက်ရမည့် မြန်မာ့လမ်း” (Resolving commercial disputes, the way forward for Myanmar) ဆောင်းပါးတွင် ဖော်ပြခဲ့သည့်အတိုင်း ထိုကိစ္စနှင့် ပတ်သက်ပြီး အကောင်းဘက်မှ တိုးတက်မှု များစွာရှိခဲ့သည်။ မြန်မာနိုင်ငံသည် နိုင်ငံတကာမှ အသိအမှတ်ပြုသော ခုသမာဓိဆု (Arbitral Awards) အတွက် နယူးယောက် သဘောတူညီချက် (New York Convention) သို့ ဝင်ရောက်ခဲ့သည်။ ထို့ပြင် ခုံသမာဓိဥပဒေ (Arbitration Law) ကိုလည်း ပြဋ္ဌာန်းခဲ့သည်။ ၎င်းကို နိုင်ငံတကာ စီးပွားရေးဆိုင်ရာ ခုံသမာဓိရုံး (International Commercial Arbitration) ဖြင့် ကုလသမဂ္ဂ ကုန်သွယ်ရေးဆိုင်ရာ ဥပဒေ ကော်မရှင် (United Nations Commission on Trade Law) ၏ မိုဒယ်ပုံစံကို အခြေပြုပြီး ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။ ထိုခြေလှမ်းများ အာလုံးသည် အဓိပ္ပါယ်ရှိသော လုပ်ဆောင်ချက်များဖြစ်ပြီး နိုင်ငံခြား ရင်းနှီးမြုပ်နှံသူများအကြား ယုံကြည်မှုကို ဖြစ်ပေါ်စေသည်။

မြန်မာနိုင်ငံက နိုင်ငံတကာနှင့်  ရင်းနှီးမြုပ်နှံမှု စာချုပ်များ အပြန်အလှန်ချုပ်ဆိုရန် ကြိုးစားလျှက်ရှိသည်။ ထိုသို့ ဆောင်ရွက်ခြင်းဖြင့် နိုင်ငံခြား ရင်းနှီးမြုပ်နှံသူများအနေဖြင့် ၎င်းတို့ စာချုပ်ချုပ်ဆိုထားသော နယ်မြေ၏ ဥပဒေအရ အကာအကွယ်ကို ရရှိနိုင်မည် ဖြစ်သည်။ ထိုသို့ဖြင့် နိုင်ငံတကာ ရင်နှီးမြုပ်နှံသူများကို ဆွဲဆောင်နိုင်မည် ဖြစ်သည်။ သို့သော် ရင်းနှီးမြုပ်နှံမှု စာချုပ်များသည် မြန်မာနိုင်ငံက စီးပွားရေးကဏ္ဍသစ် ဖွင့်လှစ်လိုက်ပြီဟု သက်သေပြရုံ သက်သက်မဟုတ်ပေ။

၎င်းတို့က တရားဥပဒေအရ ချည်နှောင်ထားသော လုပ်ထုံးလုပ်နည်းများကိုလည်း ပေးနေသည်။ နှစ်ဦးနှစ်ဖက် ချုပ်ဆိုသော ရင်းနှီးမြုပ်နှံမှု စာချုပ်တစ်ခုသည် နိုင်ငံခြား ရင်နှီးမြုပ်နှံသူတစ်ဦးအနေဖြင့် လိုအပ်သော ကုန်ကြမ်းများကို အတိုင်းအတာ တစ်ခုအထိ ပြည်တွင်းမှ ဝယ်ယူရန်နှင့် ထွက်ရှိလာသော ကုန်ချောကို နိုင်ငံတကာသို့ အတိုင်းအတာ တစ်ခုအထိသာ တင်ပို့ရန်စသည့် ကန့်သတ်ချက်များ ပါဝင်စေနိုင်သည်။ မြန်မာနိုင်ငံရင်နှီးမြုပ်နှံမှု ကော်မရှင်သည် ကုန်ထုတ်လုပ်သော ရင်နှီးမြုပ်နှံမှုနှင့် ပတ်သက်လာလျှင် ထိုသို့သော ကန့်သတ်ချက်နှင့် လိုအပ်ချက်များကို လိုင်စင်ထုတ်ပေးရာတွင် ချမှတ်လျှက်ရှိသည်။ ၎င်းမှာ သင့်တော်သော လုပ်ဆောင်ချက် တစ်ခုဖြစ်သည်။

ထိုသို့သော အပြန်အလှန် စာချုပ်များသည် ရင်းနှီးမြုပ်နှံသူများကို စာချုပ်အတိုင်း လုပ်ဆောင်ခွင့် ပေးထားပြီး စာချုပ်တွင် ပါဝင်သော ဖော်ပြချက်များကို ဖောက်ဖျက်မှုများ ရှိပါက ရင်းနှီးမြုပ်နှံသူများသည် ရင်းနှီးမြုပ်နှံသူ ခုံသမာဓိထံတွင် သွားရောက်ပြီး မြန်မာနိုင်ငံကို တရားစွဲဆိုနိုင်သည်။

ထိုသို့ တရားစွဲဆိုမှုများသည် ကမ္ဘာတစ်ဝန်းတွင် လွန်ခဲ့သော ဆယ်စုနှစ် သုံးခုအတွင်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားလာခဲ့ပြီး နိုင်ငံအတော်များများသည်လည်း တရားစွဲဆိုခံခဲ့ကြရသည်။ ကုလသမဂ္ဂ ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးရေး စာချုပ် (United Nations Conference on Trade and Development) အရ ၁၉၈၇ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ရင်းနှီးမြုပ်နှံမှုအဆင့် တရားစွဲဆိုမှု ၆၉၆ ခုကို ဖြေရှင်းပေးခဲ့ရသည်။

၁၉၉၀ ပြည့်နှစ်မှ ၂၀၁၃ ခုနှစ်အတွင်း ရင်းနှီးမြုပ်နှံသူ တစ်ဦးချင်းစီကို ပေးခဲ့ရသော လျော်ကြေးငွေ ပျမ်းမျှပမာဏသည် အမေရကန်ဒေါ်လာ ၈၁ ဒသ ၅ သန်း ရှိခဲ့သည်။ ထိုအထဲတွင် အတိုးငွေ မပါဝင်သေးပေ။ သို့သော် ၎င်းအချက်အလက်များမှာ သိရှိထားသော အမှုများအတွက်သာဖြစ်ပြီး အမှန်တကယ် အချက်အလက်များမှာ ထိုထက်ပိုမိုများပြားနိုင်ပါသည်။ ထိုစာရင်းဇယားများကို စုဆောင်းအပြီး ထပ်မံပေါ်ပေါက်သော အမှုများတွင် လျော်ကြေးငွေများ ထိုထက် ပိုမိုများပြားလာခဲ့သည်။ အမှုတစ်ခုတည်းသည်ပင် ဒေါ်လာ ဘီလျံ ၅၀ ခန့် ရှိခဲ့သည်။

ဆုံးရှုံးရသော ငွေကြေးများ များပြားနိုင်ရုံသာမက ထိုစွဲချက်ကို ကာကွယ်ရသော ကုန်ကျစရိတ်ကလည်း များပြားနိုင်ပါသည်။ အရည်အသွေးမြင့် ဥပဒေအကြံပေးများနှင့် ကိုယ်စားပြု ရှေ့နေများ မရရှိပါက ခုခံကာကွယ်သော နိုင်ငံသည် ရင်းနှီးမြုပ်နှံမှုအဆင့် ခုံသမာဓိကို အောင်မြင်ရန် ရုန်းကန်ရပေလိမ့်မည်။

လက်တင်အမေရိကနိုင်ငံအများအပြားသည် လျော်ကြေးငွေများ ပေးခဲ့ရပြီး ယခုအခါတွင် ၎င်းတို့၏ ရင်းနှီးမြုပ်နှံမှု စာချုပ်များကို ဖျက်သိမ်းရန် ကြိုးစားလျှက် ရှိကြသည်။ အာရှတွင် အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင် နိုင်ငံများသည်လည်း လျော်ကြေးများ ပေးခဲ့ရပြီး ရင်းနှီမြုပ်နှံမှု စာချုပ်သစ်များ ချုပ်ဆိုရန် သတိထားလျှက် ရှိကြသည်။

မြန်မာနိုင်ငံအနေဖြင့် ၎င်းတို့၏ အတွေ့အကြုံများမှ သင်ခန်းစာယူရန် လိုအပ်သည်။ မည်သည့်နိုင်ငံနှင့် ထိုစာချုပ်မျိုး ချုပ်ဆိုသင့်သည်ကို ရွေးချယ်သင့်သည်။ ဆွေးနွေးညှိနှိုင်းမှုများကို အလျင်စလို မလုပ်ဆောင်သင့်ပေ။ မဟာမိတ်များဖြစ်ပြီး ကုန်သွယ်ရေးမိတ်ဖက်များ ဖြစ်သော်လည်း ဥရောပသမဂ္ဂနှင့် ကနေဒါနိုင်ငံတို့ ချုပ်ဆိုခဲ့သော လွတ်လပ်စွာ ကုန်သွယ်ခွင့် သဘောတူစာချုပ်ကို ခုနစ်နှစ်ခန့် အချိန်ယူ ချုပ်ဆိုခဲ့ရသည်။

မြန်မာနိုင်ငံသည် ရင်းနှီးမြုပ်နှံမှု သဘောတူစာချုပ်၏ အစဦးအဖြစ် အသုံးပြုရန် ဂရုတစိုက် ရေးဆွဲထားသော နမူနာပုံစံ တစ်ခုကို လိုအပ်သည်။ ထိုနမူနာပုံစံမှ သွေဖယ်မှုများကို ကန့်သတ်ထားသော အခြေအနေများတွင်သာ ခွင့်ပြုသင့်သည်။ ထိုနမူနာပုံစံကို ရေးဆွဲရာနှင့် စာချုပ်ကို ဆွေးနွေးရာတွင် မြန်မာနိုင်ငံသည် အရည်အသွေးမြင့် ဥပဒေအကြံဉာဏ်များကို ရယူရမည်ဖြစ်သည်။ တရားဥပဒေအရ ချည်နှောင်ထားသော လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီသော လုပ်ငန်းစဉ်များကို နည်းစနစ်ကျစွာ ချမှတ်ထားရမည်ဖြစ်သည်။

မြန်မာနိုင်ငံသည် အမေရိကန်ပြည်ထောင်စု၏ အရေးယူပိတ်ဆို့မှုများ ရှိနေသေးသည့် ကာလအတွင်းပင် ရင်းနှီးမြုပ်နှံမှု သဘောတူစာချုပ်နှင့် ပတ်သက်၍ လျင်မြန်စွာ တိုးတက်မှု ရှိခဲ့သည်။ စက်တင်ဘာလတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အမေရိကန်ပြည်ထောင်စုသို့ သွားရောက်လည်ပတ်ခဲ့ချိန်တွင် သမ္မတ အိုဘားမားက မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှု အားလုံးကို ဖြေလျော့ပေးခဲ့သည်။

ထိုသို့ အရေးယူပိတ်ဆို့မှုများ ဖြေလျော့ပေးလိုက်သည့်အတွက် မည်သို့ဖြစ်လာမည်ကို ကျွမ်းကျင်သူ အများအပြားက စိုးရိမ်ခဲ့ကြသည်။ သို့သော် အောက်တိုဘာ ၇ ရက်နေ့တွင် အိုဘားမားက ယခင် အမိန့်များကို ရုတ်သိမ်းကာ မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး အမိန့်သစ်တစ်ခုကို ထုတ်ပြန်ခဲ့သည်။ ထိုအမိန့်အရ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော Specially Designated Nationals Lists တွင် ပါဝင်နေသည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းပေါင်း ၁၁၁ ခုကို ဖယ်ရှားပေးလိုက်သည်။ ယခင်က ပိတ်ဆို့ထားသော ပိုင်ဆိုင်မှုများကိုလည်း ပြန်လည် ဖယ်ရှားပေးလိုက်သည်။ မြန်မာနိုင်ငံမှ ကျောက်စိမ်းနှင့် ပတ္တမြားကို အမေရိကန်သို့ တင်ပို့မှုကိုလည်း ခွင့်ပြုပေးလိုက်သည်။ မြန်မာနိုင်ငံနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ ဘဏ္ဍာရေးဆိုင်ရာ ရောင်းဝယ်မှုများ ပြုလုပ်မှုကို ကန့်သတ်ထားသော Office of Foreign Assets Control ကိုလည်း ဖွင့်ပေးလိုက်သည်။

သမ္မတအိုဘားမားက ပြောသည့်အတိုင်း လုပ်ခဲ့သည်။ မြန်မာနိုင်ငံနှင့် စီးပွားရေး လုပ်ကိုင်ကြသော အမေရိကန် နိုင်ငံသားများအပေါ် ကန့်သတ်ထားသည့် အရာများ အားလုံးကို ဖယ်ရှားပေးခဲ့သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ အမေရိကန်ခရီးစဉ်နှင့် ၎င်း၏ အမြင်များသည် ထိုရလဒ်ကို ရရှိစေရန် အခန်းကဏ္ဍတစ်ခုမှ ပါဝင်ခဲ့သည်။

မြန်မာနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်တစ်ချို့ကမူ အရေးယူပိတ်ဆို့မှုများကို ဖြေလျော့ပေးလိုက်ခြင်းကြောင့် ကြီးမားစွာ ပြောင်းလဲသွားမည် မဟုတ်ကြောင်း၊ အဘယ့်ကြောင့်ဆိုသော် မြန်မာနိုင်ငံသို့ စီးပွားရေး လာရောက် လုပ်ကိုင်လိုသူ အားလုံးသည် ရောက်ရှိနေပြီး ဖြစ်သောကြောင့် ဖြစ်သည်ဟု ပြောကြားကြသည်။ သို့သော် ၎င်းမှာ တစ်စိတ်တစ်ပိုင်းသာ မှန်ကန်သည်။ အဘယ့်ကြောင့်ဆိုသော် အမေရိကန်နှင့် စီပွားရေး လုပ်ကိုင်ထားသော နိုင်ငံတကာ ကုမ္ပဏီကြီးများသည် အရေးယူပိတ်ဆို့ထားသော နိုင်ငံနှင့် စီးပွားရေး လုပ်ကိုင်မည်ဆိုပါက ရင်းနှီးမြုပ်နှံရာတွင် တရားဝင်စေရန် ဒေါ်လာသန်းနှင့်ချီကာ အကုန်အကျ ခံကြရခြင်းကြောင့် ဖြစ်သည်။

မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံမှု အသစ်များ ပြုလုပ်လိုသော အမေရိကန် အဖွဲ့အစည်းများသည် အစီရင်ခံစာများကို အချိန်ကြာမြင့်စွာ တင်ကြရသည်။ ထို့ပြင် SDN Lists တွင် ပါဝင်သော မြန်မာ အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များသည် စီးပွားရေး လုပ်ဆောင်ရာတွင် ကန့်သတ်ခံရခြင်း၊ ခက်ခဲခြင်းနှင့် ရှုပ်ထွေးခြင်းတို့ကို ရင်ဆိုင်ရသည်။ ထို့ကြောင့် အချမ်းသာဆုံး သူဌေးကြီးများသည် SDN Lists မှ ပယ်ဖျက်ခံရရန် ငွေကြေးအမြောက်အများ ရင်းနှီးမြုပ်နှံပြီး ကြိုးစားကြသည်။ တစ်ချို့က အောင်မြင်ပြီး တစ်ချို့က မအောင်မြင်ကြသေးပေ။

အမေရိကန်က အရေးယူပိတ်ဆို့မှုများကို ပယ်ဖျက်ပေးလိုက်ခြင်းသည် ရင်းနှီးမြုပ်နှံမှု အခွင့်အလမ်းများကို တိုးမြှင့်ပေးမည့် တိုးတက်မှုတစ်ခု ဖြစ်သည်။ ထိုသို့ဖြင့် မလိုလားအပ်သော စွန့်စားမှုများကို ဖယ်ရှားနိုင်ပြီး မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးလာမည် ဖြစ်သည်။ မြန်မာနိုင်ငံနှင့် အမေရိကန်တို့ကြားတွင် လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက်အတွက် ကနဦး ဆွေးနွေးမှုများပင် ရှိခဲ့သည်။

သို့သော် ၎င်းသည် အသစ်တက်လာသော အမေရိကန်အစိုးရ၏ အမြင်အပေါ်တွင် မူတည်သော်လည်း မြန်မာနိုင်ငံအတွက် အခွင့်အလမ်းများ ပွင့်လန်းလာမှုကို သက်သေပြလျှက် ရှိသည်။ မြန်မာနိုင်ငံသည် ဆယ်စုနှစ်များစွာ ဆုံးရှုံးနစ်နာခဲ့ရမှုအတွက် ပြန်လည်ကုစားနိုင်ရန် အခွင့်အလမ်းကောင်းများ ရှိနေပါသည်။

ရောဘတ်ဆန်းဖေသည် မြန်မာနိုင်ငံဖွားဖြစ်ကာ အင်္ဂလန်နှင့် ဟောင်ကောင် အသိအမှတ်ပြု ရှေ့နေတစ်ဦးဖြစ်ပြီး Gibson Dunn and Crutchers ကုမ္ပဏီတွင် အလုပ်လုပ်ကိုင်နေသူ ဖြစ်သည်။ သူသည် တရားဥပဒေရေးရာနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို အကြံပေးနေသူ ဖြစ်သည်။ သို့သော် အထက်တွင် ဖော်ပြထားသော အမြင်များမှာ သူ၏ ကိုယ်ပိုင်အမြင်ဖြစ်ပြီး လက်ရှိအစိုးရ၏ အမြင်သဘောထား မဟုတ်ပေ။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.