"ဆက်ဆံရေးအသစ် အတားအဆီးအဟောင်း"

ကိုးနှစ်ကြာ နောက်တွန့်နေခဲ့ရပြီးနောက် နေပြည်တော်အပေါ် ဘေဂျင်းက ပြန်လည်လွှမ်းမိုးပြီဖြစ်ကြောင်း သမ္မတရှီကျင့်ဖျင်၏ ခရီးက ပြသလိုက်သည်။ သို့သော် လာမည့် နှစ်များတွင် တရုတ်အဖို့ လုပ်ချင်တိုင်းလုပ်၍ မရတော့ဘဲ သတိကြီးကြီးထားဖို့ လိုအပ်လာတော့မည်ဖြစ်သည်။

By YUN SUN | FRONTIER

တရုတ်သမ္မတ ရှီကျင့်ဖျင် က ၂၀၂၀ ပြည့်နှစ်အတွက် သူ၏ ပထမဆုံး ပြည်ပခရီးအဖြစ် မြန်မာနိုင်ငံကို ရွေးချယ်လိုက်ခြင်းကြောင့် အတော်များများအံ့အားသင့်သွားကြသည်။ တကယ်တော့ မအံဩသင့်ပါ။ လွန်ခဲ့သော လေးငါးနှစ်အတွင်း တရုတ်နှင့် မြန်မာတို့ ပိုမိုနီးကပ်လာခဲ့ကြပြီး တရုတ်နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒတွင် မြန်မာ၏ အရေးပါမှုကို မြှင့်တင်လိုက်ခြင်း၏ ရလဒ်အဖြစ် တရုတ်သမ္မတ၏ ဇန်နဝါရီ ၁ရ – ၁၈ ရက် ချစ်ကြည်ရေးခရီး ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။ 
တရုတ်ရှုထောင့်မှ ကြည့်လျှင် ဤခရီးဖြင့် နှစ်နိုင်ငံဆက်ဆံရေး ခေတ်သစ်သို့ ဝင်ရောက်ခဲ့ပြီ ဖြစ်သော်ငြားလည်း၊ ဤခေတ်သစ်တွင် နှစ်နိုင်ငံအကြား ကာလကြာရှည်စွာ ရှိနေခဲ့သော အရေးကြီးသည့် အကြောင်းအရာများကြောင့် ထိန်းချုပ်ကန့်သတ်မှုများနှင့်တော့ တွေ့ကြုံရင်ဆိုင်ကြရဦးမည်ဖြစ်သည်။
သမ္မတရှီ၏ ခရီးစဉ်အတွင်း ဆွေးနွေးခဲ့သော၊ ပြဿနာတစ်စီတစ်တန်းနှင့် လက်မှတ်ထိုးခဲ့သော သဘောတူစာချုပ်တွေက ဒါလောက်ချီးမွမ်းစရာ မဟုတ်ပါ။ တကယ်တော့ အဓိကစီမံကိန်းကြီးများဖြစ်သော  ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ရန်ကုန်မြို့သစ်စီမံကိန်းတို့ လုပ်နေခဲ့ကြသည်မှာ ကြာလှပြီ၊ အရှေ့တောင်အာရှ အခြားနိုင်ငံများတွင် တရုတ်တို့လုပ်နေသော  စီမံကိန်းများနှင့် နှိုင်းစာလျင် တိုးတက်မှုမှာ အလွန်ပင်နှေးကွေးလွန်းသည်ဟုပင် ဆိုမည်ဆိုက ဆိုနိုင်ပါသည်။ 
NLD အစိုးရလက်ထက် မြန်မာနိုင်ငံ၏ ငြိမ်းချမ်ရေးလုပ်ငန်းစဉ်နှင့်ရိုဟင်ဂျာပြဿနာတို့အပေါ်  တရုတ်က တောက်လျောက်ထောက်ခံလာသည်ဖြစ်ရာ ဒါတွေကို ထပ်လောင်း၍ တရုတ်က အာမခံချက်ပေးမှာကလည်း မျှော်လင့်ထားပြီးသားပင်ဖြစ်သည်။ တရုတ်-မြန်မာစီးပွားရေးစင်္ကြံ (CMEC) နှင့် အိန္ဒိယသမုဒ္ဒရာကို တရုတ်ထွက်ပေါက်ရရေး၊ ဒါတွေအတွက် တွန်းအားပေးမည်ဆိုတာကလည်း အံ့ဩစရာမဟုတ်ပေ။ ဒါတွေက တရုတ်၏ ပန်းတိုင်တွေအဖြစ် ဖော်ထုတ်ခဲ့သည်မှာ နှစ်တွေကြာခဲ့ပြီ။ ဒါဆို ဒီခရီးမှာ တကယ့်အသစ်အဆန်းက ဘာပါလိမ့်။ 

82974844_2625107134203673_3765302467244326912_o.jpg

ဓာတ်ပုံ-သမ္မတရုံး

တရုတ်တို့၏ နိုင်ငံခြားရေးပေါ်လစီကို မျက်စိလျင် ပါးနပ်သည့် လေ့လာသူများကတော့ တရားဝင်ထုတ်ပြန်ချက် စာတန်းကြီးထဲတွင် နစ်မြှုပ်နေသည့် ဝေါဟာရတစ်ခုကို မျက်စိဖမ်းစားသွားမည်ဖြစ်သည်။ နှစ်နိုင်ငံအပြန်အလှန်ဆက်ဆံရေးကို အဓိပ္ပာယ်သစ်ဖွင့်ဆိုထားပုံမှာ “ကံကြမ္မာအကျိုးတူအသိုက်အဝန်း” Sion-Myanmar Community of Common Destiny ဟူသော ဝေါဟာရပင်ဖြစ်သည်။ တချို့ နိုင်ငံခြားက လေ့လာသူတွေကတော့ ဘာမှ အနှစ်မရှိတဲ့ ဝေါဟာရဟု ထင်ကောင်း ထင်ကြမည်။ သို့သော် ဘေဂျင်း အစိုးရအတွက်တော့ အဆင့်အမြင့်ဆုံး နှစ်နိုင်ငံဆက်ဆံရေးကို ကိုယ်စားပြုထားပေသည်။ ထိုအတွေးအခေါ်သည် ယခင်က သုံးစွဲခဲ့ကြသော “အလုံးစုံပါဝင်သည့် မဟာဗျုဟာ ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံရေး” (Comprehensive Strategic Cooperative Partnership) ကို ခြုံငုံမိပြီး ထို့ထက်လည်း ကျော်လွန်သွားပေသည်။ တရုတ်တို့၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အရတော့ နှစ်နိုင်ငံအပြန်အလှန် ဆက်ဆံရေးနယ်ပယ်သစ်သို့ ရောက်ရှိသွားပေသည်။ နှစ်နိုင်ငံချင်း၊ အစိုးရအဖွဲ့ချင်း၏ အနာဂတ်နှင့် ပန်းတိုင်တို့ကိုပါ ပူးတွဲချည်နှောင်စည်းလုံးထားသည်။ ၎င်းသည် ထုံးတမ်းစဉ်လာ နိုင်ငံရေး၊ စီးပွားရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုတို့ ပါဝင်ရုံမက ကျော်လွန်သွားသည်။ တစ်နိုင်ငံနှင့် တစ်နိုင်ငံ အစစ်အမှန်အပြန်အလှန်ထောက်ခံမှု အထူးသဖြင့် ပြဿနာများတွင် တစ်နှင့်တစ်ဦး အပြန်အလှန်ထောက်ခံမှုတို့ကို လုပ်ကိုင်ခွင့်အာဏာပေးထားသည်။ တရုတ်ပြည်နှင့် ကံကြမ္မာအကျိုးတူအသိုက်အဝန်းထူထောင်ထားသော အခြားနိုင်ငံနှစ်ခုမှာ လာအို (၂၀၁၇) နှင့် ကမ္ဘာဒီးယား (၂၀၁၈) တို့ဖြစ်သည်။ နှစ်နိုင်ငံစလုံးက တရုတ်အပေါ်တွင် ဘဏ္ဍာရေးအရ မှီခိုနေကြရသည်ဖြစ်ရာ နိုင်ငံရေးအဓိပ္ပာယ်ဖွင့်ဆိုချက်များမှာ အနာဂတ်ပန်းတိုင်နှင့် စည်းလုံးမှုကို ဆိုလိုသည်။ လာအိုအဖို့ဆိုလျင် ကွန်မြူနစ်ပါတီချင်း စည်းလုံးရေးဖြစ်ပြီး ကမ္ဘာဒီးယားတွင် တစ်ပါတီအာဏာရှင်အစိုးရချင်း ပူးပေါင်းရေးကို ဆိုလိုသည်။ တောင်တရုတ်ပင်လယ်အရေးကိစ္စကဲ့သို့သော ခက်ခဲသည့်ကိစ္စများတွင် အာဆီယံအတွင်း၌ လာအိုနှင့် ကမ္ဘောဒီးယားတို့က တရုတ်ဘက်ထောက်ခံခဲ့သဖြင့် တရုတ်ကလည်း စီးပွားရေး ‘စာနာထောက်ထားမှုများ’ ဖြင့် တုံ့ပြန်ခဲ့သည်။ 
သို့သော် အာဆီယံနိုင်ငံအားလုံးက တရုတ်နှင့် ဤသို့သော ဆက်ဆံရေးမျိုးကို စိတ်ပါကြသည်မဟုတ်ပေ။ နောက်ကွယ်မှ တရုတ်၏ ရည်ရွယ်ချက်ကို သံသယစိတ်ဖြင့် ကြည့်ကြသည်။ ၂၀၁၇ ခုနှစ်က သမ္မတ ရှီ ဗီယက်နမ်သို့အလည်သွားစဉ်က အလားတူကံကြမ္မာအကျိုးတူအသိုက်အဝန်းထူထောင်ရန် တရုတ်၏ဆန္ဒကို ဗီယက်နမ်ကွန်မြူနစ်ပါတီက ငြင်းပယ်ခဲ့သည်ဟု ပြောကြသည်။ 
တရုတ်၏ ‘ကံကြမ္မာအကျိုးတူအသိုက်အဝန်း’ တွင် မြန်မာကို တိုးချဲ့လိုက်ခြင်းသည် အရှေ့တောင်အာရှပြည်မကြီးအပေါ် တရုတ်ဩဇာစက်ဝန်း ဖြန့်ကျက်ထားရန် တရုတ်၏ရည်ရွယ်ချက်ကို ထပ်လောင်းပြသလိုက်ခြင်းဖြစ်သည်။ တရုတ်နှင့် အမေရိကန် အင်အားပြိုင်နေချိန် တရုတ်၏ ရပ်ဝန်းနှင့် လမ်းမအစီအစဉ် (BRI) ကို မေးခွန်းထုတ်ခံနေရချိန်၊ အနှောင့်အယှက်နှင့် နောက်တွန့်မှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရချိန်တွင် တရုတ်၏ ဘုံရည်မှန်းချက်အသိုက်အဝန်းကို ချဲ့ထွင်နိုင်ခဲ့ခြင်းသည် တရုတ်အတွက် အလွန်အရေးပါသည်။ တရုတ်သမ္မတ၏ တရားဝင်အလည်အပတ်တွင် တရုတ်-မြန်မာ ကံကြမ္မာအကျိုးတူအသိုက်အဝန်း ကြေညာနိုင်ခဲ့ခြင်းကို မြန်မာက လိုလားစွာ လက်ခံခြင်းသည် တရုတ်သမ္မတခရီး၏ တန်ဖိုးထားရမည့် ရလဒ်ပင်ဖြစ်သည်။

83072312_2625031837544536_9176133748855406592_o.jpg

ဓာတ်ပုံ-သမ္မတရုံး

တကယ်တော့ သမ္မတရှီ၏ မြန်မာနိုင်ငံခရီးသည် နှစ်နိုင်ငံ အပြန်အလှန်ဆက်ဆံရေးအတွက် သက်သက်မကချေ။ ကိုးနှစ်လုံးလုံး ဆက်ဆံရေးနောက်တွန့်နေခဲ့မှု၊ ပြန်လည်ချိန်ညှိနေရမှုတို့နှင့် တုံ့ဆိုင်းနေခဲ့ရာမှ တရုတ်က မြန်မာနိုင်ငံအပေါ်ဩဇာလွှမ်းမိုးမှု ပြန်လည်ရရှိခဲ့ပြီး ထိခိုက်ခံခဲ့ရသော တရုတ်၏ ပုံရိပ်ကို ပြင်ဆင်နိုင်ခဲ့လေပြီ။ တရုတ်သည် မြန်မာအတွက် သွယ်ဝိုက်၍ အကျိုးဖြစ်ထွန်းသော မိတ်ဖက်အဖြစ် ပြန်လာနိုင်ခဲ့ပြီ။ အကူအညီအလိုအပ်ဆုံးအချိန်တွင် ရောက်လာသော မိတ်ဆွေသည်သာ မိတ်ဆွေစစ် မိတ်ဆွေမှန် ဖြစ်သည်ဟူသော အချက်ဖြင့် မြန်မာအစိုးရနှင့် မြန်မာလူထုကို တရုတ်က သတင်းစကားပါးနိုင်ခဲ့သည်။ အမေရိကန်နှင့် အနောက်အုပ်စုနိုင်ငံတို့သည် မယုံကြည်ရ၊ အားမကိုးရ၊ အရှေ့တောင်အာရှအပေါ် တရုတ်၏ ဝင်ရောက်ပျိုးထောင်မှုသည် တစ်ခဏအတွက် မဟုတ်၊ ရေရှည်မဟာဗျူဟာ ကျကျ တစ်သမတ်တည်း လုပ်ကိုင်နေခြင်းဖြစ်ကြောင်း ဒေသတွင်းကိုလည်းကောင်း၊ ကမ္ဘာကိုလည်းကောင်း၊ အချက်ပြလိုက်ခြင်းပင်ဖြစ်သည်။ 
တရုတ်၏ မြန်မာနိုင်ငံအပေါ် ကြည့်မြင်သောအမြင်မှာ ၂၀၁၁ ခုနှစ်ကတည်းက ရပ်ထားခဲ့ရသော မြစ်ဆုံစီမံကိန်းလို ပြည်တွင်းအဟန့်အတားတစ်ခုထက်  ကျော်လွန်ပေသည်။ ယခင်တုန်းကတော့ မြန်မာနိုင်ငံသို့ သမ္မတရှီ လာရေး၊ မလာရေးမှာ မြစ်ဆုံဆည်အဆုံးအဖြတ်အပေါ် မူတည်မည်ဟု ယူဆခဲ့ကြသည်။ဒီညီမျှခြင်းကို သမ္မတရှီ၏ ဤခရီးက ပြောင်းလဲပစ်လိုက်ပြီး တရုတ်နိုင်ငံသည် စီးပွားရေးစီမံကိန်းတစ်ခုအတွက်နဲ့တော့ နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားအဖြစ်မခံတော့ဟု တရုတ်၏ ရေရှည်အကျိုးစီးပွားအမြင်ကို ပြသလိုက်ခြင်းဖြစ်သည်။ 

thuya_zaw-2.jpg

“တရုတ်သမ္မတခရီးစဉ်အတွင်း မြစ်ဆုံစီမံကိန်းရပ်ပေးဖို့ဆန္ဒပြ”/ဓာတ်ပုံ-သူရဇော်

ထိုနည်းတူပင် CMEC အကောင်အထည်ဖော်ရေးတွင် မြန်မာနိုင်ငံမြောက်ပိုင်း၌ တိုင်းရင်းသားလက်နက်ကိုင်တို့၏ တိုက်ခိုက်မှု ပဋိပက္ခကြောင့် အနှောက်အယှက်ဖြစ်နေသည်။ တရုတ်သည် အိန္ဒိယသမုဒ္ဒရာသို့ အရောက် ချီတက်ရေးတွင် တိုင်းရင်းသားတို့၏ ပဋိပက္ခကို အဟန့်အတားအဖြစ်မခံဘဲ CMEC စီမံကိန်းအတွက် တိုးတက်မှုများ ရလာအောင်တွန်းပေးနေသည်။ နယ်စပ်ကုန်သွယ်ရေးဇုန်များဖြင့် မြန်မာ့စီးပွားရေးလှုပ်ရှားနိုးထလာအောင် လုပ်ဆောင်အားပေးနေသလို စင်္ကြံတစ်လျောက်တိုက်ခိုက်မှုများ ထပ်မံဖြစ်ပေါ်နေခြင်းကို ဆက်လက်သည်းခံကြည့်နေတော့မည် မဟုတ်ပေ။ တရုတ်-မြန်မာဆက်ဆံရေး ခေတ်သစ်သည် မြန်မာနိုင်ငံအတွင်းမှပင် အဓိကအဟန့်အတားနှင့် ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံ၏ ရည်မှန်းချက်ကြီးလှသော စီးပွားရေး၊ နိုင်ငံရေးနှင့် မဟာဗျူဟာရေးအစီအစဉ်များ၏ ဖြစ်နိုင်စွမ်းနှင့် လက်တွေ့ကျမှုကို လူနေက သိချင်နေကြသည်။ တရုတ်နှင့် မြန်မာတို့ သံသမန်အဆက်အသွယ်စတင်ထူထောင် စဉ် အခါကတည်းကစ၍ အတက်အကျများရှိခဲ့သည်။ ယေဘုယျပုံစံပြရလျင် မြန်မာနှင့် တရုတ်ဆက်ဆံရေး အကောင်းဆုံးအချိန်များမှာ မြန်မာပြည်တွင်းနိုင်ငံရေးကြောင့် နိုင်ငံတကာ၏ ဝိုင်းပယ်ဆန့်ကျင်မှုခံရချိန်တွင် ဥပမာ – ၁၉၈၈ လူထုအုံကြွမှု၊ ၁၉၉၀ ရွေးကောက်ပွဲ၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး နှင့် လက်ရှိရိုဟင်ဂျာအကြပ်အတည်း ဖြစ်ပွားခဲ့ချိန်များတွင် နှစ်နိုင်ငံဆက်ဆံရေး အကောင်းဆုံးအမြင့်ဆုံးအချိန်ဟုဆိုနိုင်သည်။ သို့သော် တရုတ်က လွှမ်းမိုးဖို့ ကြိုးစားလာပါက နိုင်ငံခြားဆက်ဆံရေးကို ဘက်စုံဖွင့်လိုက်ပြီး ပြိုင်ဘက်တွေကို ဆွဲသွင်းလာတတ်သည်။  မြန်မာ့နိုင်ငံခြားရေးမူဝါဒသည် ကြားနေဝါဒအပေါ် ဗဟိုပြုထားပြီး သံတမန်ဆက်ဆံရေးကို ချိန်ခွင်ညှာမျှအောင် ကြိုးပမ်းသည်။ မြန်မာသည် မည်သည့် ပြင်ပဩဇာလွှမ်းမိုးရန် ကြိုးပမ်းမှုကိုမဆို သံသယစိတ်ဖြင့် အမြဲကြည့်သည်။ ရိုဟင်ဂျာအရေးနှင့် ပတ်သက်၍ အမေရိကန်နှင့် ဆက်ဆံရေး အခက်တွေ့နေစဉ်အချိန်မှာပင် NLD အစိုးရသည် တရုတ်ပြည် ကျောက်ဖြူရေနက်ဆိပ်ကမ်း အကြီးစားစီမံကိန်းကြီးကို စစ်ဆေးရန်အတွက် ဝါရှင်တန်မှ နည်းပညာအကူအညီကို တောင်းခံခဲ့သည်။ တရုတ်က မြန်မာနှင့် ဆက်ဆံရေးကောင်းလာပြီး ဩဇာလွှမ်းရန်အားထုတ်လာပါက တရုတ်ကို တန်ပြန်ဆန့်ကျင်ရန် မြန်မာတို့၏ ဝမ်းတွင်းသန္ဓေပါဆန္ဒအရ တွန်းလှန်ကြလိမ့်မည်။ 

thuya_zaw-6.jpg

ဆန္ဒဖော်ထုတ်သူတွေက တရုတ်သမ္မတဆီအိတ်ဖွင့်ပေးစာတစ်စောင်ပေးဖို့ တရုတ်သံရုံးကိုသွားဖို့ကြိုးစားခဲ့သေးတာပါ။ဓာတ်ပုံ-သူရဇော်

မြန်မာနိုင်ငံ၏ ကြီးထွားဖွံ့ဖြိုးလာနေသော လှုပ်ရှားတက်ကြွနေသည့် အရပ်ဖက်အဖွဲ့အစည်းသည် တရုတ်၏ ခေါင်းပုံဖြတ်မှုကို လိုလိုလားလားငုံ့ခံနေကြဖွယ်ရာ မရှိပေ။ တရုတ်၏ အစီအစဉ်မှာ မှုန်ဝါး၍ အကောင်အထည် မမြင်နိုင်သော်လည်း တရုတ်စီမံကိန်းတွေကတော့ အခိုင်အမာရှိနေသည်။ တရုတ်-မြန်မာစီးပွားရေးစင်္ကြံ အရှိန်ရလာသည်နှင့် သူတို့၏ စီမံကိန်းများကို လူထုနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများက စစ်ဆေးကြမည်၊ စိန်ခေါ်ကြမည်၊ မြန်မာအစိုးရ၏ သဘောတူခွင့်ပြုချက်ရလျှင်သော်မှ လက်တွေ့အကောင်အထည်ဖော်ရာတွင် လူထု၏ သဘောထားနှင့် ဒီမိုကရေစီနည်းကျ လုပ်ငန်းစဉ်များကို ရင်ဆိုင်ရမည်။ ထိုအခက်အခဲများကို ကျော်လွှားရန်မှာ တရုတ်တို့အဖို့ ဒေါ်အောင်ဆန်းစုကြည်ကို နားချရသည်ထက်ပင် ပို၍ခက်ခဲပေလိမ့်မည်။

ဦးကိုကို ဘာသာပြန်သည်။

 

More stories

Related stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.