တောင်ပေါ်လူ့အရိုးစုဂူမှ စွန့်စားခန်းများ

ချင်းပြည်နယ် ရွာ တစ်ရွာက ဒေသခံတွေဟာ ကြွင်းကျန်ရစ်တဲ့ ဘိုးဘွားတွေရဲ့ အရိုးစုတွေကို ကစားစရာ အမှတ်နဲ့ သုံးနေကြပါတယ်။

ဂျော့ရှူဝါ ကာရိုး ရေးသားသည်။

ဓာတ်ပုံ – ရှားလော့ အင်္ဂလန်

အန္တရာယ်များပြီး မတ်စောက်တဲ့ တောင်ပေါ်မှာ ရှိနေတဲ့ ချင်းပြည်နယ်က ပါတေးရွာလေးကတစ်ဆင့် စိမ်းလန်းစိုပြည်တဲ့ တောင်တန်းကြီးတွေကို ငေးမောကြည့်ရှုနိုင်ပြီး တောင်ပေါ်ကတစ်ဆင့် မြေပြင်က လှပတဲ့ လယ်ကွက်တွေကိုလည်း ကြည့်ရှုခံစားနိုင်ပါတယ်။

ရွာရဲ့တောင်စောင်းနေရာတွေမှာ သစ်ပင်တွေ တွယ်ကပ်ပေါက်နေကြပြီး ထူးထူးခြားခြား မြင်တွေ့ခဲ့ရတာက ထူထပ်တဲ့ မြက်ပင်တွေကြားထဲမှာ လူ့အရိုးတွေ၊ ဒါမှမဟုတ် ထိုးထိုးထောင်ထောင် ထွက်နေတဲ့အရိုးတွေ ဖြစ်ပါတယ်။

တောင်ထိပ်မှာ ဂူငယ်လေးတစ်ခုရဲ့ ဝင်ပေါက်ကနေ လျှံထွက်ကျလာပြီး ရှုပ်ပွနေကြတဲ့ အရိုးစုတွေကို မြင်တွေ့ရတယ်။ ပူလောင်နေတဲ့ နေမင်းကြီးရဲ့အောက်မှာတော့ မေးရိုးတွေ၊ တင်ပါးဆုံရိုးတွေ၊ ကျောရိုးတွေ၊ နံရိုးတွေ အပုံလိုက်ပေါ့။

ဒီအရိုးတွေက ဒုတိယကမ္ဘာစစ်ကြီးအပြီးမှာ ပါတေးတရွာလုံး ခရစ်ယာန်ဘာသာကို မကူးပြောင်းခင် လွန်ခဲ့တဲ့ ဆယ်စုနှစ်အထိ ကြွင်းကျန်ရစ်တဲ့ လူ့အရိုးစုတွေ ဖြစ်တယ်လို့ ရွာသားတွေက ပြောပါတယ်။

ရွာသားတွေဟာ ခရစ်ယာန်ဘာသာကို မကူးပြောင်းခင် နတ်ကိုးကွယ်ခဲ့ကြပြီး အဲဒီအချိန်က လူအယောက် ၂၀၀ လောက်ရဲ့ အရိုးစုတွေကို အနားက ဂူသုံးခုနဲ့ တောင်ထိပ်က ဂူအတွင်းမှာ ထားခဲ့ကြတယ်လို့ သိရပါတယ်။ သူတို့ဟာ ချင်းရိုးရာ ဝတ်စုံဆင်မြန်းပေးထားတဲ့ ရုပ်အလောင်းတွေကို တစ်လောင်းအပေါ် တစ်လောင်းထပ်ပြီး ထားခဲ့ကြတာ ဖြစ်ပါတယ်။

ဘယ်အချိန်ကလို့ အတိအကျမဆိုနိုင်ပေမဲ့ တချို့ရွာသားတွေက ကျန်နေခဲ့တဲ့ အရိုးတွေနဲ့တောင် ကစားခဲ့ကြတယ်လို့ သိရတယ်။ ဒါပေမဲ့ ရွာသားတွေ ခရစ်ယာန်ဘာသာကို ကူးပြောင်းသွားတဲ့အချိန်မှာတော့ ရုပ်အလောင်းတွေကို ခရစ်ယာန် သချုႋင်းထဲမှာပဲ မြှုပ်နှံဖြစ်ခဲ့ကြပါတယ်။ ဒါကြောင့် တောင်ထိပ်မှာရှိတဲ့ အရိုးစုတွေဟာ သူတို့ရဲ့ အရေးပါတဲ့ ပုဂ္ဂိုလ်ဆိုတဲ့ အဆင့်အတန်းကို စွန့်လွှတ်ခဲ့ကြရပါတယ်။

“ဂူဆီကို သွားပြီး တို့တတွေ ကစားခဲ့ကြတယ်၊ အချင်းချင်း ခြောက်လှန့်ခဲ့ကြတာပေ့ါ”လို့ ရွာထဲက အသက်ကြီးသူတစ်ဦးက ရုပ်အလောင်းတွေမှာ ဝတ်စုံတွေ ရှိနေဆဲ သူ့ရဲ့ငယ်စဉ်ဘဝက တောင်ထိပ်ပေါ် တက်ဆော့ခဲ့ပုံအကြောင်း ပြန်လည် ပြောပြခဲ့ပါတယ်။

“တို့ သူငယ်ချင်းက အရိုးတွေကို ရိုက်ပြီး ဖုန်တွေ ထလာအောင် လုပ်တာကို ကြည့်ရင်း တို့တွေ  ရယ်မောခဲ့ကြတယ်”လို့ သူက ဆိုပါတယ်။

Viillagers in Chin state say they don’t know who the grisly remains in the bone cave belonged to. (Charlotte England / Frontier)

Viillagers in Chin state say they don’t know who the grisly remains in the bone cave belonged to. (Charlotte England / Frontier)

တချို့ကတော့ ဖြောင့်ဖြောင့်ရှည်ရှည် ပေါင်ရိုးတွေကို ဒရမ်ချောင်းတွေလို သုံးပြီး ကျောက်တုံးကြီးကို ရိုက်ရိုက်ပြီး သံစုံထွက်အောင် တီးခတ်ကြပါတယ်။ သူတို့ရွာမှာ အပျော်ကစားကြတဲ့ နောက်ထပ်နည်းတစ်ခုက ဦးခေါင်းခွံတွေကို တောင်စောင်းကနေ ဘယ်လောက်ဝေးဝေး ရောက်နိုင်မလဲလို့ လှိမ့်ချကြည့်တာဖြစ်ပါတယ်။ ဒါပေမဲ့ ဦးခေါင်းခွံတွေ နည်းလာတဲ့အတွက် ဒီကစားနည်းကလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့တယ်။

မလှမ်းမကမ်းမှာပဲရှိတဲ့ ဖလမ်းမြို့နေ ကျွန်တော်တို့လမ်းညွှန်တွေက ကျောက်တုံးကြီး တစ်တုံးပေါ်မှာ သွားတွေ ဝါနေဆဲဖြစ်တဲ့ မေးရိုးတွေကို လိုင်း နှစ်လိုင်းစီပြီး အပျော်တီးခတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ကိုယ့်ရဲ့ဘိုးဘေးဘီဘင်ရုပ်ကြွင်းကို ဒီလို မပြုမူရဘူးလို့ သတ်မှတ်ထားတဲ့ အသိုင်းအဝိုင်းတစ်ခုအတွက် ဒီပုံစံတွေက ထူးထူးဆန်းဆန်း ဖြစ်နေလိမ့်မယ်လို့ ရွာအကြီးအကဲ ဆလိုင်း လျန်ဆန်း Salai Lian Sang ကဆိုပြီး သူတို့ရဲ့ ဘိုးဘေးတွေက မှတ်တမ်းတွေ မထားခဲ့တဲ့အတွက် ရုပ်ကြွင်းတွေက ဘယ်သူဘယ်ဝါ ဆိုတာကိုလည်း မသိနိုင်ကြဘူးလို့ ဆက်လက်ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့အမြင်မှာတော့ ဒါဟာ အရိုအသေတန်တယ်လို့ ထင်နေရပေမဲ့ သူတို့ကတော့ အဲဒီလိုကို မမြင်ပါဘူး”လို့ ဗြိတိန်နိုင်ငံ ဘတ်တက္ကသိုလ် University of Bath က သေဆုံးမှုနှင့် လူ့အဖွဲ့အစည်း ဗဟိုဌာန Centre for Death and Society တွဲဖက်လုပ်ဆောင်သူ ရှေးဟောင်းသုတေသနပညာရှင် ဒေါက်တာ ဒန်ကင် ဆိုင်ယာ Dr Duncan Sayer က ဆိုပါတယ်။

“ဒါတွေက သူတို့ရဲ့ ဘိုးဘေးတွေပဲ ဖြစ်နေတဲ့အတွက် အဲဒါတွေနဲ့ ဘာလုပ်မလဲဆိုတာ သူတို့ရဲ့ ရွေးချယ်မှုပဲ ဖြစ်ပါလိမ့်မယ်”လို့ ဆိုင်ယာက Frontier နဲ့ တယ်လီဖုန်း အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့လည်း သေဆုံးသူတွေရဲ့ သချုႋင်းပေါ်မှာ ဟိုဟာဒီဟာ တည်ဆောက်ကြတာပဲ မဟုတ်ဘူးလား။ ကျွန်တော်တို့ အဲဒီနေရာတွေပေါ်မှာ မီးရထားလမ်းတွေ ဖောက်တယ်၊ အုတ်ဂူတွေကို ဖောက်ပြီး လေ့လာကြတယ်၊ ဒါက သေဆုံးခဲ့သူတွေကို ပြန်ပြီးလေ့လာတဲ့၊ ပြန်ပြီး ထိတွေ့ဆက်ဆံတဲ့ ကျွန်တော်တို့ရဲ့ နည်းလမ်းပါပဲ။ ကျွန်တော်တို့နည်းလမ်းကတော့ သူတို့လို အပျော်အပါး မပါဘူးပေါ့ဗျာ”လို့ သူက ဆိုပါတယ်။

ခရစ်ယာန်ဘာသာအကြောင်း စကားလမ်းကြောင်း ပြောင်းသွားတဲ့အခါမှာတော့ စစ်ကြိုခေတ်နောက်ပိုင်းက ရွာအကြောင်း ရှေးခေတ်အယူတွေကနေ ခွဲထွက်စေခဲ့တယ်။

“ယဉ်ကျေးမှုက ပြောင်းလဲခဲ့ပါပြီ” လို့ ဆလိုင်းလျန်ဆန်းက ဘုရားကျောင်းနဲ့ အနည်းငယ်လှမ်းတဲ့ သူ့ရဲ့ အိမ်ရှေ့ဆင်ဝင်မှာ တချို့တလေက ဆေးပေါ့လိပ် သောက်နေကြတဲ့ သူငယ်ချင်းတစ်အုပ်နဲ့ ဝိုင်းဖွဲ့ရင်း ပြောပြခဲ့ပါတယ်။

“ခရစ်ယာန်ဘာသာအကြောင်း စကားလမ်းကြောင်းက သူတို့ရဲ့ ဘိုးဘေးတွေအပေါ် ထားရမယ့် စိတ်ထားအကြောင်းကနေ လမ်းလွှဲပေးနိုင်ခဲ့တာ တကယ်အံသြစရာပါပဲ။ တကယ်သာ ဖြစ်ခဲ့ရင် အချိန်တွေ ကြာလာတာနဲ့အမျှ ဒီစကားလမ်းကြောင်းက ဝါကျအဖြတ်အတောက် သင်္ကေတတစ်မျိုးလို သူတို့ကိုယ်တိုင်ရဲ့ သေဆုံးမှုကိုပါ ဘယ်လိုစဉ်းစားမလဲဆိုတာအထိ ပြောင်းသွားမလား စိတ်ဝင်စားဖို့ ကောင်းပါတယ်”လို့ ဆိုင်ယာက ဆက်လက်ပြောကြားခဲ့ပါတယ်။

Viillagers in Chin state say they don’t know who the grisly remains in the bone cave belonged to. (Charlotte England / Frontier)

Viillagers in Chin state say they don’t know who the grisly remains in the bone cave belonged to. (Charlotte England / Frontier)

၁၈၉၉ ခုနှစ်မှာ အမေရိကန် သာသနာပြု အဖွဲ့တွေ ချင်းပြည်နယ်ကို စတင်ရောက်ရှိလာပြီးနောက်  ဆယ်စုနှစ်ပေါင်းများစွာ ကြာကတည်းက ခရစ်ယာန်ဘာသာကို ဒေသခံ တော်တော်များများ ကူးပြောင်းခဲ့ကြပါတယ်။ ရွာတိုင်းလိုလိုမှာ ခရစ်ယာန် ဘုရားရှိခိုးကျောင်းဟောင်းငယ်တွေကို တွေ့နိုင်မှာဖြစ်ပြီး ခရစ်ယာန်ဘာသာဝင်တွေရဲ့ အုတ်ဂူတွေကိုလည်း မြင်တွေ့ရနိုင်ပါတယ်။

လျန်ဆန်းဟာ သူ့ရဲ့ ဘိုးဘေးတွေက ရုပ်အလောင်းတွေကို ဘာလို့ ဂူအတွင်းမှာ ထားခဲ့လဲဆိုတာကို စဉ်းစားမရအောင် ဖြစ်နေပါတယ်။ သူတို့ဟာ သစ်ပင်ကြီးတွေ၊ ကျောက်တုံးကြီးတွေကို ကိုးကွယ်ကြပေမဲ့ ရွာနဲ့ ခပ်ဝေးဝေးမှာ ရှိတဲ့ဂူတွေဟာ အရာဝတ္တုတွေနဲ့ ကင်းရာ၊ ခိုနားရာ နေရာအဖြစ် ရပ်တည်နိုင်တယ်လို့ လျန်းဆန်းက ဆိုပါတယ်။

ခုချိန်မှာ ယဉ်ကျေးမှု အပြောင်းအလဲတွေ ဖြစ်လာခဲ့ပြီ ဆိုပေမဲ့ ရွာရဲ့ ရိုးရာ နတ်ကိုးကွယ်မှု သမိုင်းကြောင်းက သက်ကြီးစကား သက်ငယ်ကြားအနေနဲ့ လူငယ်တွေဆီ ဆင့်ပွားခဲ့ပါတယ်။

လျန်ဆန်းရဲ့ ဖခင်ဟာ သူ့ဘိုးဘေးတွေရဲ့ အသုဘ အခမ်းအနားအကြောင်း သူ့ကို ပြောပြခဲ့ပါတယ်။ “အခမ်းအနားမှာ သူတို့ သီချင်းတွေ ဆိုတယ်၊ ပြီးတော့ သောက်ကြ စားကြ ကကြတယ်”လို့ သူက ပြောပါတယ်။ အသုဘ အခမ်းအနားက သေဆုံးသူရဲ့ နေအိမ်မှာပဲ လုပ်ပြီး လူ ရှစ်ဦးက သစ်သား၊ တိရစ္ဆာန်သားရေတို့နဲ့ ပြုလုပ်ထားတဲ့ ထမ်းစင်နဲ့ ရုပ်အလောင်းကို တောင်ကုန်းပေါ် ထမ်းသွားကြပါတယ်။ ထမ်းသွားစဉ်မှာလည်း ဝမ်းနည်းပူဆွေးသူတွေနဲ့အတူ သူတို့က သီဆို၊ ကခုန်သွားကြတယ်လို့ သိရပါတယ်။

“ရုပ်အလောင်းကို ဂူအတွင်းမှာ ထားပြီးတဲ့အချိန်မှာတော့ သူတို့ဟာ အိမ်ပြန်လာပြီး စားသောက်ကြတော့တာပါပဲ၊ သူတို့ဟာ ဆိတ်သား၊ ဝက်သားတွေ ကောင်းကောင်း စားကြပါတယ်”

ဒီနေ့ ဒီအချိန်မှာတော့ သေဆုံးသူတွေအတွက် အဲဒီတုန်းကလောက်  ပျော်ပျော်ပါးပါး ပို့ဆောင် မသဂြုႋဟ်ပေးနိုင်တော့ဘူးလို့ သူက ထပ်လောင်းပြောပြပါတယ်။ ဒီခေတ်မှာ သောက်စား၊ ကခုန်တာတွေလည်း မရှိကြတော့ပါဘူး။

“အခုအချိန်မှာတော့ ကျွန်တော်တို့အားလုံး သမ္မာကျမ်းစာကို ဖတ်နေကြပါပြီ”လို့ သူက ပြောပါတယ်။

ရဲထွဋ်သိန်း ဘာသာပြန်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.