အမွေအနှစ်များ ထိန်းသိမ်းခြင်း (ဝါ) မြို့ကြီးနှစ်မြို့၏ ဇာတ်ကြောင်း

ရန်ကုန်နှင့် ဟောင်ကောင်သည် အမွေအနှစ်ဆိုင်ရာ အဆောက်အအုံများကို ထိန်းသိမ်းရာတွင် ကွဲပြားခြားနားစွာ ချဉ်းကပ်ခဲ့ကြသည်။ သို့သော် မြို့ကြီးနှစ်မြို့စလုံးမှ ကျွမ်းကျင်ပညာရှင်များက ထိန်းသိမ်းခြင်းနှင့် ဖွံ့ဖြိုးစေခြင်းကို တပြိုင်တည်း လုပ်ဆောင်ရမည်ဟု သဘောတူကြသည်။

နာတလီ ဝေါင်း ရေးသားသည်။

မြန်မာနိုင်ငံတွင် အင်္ဂလိပ်အုပ်ချုပ်စဉ်က ကျန်ရှိခဲ့သော အမွေအနှစ် အဆောက်အအုံများသည် ရန်ကုန်မြို့လယ်တွင် ကိုလိုနီခေတ်ကတည်းက ရှိခဲ့သည့် ဥရောပဒီဇိုင်း အဆောက်အအုံများ ဖြစ်သည်။

၁၉၉၇ ခုနှစ်တွင် တရုတ်ပြည်သို့ ပြန်လည်လွှဲပြောင်းပေးခဲ့သော ယခင်အင်္ဂလိပ် ကိုလိုနီဖြစ်ခဲ့သည့် ဟောင်ကောင်မြို့သည် ရန်ကုန်မြို့နှင့် မတူပေ။

ဟောင်ကောင်မြို့မှ အမွေအနှစ် အဆောက်အအုံများကို ပြန်လည်ဖွံ့ဖြိုးစေရေး စီမံကိန်းများအတွက် ဖြိုချဖျက်ဆီးလိုက်ပြီ ဖြစ်သည်။ ဟောင်ကောင်မြို့သည် ကမ္ဘာပေါ်တွင် မြေယာဈေးနှုန်း အမြင့်မားဆုံးများထဲ၌ ပါဝင်သည်။

ဟောင်ကောင်၏ အပန်းဖြေနှင့် ယဉ်ကျေးမှုဆိုင်ရာ ဝန်ဆောင်မှုဌာန Leisure and Cultural Services Department  လက်အောက်ရှိ ရှေးဟောင်းနှင့် အထိမ်းအမှတ် အဆောက်အအုံများရုံး Antiques and Monuments Office သည် သမိုင်းဝင် အဆောက်အအုံများကို ထိန်းသိမ်းရန် တာဝန်ရှိသော အဖွဲ့အစည်း ဖြစ်သည်။

ထိုရုံးက မှတ်ပုံတင်ပေးထားသော ဟောင်ကောင်မြို့ရှိ သမိုင်းဝင် အဆောက်အအုံ ၁,၄၄၄ ခုကို အဆင့် လေး ဆင့်ဖြင့် ခွဲခြားထားသည်။ ယင်းတို့ထဲမှ သမိုင်းတန်ဖိုးအရှိဆုံး အဆောက်အအုံသည်သာ ဆက်လက် ထိန်းသိမ်းနိုင်ရန် အစိုးရ၏ ရန်ပုံငွေကို ရရှိသည်။ သို့ဖြင့် ကျန်အဆောက်အအုံများကို အဆင့် ၁၊ ၂၊ ၃ စသည်ဖြင့် သတ်မှတ်ထားသည်။

ဓာတ်ပုံ - အန်းဝမ်

ဓာတ်ပုံ – အန်းဝမ်

ဟောင်ကောင်မြို့၏ အမွေအနှစ်များကို ထိန်းသိမ်းရန် တာဝန်ရှိသူများ၏ ကြိုးပမ်းအားထုတ်မှုသည် မထိရောက်ကြောင်း ရှေးဟောင်း အမွေအနှစ် ထိန်းသိမ်းရေး ပညာရှင်များက ဆိုသည်။

“လက်ရှိ အဆင့်သတ်မှတ်ပုံက ပြောင်းပြန်ဖြစ်နေတယ်။ ပွင့်လင်းမြင်သာမှုလည်း မရှိဘူး” ဟု အကျိုးအမြတ် မယူသည့် အဖွဲ့အစည်း တစ်ခုဖြစ်သော ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေးဆိုင်ရာ ဗဟိုဌာန  Conservancy Association Centre for Heritage (CACHe) ၏ ဆက်သွယ်ရေး မန်နေဂျာ မစ္စတာ ဟေဒီ ဝေါင်း Mr Hedy Wong က ပြောကြားသည်။ ယင်းအဖွဲ့အစည်းသည် ဟောင်ကောင်တွင် ယဉ်ကျေးမှုနှင့် အမွေအနှစ် ထိန်းသိမ်းရေး လုပ်ငန်းများကို လုပ်ဆောင်နေခြင်း ဖြစ်သည်။ “သမိုင်းဝင် အဆောက်အအုံတွေကို အဆင့်သတ်မှတ်ထားပေမဲ့ ဒါတွေကို ဥပဒေနဲ့ ကာကွယ်ပေးမထားပါဘူး” ဟု ၎င်းက ဆိုသည်။

မကြာသေးမီနှစ်များက ဟောင်ကောင်အစိုးရသည် သမိုင်းဝင် အဆောက်အအုံများကို ပုဂ္ဂလိက ကဏ္ဍများနှင့် ပူးပေါင်းပြီး ပြန်လည်အားဖြည့်ရန် အစီအစဉ်များ ချမှတ်ဆောင်ရွက်ခဲ့သည်။ ယင်းတို့ထဲတွင် လမ်မာ ကျွန်း Lamma Island ပေါ်ရှိ တယ်အို Tai O ရွာတွင်ရှိသော ရဲစခန်းဟောင်းကြီး တစ်ခုလည်း ပါဝင်သည်။ ယင်းသည် အဆင့် ၂ သတ်မှတ်ခံရသော သမိုင်းဝင် အဆောက်အအုံ ဖြစ်သည်။

ထိုအစီအစဉ်ဖြင့် ရဲစခန်းဟောင်းကြီးကို ဟိုတယ် တစ်ခု အသွင်ပြောင်းကာ ဒေသခံများ၏ အကျိုးစီးပွားကို ဖြည့်ဆည်းပေးမည့် အစီအစဉ်များကို လုပ်ဆောင်ပေးသည်။ ထိုဟိုတယ်သည် ၂၀၁၃ ခုနှစ်တွင် ယူနက်စကို UNESCO ၏ အာရှ-ပစ္စိဖိတ် ယဉ်ကျေးမှု အမွေအနှစ် ဆုများ Asia Pacific Cultural Heritage Awards ထဲမှ အရည်အသွေးကောင်းဆုကို ရရှိခဲ့သည်။

ဟောင်ကောင်ကျွန်း၊ ဝမ်ချိုင်းရှိ ၁၉၂၀ ပြည့်နှစ်များ၌ ဆောက်လုပ်ခဲ့သော လေသာဆောင်ထုတ် လူနေခန်းများပါဝင်သည့် လေးထပ်အဆောက်အအုံကြီးကို ယင်း၏ တောက်ပသော အပြာရောင် အရောင်အသွေးကြောင့် ဘလူးဟောက်စ်ဟု လူသိများသည်။ ယင်းနှင့် ဘေးပတ်ဝန်းကျင်ရှိ နေအိမ်တိုက်ခန်းများကိုလည်း ပြန်လည်အားဖြည့်သည့် ယင်းအစီအစဉ်ဖြင့် ပြုပြင်ထိန်းသိမ်းပေးလျက်ရှိသည်။ 

ဟောင်ကောင်ကျွန်းရှိ ကိုလိုနီခေတ် ရဲဌာနချုပ် အဆောက်အအုံကို တွေ့ရစဉ်။ ဓာတ်ပုံ - ဖိလစ် လိုပက်ဇ်/ အေအက်ဖ်ပီ

ဟောင်ကောင်ကျွန်းရှိ ကိုလိုနီခေတ် ရဲဌာနချုပ် အဆောက်အအုံကို တွေ့ရစဉ်။ ဓာတ်ပုံ – ဖိလစ် လိုပက်ဇ်/ အေအက်ဖ်ပီ

ဘလူးဟောက်စ်သည် အဆင့် ၁ စာရင်းဝင် သမိုင်းဝင် အဆောက်အအုံ ဖြစ်သည်။ CACHe အဖွဲ့အစည်းမှ မစ္စတာ ဝေါင်၏ အဆိုအရ ယင်းသည် ဟောင်ကောင်တွင် လုပ်ဆောင်သော အမွေအနှစ် ထိန်းသိမ်းခြင်းများ၏ ဥပမာကောင်းတစ်ခု ဖြစ်သည်ဟု သိရသည်။ အဘယ့်ကြောင့်ဆိုသော် ယင်း၏ ဒေသခံများကို ထိုနေရာတွင် နေထိုင်ခွင့်ပြုထားသေးသောကြောင့် ဖြစ်သည်။ ထိုအဆောက်အအုံ၏ အခန်းများကို အဆင့်မြှင့်တင်ပေးခဲ့ပြီး ထိုအစီအစဉ်ဖြင့် ဒေသတွင်းမှ လူမှုအဖွဲ့အစည်း ကွန်ရက်များကိုလည်း ပိုမိုချိတ်ဆက်မိနိုင်သည်ဟု သူက ဆိုသည်။

မစ္စတာ ဝေါင်က အမွေအနှစ်များကို ပြန်လည်အားဖြည့်ပေးသော ယင်းအစီအစဉ်သည် အကောင်းဘက်ကို သွားသော အစီအစဉ်တစ်ခု ဖြစ်ကြောင်း၊ သို့ရာတွင် အမွေအနှစ် အဆောက်အအုံ ထိန်းသိမ်းမှုတွင် ထိရောက်သည်၊ မရောက်သည်ဆိုသည်မှာ ထိုအဆောက်အအုံများ၏ လည်ပတ်လုပ်ဆောင်သော စနစ်ပေါ်တွင် မူတည်ကြောင်း ဆိုသည်။

ထိုအစီအစဉ်ဖြင့် အမွေအနှစ် အဆောက်အအုံများကို ဒေသခံများ နေထိုင်နိုင်သော နေရာများအဖြစ်၊ သို့မဟုတ် စီးပွားရေးအရ အသုံးချသော နေရာများအဖြစ် အသွင်ပြောင်းပေးလိုက်သည်။ ၂၀၀၇ ခုနှစ်တွင် ဘလူးဟောက်စ်၏ မြေညီထပ်တွင် ဖွင့်လှစ်ခဲ့သော ဟောင်ကောင်ဇာတ်လမ်းအိမ် Hong Kong House of Stories ပြတိုက်သည် လူ့အဖွဲ့အစည်းအတွင်း ယဉ်ကျေးမှု ထိန်းသိမ်းခြင်းများကို လုပ်ဆောင်ပေးပြီး ပြပွဲများ၊ အလုပ်ရ ဆွေးနွေးပွဲများနှင့် ခရီးသွားလုပ်ငန်းများကို စီစဉ်ပေးလျက်ရှိသည်။

သို့သော် တယ်အိုရွာရှိ ရဲစခန်းဟောင်းနှင့် ဘလူးဟောက်စ်တို့သည် ဟောင်ကောင်ရှိ အနည်းငယ်မျှသော အောင်မြင်သည့် အမွေအနှစ် ထိန်းသိမ်းရေး လုပ်ငန်းများဖြစ်သည်ဟု ဒေသခံ ကျွမ်းကျင်သူပညာရှင်များက ဆိုသည်။ ဘလူးဟောက်စ်နှင့်အတူ ခရိုင်တစ်ခုတည်းရှိ Lee Tung Street လမ်းသည်လည်း မင်္ဂလာဆောင် ဖိတ်စာလမ်း Wedding Card Street ဟု လူသိများသည်။ အဘယ့်ကြောင့်ဆိုသော် ထိုလမ်းမှ ပုံနှိပ်တိုက်များသည် မင်္ဂလာဆောင် ဖိတ်စာများ လုပ်ဆောင်ပေးရာတွင် နာမည်ကြီးသောကြောင့် ဖြစ်သည်။

ထိုလမ်းကို ၂၀၀၇ ခုနှစ်တွင် ဖြိုချရှင်းလင်းခဲ့ပြီး ဇိမ်ခံအိမ်ရာကောင်းကြီးများနှင့် လီတုံရိပ်သာ Lee Tung Avenue ဟုခေါ်သော ရှော့ပင်စင်တာကြီးများ ဖွင့်လှစ်ပြီး အစားထိုးခဲ့သည်။ ထိုနေရာတွင် အများစုမှာ အဆင့်မြင့် ရှော့ပင်စင်တာဆိုင်စုကြီးများဖြင့် အစားထိုးခြင်း ဖြစ်ပြီး ထိုလမ်းတွင် မင်္ဂလာဆောင်ဖိတ်စာ ရိုက်သော ပုံနှိပ်လုပ်ငန်းတစ်ခုမျှ မရှိတော့ပေ။ 

ဗဟိုတရားရုံးအဆောက်အအုံကို ပန်းဆိုးတန်းဘက်မှ တွေ့ရစဉ်။ ဓာတ်ပုံ - အန်းဝမ်

ဗဟိုတရားရုံးအဆောက်အအုံကို ပန်းဆိုးတန်းဘက်မှ တွေ့ရစဉ်။ ဓာတ်ပုံ – အန်းဝမ်

“အရင်ရှိခဲ့တဲ့ ရှုခင်းမျိုးတွေ၊ လူ့အဖွဲ့အစည်း ကွန်ရက်တွေ၊ ပုံနှိပ်လုပ်ငန်း လုပ်ကိုင်တဲ့ ဓလေ့တွေ တစ်ခုမျှ မရှိတော့ပါဘူး။ အကုန်လုံးကို ဖျက်ဆီးပစ်လိုက်ပါပြီ” ဟု Wong က ပြောကြားသည်။ လွန်ခဲ့သော ၁၀ နှစ်အတွင်း တွေ့ကြုံခဲ့ရသောအရာများကို ဆန်းစစ်ကြည့်လျှင် ဟောင်ကောင်တွင် ဖွံ့ဖြိုးရေးလုပ်ဆောင်မှုနှင့် အမွေအနှစ် ထိန်းသိမ်းမှုကြားတွင် ကောင်းမွန်သော မျှခြေတစ်ခု မရှိဘူးဆိုသည်ကို သိရှိနိုင်သည်ဟု သူက ဆိုသည်။

မြန်မာနိုင်ငံသည် ဟောင်ကောင်မှတဆင့် မည်သည်များကို သင်ခန်းစာ ယူနိုင်မည်နည်း။

“အများပြည်သူကို အသိပညာပေးတာတွေ လုပ်ဆောင်ဖို့က အရေးကြီးပါတယ်။ ဆုံးဖြတ်ချက်တွေကို ကျွမ်းကျင်သူတွေကသာ ချမှတ်ရမယ်ဆိုတဲ့ ယူဆချက်မျိုးကို ဖယ်ရှားရပါလိမ့်မယ်။ ထိတွေ့ကိုင်တွယ်နိုင်ခြင်း မရှိတဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေကိုလည်း ထိန်းသိမ်းဖို့ လိုပါလိမ့်မယ်။

“သာမန်ပြည်သူတွေ မပါဝင်တဲ့ အမွေအနှစ် ပြန်လည်အားဖြည့်ရေး စီမံကိန်းတွေ၊ သမိုင်းတန်ဖိုးကို ထိန်းသိမ်းခြင်းမရှိတဲ့ ထိန်းသိမ်းရေး စီမံကိန်းတွေဟာ အနှစ်သာရ မဲ့နေမှာ ဖြစ်ပါတယ်” ဟု မစ္စတာ ဝေါင်က ပြောကြားသည်။

ရန်ကုန်တွင် အဆောက်အအုံဆိုင်ရာ အမွေအနှစ်များ အများအပြား ရှိနေရသည့် အကြောင်းရင်းတစ်ခုမှာ ယင်းသည် ကိုလိုနီခေတ်က ဒေသတွင်းတွင် အဖွံ့ဖြိုးဆုံး မြို့တစ်မြို့ ဖြစ်ခဲ့သောကြောင့် ဖြစ်သည်။ စစ်အစိုးရ လက်ထက်တွင် စီးပွားရေးဆိုင်ရာ လုပ်ဆောင်မှုများ ညံ့ဖျင်းခဲ့သောကြောင့် နိုင်ငံသည် ဆင်းရဲသော နိုင်ငံအဖြစ် ရောက်ရှိခဲ့သည့်ပြင် စီးပွားရေး မဖွံ့ဖြိုးမှုကြောင့် သမိုင်းဝင် အဆောက်အအုံများသည် မူလအတိုင်း မပြုမပြင်  တည်ရှိနေနိုင်ခဲ့သည်။

၂၀၁၄ ခုနှစ်တွင် နယူးယော့ခ်အခြေစိုက် အကျိုးအမြတ် မယူသည့် အဖွဲ့အစည်းဖြစ်သည့် ကမ္ဘာ့အထိမ်းအမှတ် အဆောက်အအုံများ ရန်ပုံငွေအဖွဲ့ World Monuments Fund သည် ရန်ကုန်မြို့လယ် တစ်ခွင်လုံးကို ယင်း၏ ကမ္ဘာ့အထိမ်းအမှတ် အဆောက်အအုံများ ခြောက်လတစ်ကြိမ် စောင့်ကြည့်စာရင်း Biannual World Monuments Watch တွင် ထည့်သွင်းကာ ရန်ကုန်မြို့၏ အဆောက်အအုံဆိုင်ရာ အမွေအနှစ်များကို အသိအမှတ် ပြုပေးခဲ့သည်။

၂၀၀၁ ခုနှစ်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ YCDC သည် ယဉ်ကျေးမှုအမွေအနှစ် အဆောက်အအုံစာရင်းကို ထုတ်ပြန်ပေးခဲ့ပြီး အဆောက်အအုံ ၁၉၀ ခန့်ကို ယဉ်ကျေးမှုအမွေအနှစ် အဆောက်အအုံများအဖြစ် သတ်မှတ်ပေးခဲ့သည်။ ယင်းတို့ထဲတွင် ကိုလိုနီခေတ်အတွင်း ရွှေတိဂုံစေတီ ပရဝုဏ်နှင့် အခြား ဗုဒ္ဓဘာသာ ဝတ္တကမြေနေရာတို့၌ ဆောက်လုပ်ခဲ့သော အဆောက်အအုံများ၊ အစိုးရရုံးများ၊ ခရစ်ယာန် ဘုရားရှိခိုးကျောင်းများ၊ စာသင်ကျောင်းများနှင့် တခြားအဆောက်အအုံများ ပါဝင်ခဲ့သည်။

ကိုလိုနီခေတ်မှ အဆောက်အအုံ နမူနာများကို ပြသရမည်ဆိုလျှင် အတွင်းဝန်ရုံး၊ စထရင်း ဟိုတယ်၊ မြို့တော်ခန်းမနှင့် တရားရုံးချုပ်တို့ ဖြစ်ကြသည်။ ယင်းတို့အားလုံးသည် ရန်ကုန်မြို့လယ်တွင် လမ်းလျှောက်သွားနိုင်သော အကွာအဝေး၌ ရှိကြသည်။

ဓာတ်ပုံ - အန်းဝမ်

ဓာတ်ပုံ – အန်းဝမ်

“နေရာ တစ်နေရာတည်းမှာ အမွေအနှစ် အဆောက်အအုံတွေ စုစည်းတည်ရှိနေတာက တန်ဖိုးမဖြတ်နိုင်တဲ့ အရာပါ” ဟု ရန်ကုန် ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့ဖြစ်သော Yangon Heritage Trust ၏ ဒါရိုက်တာဖြစ်သူ ဒေါ်မိုးမိုးလွင်က ပြောကြားသည်။ ယင်းအဖွဲ့ကို ၂၀၁၂ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ယင်းက ရန်ကုန်မြို့၏ သမိုင်းဝင် အဆောက်အအုံများ ထိန်းသိမ်းရာတွင် အထောက်အပံ့ ပေးလျက်ရှိသည်။

ယင်းအဖွဲ့သည် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့်အတူ မူဝါဒများ ချမှတ်ခြင်းနှင့် ပြုပြင်မွမ်းမံခြင်းများ လုပ်ဆောင်ရာတွင် အကူအညီ ပေးနေသည့်အပြင် အကြံဉာဏ်ပေးသော လုပ်ငန်းများနှင့် အမွေအနှစ် ထိန်းသိမ်းခြင်း၏ အရေးပါပုံကို ပြည်သူများသိရှိစေရန် ပညာပေးသည့် လုပ်ငန်းများကိုလည်း လုပ်ဆောင်ပေးလျက်ရှိသည်။

ရန်ကုန် ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့နှင့် တားကွစ်မောင်းတိန်း မြန်မာ Turquoise Mountain Myanmar အင်န်ဂျီအိုအဖွဲ့တို့သည် ကုန်သည်လမ်း၊ အမှတ် ၄၉၁-၅၀၁ အဆောက်အအုံကို နိုင်ငံတကာ အဆင့်မီ ထိန်းသိမ်းပြုပြင်ရန် ပူးတွဲဆောင်ရွက်ကြလျက်ရှိသည်။ ပြုပြင်မှုလုပ်ငန်းများ ပြီးစီးပါက မူလနေထိုင်သူများ အဆောက်အအုံ၌ ပြန်လည်နေထိုင်ကြမည် ဖြစ်သည်။

“ဒါက ရုပ်ဝတ္တုပိုင်းဆိုင်ရာ ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်း ဘယ်လို ဘယ်ပုံဆိုတာ အများပြည်သူကို ပြသဖို့ သရုပ်ဖော် လုပ်ဆောင်ပြတဲ့ လုပ်ငန်းသာ ဖြစ်ပါတယ်” ဟု တားကွစ်မောင်းတိန်း မြန်မာမှ ဒါရိုက်တာ မစ္စတာ ဟယ်ရီ ဝါ့ဒီက ပြောသည်။

ကနေဒါအစိုးရထံမှ ထောက်ပံ့ငွေရယူသော အဆိုပါ စီမံကိန်း၏ လက်တွေ့လုပ်ငန်းခွင်နှင့် အလုပ်ရုံဆွေးနွေးပွဲ၌ လူ ၂၅၀ ခန့်အား ပြုပြင်ထိန်းသိမ်းမှုဆိုင်ရာ ကျွမ်းကျင်မှုအတတ်ပညာကို ပို့ချပေးခဲ့သည်။ ချီကာဂိုမြို့အခြေစိုက် ဆင်းရဲသား အထောက်အပံံပေးရေးအဖွဲ့ ဖြစ်သော အယ်ဖာဝုဒ် ဖောင်ဒေးရှင်းကလည်း ဆန်ဖရန်စစ်စကိုမြို့ အခြေစိုက် အကျိုးအမြတ်မယူသည့် ကမ္ဘာ့ ရှေးဟောင်းအမွေအနှစ် ရန်ပုံငွေအဖွဲ့မှတဆင့် ထောက်ပံ့ကူညီခဲ့သည်။

ဓာတ်ပုံ - အန်းဝမ်

ဓာတ်ပုံ – အန်းဝမ်

ယင်းစီမံကိန်းလုပ်ငန်း၏ ရည်မှန်းချက် တစ်ရပ်မှာ တည်ဆောက်ရေးနှင့် ထိန်းသိမ်းရေးလုပ်ငန်းတို့သည် မကွဲမပြား ယှဉ်တွဲရှိနေကြောင်း ပြသရန် ဖြစ်သည်။

မစ္စတာ ဝါ့ဒီက “ဘာမှ အသုံးမပြုတဲ့ အဆောက်အအုံနဲ့ နည်းနည်းပဲ သုံးတဲ့ အဆောက်အအုံကို ပြုပြင်ထိန်းသိမ်းရတာ ဘာမှ အဓိပ္ပာယ် မရှိပါဘူး။ ဒီအဆောက်အအုံကို တကယ်တမ်း ပြည့်ပြည့်ဝဝ အသုံးပြုရပါမယ်” ဟု ဆိုသည်။

“ရန်ကုန်မှာ အဆောက်အအုံသစ်တွေ မဆောက်ရဘူးလို့ ဘယ်သူမှ မပြောပါဘူး။ အဓိကအချက်က ဒီဇိုင်း အရည်အသွေးနဲ့ ဆောက်လုပ်မှု အရည်အသွေးပါပဲ” ဟု ၎င်းက ပြောသည်။

ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေးဆိုင်ရာ ဗဟိုဌာန CACHe မှ မစ္စတာ ဝေါင်က ပြုပြင်မွမ်းမံမှုနှင့် တည်ဆောက်မှုအကြားမှာ မျှခြေတစ်ခု ရှိနိုင်ပါသည်ဟု အခိုင်အမာ ဆိုပါသည်။

 “တကယ်လို့သာ တည်ဆောက်မှုက မြို့တော်တစ်ခုရဲ့ အလားအလာကောင်း ဖြစ်ပေါ်စေတယ်လို့ အဓိပ္ပာယ် သက်ရောက်ရင် ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းမှုဆိုတာကလည်း တကယ်တော့ ဦးတည်ချက်ချင်း တူပါတယ်” ဟု ၎င်းက ပြောသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.