မြန်မာ ဂိမ်းထုတ်လုပ်သူများ ရှေ့ဆက်ရမည့် ခြေလှမ်း

မိုဘိုင်းဖုန်းအသုံးပြုသူ ပိုမိုများပြားလာသလို အင်တာနက်ချိတ်ဆက်မှုများလည်း ပိုမိုကောင်းမွန်လာသည့်အချိန်တွင် ပြည်တွင်းသုံးဆွဲသူများအတွက် ရည်ရွယ်သည့် မိုဘိုင်းအပလီကေးရှင်းများ လိုအပ်နေခြင်းကို မြန်မာဂိမ်းထုတ်လုပ်သူများက ဖြည့်ဆည်းပေးရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြသည်။

Sing Lee ရေးသားသည်။

မြန်မာမိုဘိုင်းဈေးကွက် စတင်ပွင့်လန်းလာအပြီး ၃ နှစ်အကြာတွင် ဈေးကွက်နှေးကွေးသွားမည့် အလားအလာ မတွေ့ရပေ။ ၂၀၁၆ ခုနှစ်ကုန်တွင် မြန်မာနိုင်ငံ၌ အင်တာနက် အသုံးပြုသူ ၁၄ သန်းခန့် ရှိခဲ့သည်။ ၎င်းမှာ ယခင်တစ်နှစ်ကထက် ၉၇ ရာခိုင်နှုန်း တိုးတက်လာခြင်း ဖြစ်သည်ဟု We Are Social and Hootsuite ဟုခေါ်ဆိုသော လူမှုကွန်ယက် ဈေးကွက်ရှာဖွေရေး ကုပ္မဏီက ၂၀၁၇ ခုနှစ်တွင် ထုတ်ပြန်သော Digital အစီရင်ခံစာတွင် ဖော်ပြထားသည်။ ၎င်းတို့အနက် ၁၃ သန်းသည် လူမှုကွန်ယက်ကို ပုံမှန်အသုံးပြုနေသူများ ဖြစ်ကြသည်ဟု ဆိုသည်။

အင်တာနက် အသုံးပြုမှုက ပိုမိုတိုးတက်လာမည့် အလားအလာ ရှိနေသည်။ မြန်မာနိုင်ငံတွင် မိုဘိုင်းဆင်းကဒ် မှတ်ပုံတင်ထားသူ ၅၀ ဒသမ ၃ သန်းရှိပြီး ၎င်းတို့ထဲမှ ၅၅ ရာခိုင်နှုန်းသည် 3G နှင့် 4G ကွန်ယက်များကို အသုံးပြုနေခြင်း ဖြစ်သည်။

သို့သော် အဓိက ပြသနာတစ်ခုမှာ မိုဘိုင်းအခြေပြုထုတ်ကုန်များနှင့် ပြည်တွင်းအသုံးပြုသူများအတွက် ရည်ရွယ်ထားသော အက်ပလီကေးရှင်းများ မရှိခြင်းဖြစ်သည်ဟု MySQUAR ၏ လုပ်ငန်းလည်ပတ်ရေး အရာရှိချုပ် (Chief Operating Officer) ဖြစ်သူ Mr. Pham Dang Hung က ပြောကြားသည်။

လန်ဒန်စတော့အိတ်ချိန်း စာရင်းဝင် နည်းပညာကုပ္မဏီဖြစ်သော MySQUAR က ထိုလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် ကြိုးပမ်းလျှက်ရှိသည်။ ၎င်းတို့က အက်ပလီကေးရှင်းများနှင့် ဂိမ်းများကို ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ၌ စတင် ထုတ်ဝေခဲ့သည်။ မြန်မာနိုင်ငံတွင် ထုတ်လုပ်သော အက်ပလီကေးရှင်းများအပြင် နိုင်ငံတကာမှ အပလီကေးရှင်းများကို ပြည်တွင်းအသုံးပြုနိုင်ရန် Localization ပြုလုပ်ထားခြင်းများလည်း ပါဝင်သည်။

MySQUAR သည် မြန်မာနိုင်ငံ၏ ဈေးကွက်တွင် ပုံအောလုပ်ဆောင်လျှက်ရှိသည်။ MySQUAR အနေဖြင့် နောက်လာမည့် ၃ နှစ်အတွက် အာရုံစိုက်ထားသည်ဟု Pham က ပြောကြားသည်။

“လာမယ့် ဆယ်စုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ မိုဘိုင်းဈေးကွက် ဆက်လက်တိုးတက်မှုအပေါ် ကျွန်တော်တို့ အကောင်းမြင်ထားပါတယ်” ဟု ၎င်းကပြောသည်။

photo1.jpg

MySQUAR ၏ လုပ်ငန်းလည်ပတ်ရေး အရာရှိချုပ် (Chief Operating Officer) ဖြစ်သူ Mr. Pham Dang Hung။ ဓာတ်ပုံ-သိမ့်မွန်စိုး (J)

မြန်မာနိုင်ငံအတွက် ရည်ရွယ်ထုတ်လုပ်ထားသော အပလီကေးရှင်းများ နည်းပါးနေသေးခြင်းက ပြည်တွင်းနှင့် နိုင်ငံတကာမှ ဂိမ်းထုတ်လုပ်သူများအတွက် အခွင့်အလမ်းကောင်းတစ်ခု ဖြစ်သည်။ MySQUAR ကဲ့သို့ပင် နိုင်ငံတကာနှင့် ပြည်တွင်းမှ နည်းပညာကုမ္ပဏီများကလည်း မြန်မာနိုင်ငံ၏ ဈေးကွက်တွင် တိုးတက်လာမည့် အလားအလာကို ကြိုမြင်နေကြသည်။ လာမည့်နှစ်များအတွင်းတွင် ပိုမိုပြင်းထန်သော ပြိုင်ဆိုင်မှုများကိုလည်း မြင်တွေ့ရနိုင်သည်။

လွန်ခဲ့သော ၅ နှစ်ကဆိုလျှင် ကိုအေးမောင်မောင်ကြည်သည် စင်ကာပူတွင် နေထိုင်သည့် လူသိနည်းသော ဆော့ဖ်ဝဲလ်အင်ဂျင်နီယာတစ်ဦးမျှသာ ဖြစ်သည်။

သူက အားလပ်ချိန်များတွင် Shan Koe Mee (ရှမ်းကိုးမီး) ဂိမ်းကို ဖန်တီးခဲ့ပြီး Facebook ပေါ်တွင် ဖြန့်ဝေခဲ့သည်။ မြန်မာနိုင်ငံမှာ ရေပန်းစားသော ဖဲဂိမ်းကို ဒစ်ဂျစ်တယ်အသွင်ပြောင်းထားခြင်းလည်း ဖြစ်သည်။ ၎င်းဂိမ်းမှာ ချက်ချင်းပင် ပေါက်သွားခဲ့ပြီး နှစ်ပတ်အတွင်းမှာပင် ကစားသူ ၁၀,၀၀၀ ကျော်အထိ ရှိသွားခဲ့သည်။ ထိုအချိန်က ပြည်တွင်းတွင် မိုဘိုင်းဖုန်းဆင်းကဒ်တစ်ခုသည် ဒေါ်လာ ထောင်ချီ၊ ရာချီတန်နေသော အချိန်ကာလလည်း ဖြစ်သည်။

ထိုအချိန်မှာပင် မြန်မာနိုင်ငံ၌ အွန်လိုင်းဂိမ်းများအတွက် အလားအလာကောင်းများရှိနေကြောင်း ကိုအေးမောင်မောင်ကြည် သိရှိသွားခဲ့သည်။

ထို့နောက် စင်ကာပူရှိ သူ၏ အလုပ်မှထွက်ပြီး မြန်မာနိုင်ငံသို့ ပြန်လာကာ မိုဘိုင်းဂိမ်းများ ထုတ်လုပ်သော Studio AMK ကို ၂၀၁၃ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ သူသည် Studio AMK ၏ အမှုဆောင်အရာရှိချုပ်လည်း ဖြစ်သည်။

“Facebook က ရှမ်းကိုးမီးဂိမ်းကနေပြီး မြန်မာနိုင်ငံမှာ ဂိမ်းများ ထုတ်လုပ်ဖို့ အလားအလာကောင်းတွေ ရှိတယ်ဆိုတာ ကျွန်တော်သိခဲ့ရတယ်။ game developer တစ်ယောက်အဖြစ် အသက်မွေးဝမ်းကြောင်းနိုင်မယ် ဆိုတာကို ကျွန်တော့်မိဘတွေက မယုံကြည်ကြဘူး။ ဒါပေမဲ့ ကျွန်တော်က ဂိမ်းထုတ်လုပ်တဲ့အလုပ်ကို ဆက်လုပ်ခဲ့တယ်” ဟု ၎င်းက ပြောသည်။

ပြည်တွင်းရှိ နောက်ထပ် ဂိမ်းစတူဒီယိုတစ်ခုမှာ Joy Dash ဖြစ်သည်။ ၎င်းတို့သည် ပညာပေး အပလီကေးရှင်းများကို အဓိက ထုတ်လုပ်နေသည်။ လက်ရှိတွင် ပထမတန်းကျောင်းသားများ သင်ယူရသော ဘာသာရပ် ၄ ခုအတွက် အပလီကေးရှင်းများ ထုတ်လုပ်ပေးထားသည်။ ၎င်းတို့က မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းသားများ အားလုံးအတွက် ဘာသာရပ်နှင့်ဆိုင်သော အပလီကေးရှင်း ၄၄ ခုအထိ ထုတ်လုပ်သွားရန် ရည်ရွယ်ထားသည်။

Joy Dash ကို တည်ထောင်သူလည်းဖြစ်၊ နည်းပညာအရာရှိချုပ် (chief technology officer) လည်းဖြစ်သူ ကိုသက်နိုင်ဆွေက Joy Dash သည် မြန်မာနိုင်ငံတွင် တစ်ခုတည်းသော ပညာပေး game developer ကုမ္ပဏီဖြစ်သည်ဟု ဆိုသည်။

ကုမ္ပဏီကို မတည်ထောင်မီတွင် သူက ယူနိုက်တက်ကင်းဒန်းတွင် game development နှင့် ပတ်သက်သည်ကို သွားရောက် သင်ကြားခဲ့သည်။ ထို့နောက် Code Monkeys တွင် ၁၈ လခန့် အလုပ်လုပ်ကိုင်ခဲ့သည်။ Code Monkeys သည် Nintendo DS အတွက် ဂိမ်းများ ဖန်တီးပေးနေသော ကုမ္ပဏီဖြစ်သည်။

ယူနိုက်တက်ကင်းဒန်းရှိ သူ၏ အလုပ်မှ ထွက်ပြီး ဘာကြောင့် မြန်မာနိုင်ငံ ပြန်လာခဲ့တာလဲဟု မေးမြန်းသောအခါ ကိုသက်နိုင်ဆွေက “ဒါက ကျွန်တော့် မိခင်နိုင်ငံပါ။ ကျွန်တော့် မွေးရပ်မြေမှာ ဂိမ်းကုမ္ပဏီတစ်ခုကို တည်ထောင်လိုပါတယ်” ဟု ဖြေကြားခဲ့သည်။

ငွေကြေးဆိုင်ရာ ပြဿနာများ

Joy Dash၊ MySQUAR နှင့် Studio AMK တို့က ထုတ်လုပ်ဖြန့်ချိနေသော ဂိမ်းများသည် Freemium Income Model အမျိုးအစားများ ဖြစ်သည်။ ၎င်းမှာ အသုံးပြုသူများသည် အခြေခံလုပ်ဆောင်ချက်များကို အခမဲ့အသုံးပြုနိုင်ပြီး အဆင့်မြင့် လုပ်ဆောင်ချက်များ၊ ထူးခြားသည့် ဇာတ်ကောင် (characters) များနှင့် ထပ်မံပြီး အဆင့် (levels) များ၊ လုပ်ဆောင်ချက်များအတွက် အခကြေးငွေ ပေးသုံးရခြင်းဖြစ်သည်။

jtms-mobilegapp10.jpg

ဓာတ်ပုံ-သိမ့်မွန်စိုး (J)

တခြားနိုင်ငံများတွင် ဂိမ်းများအတွင်း ဝယ်ယူမှုများကို ရိုးရှင်းစွာ ပြုလုပ်နိုင်သည်။ အန်းဒရိုက်၏ Google Play Store နှင့် iOS ၏ App Store တို့တွင် အကြွေးဝယ်ကတ်ဖြင့် ငွေပေးချေရုံသာ ဖြစ်သည်။ မြန်မာနိုင်ငံတွင်မူ အကြွေးဝယ်ကတ်များအား တွင်တွင်ကျယ်ကျယ် အသုံးမပြုနိုင်သေးသဖြင့် ဂိမ်းစတူဒီယိုများအနေဖြင့် တခြားနည်းလမ်းကို ရှာဖွေကြရသည်။

အွန်လိုင်းတွင် အသုံးပြုနိုင်မည့်ငွေကြေးအဖြစ် GCoin ဟုခေါ်သည့် Virtual Currency တစ်ခုကို Studio AMK က ရှမ်းကိုးမီးအတွက် ဖန်တီးပေးထားသည်။ ရှမ်းကိုးမီးဝယ်ယူလိုသော အသုံးပြုသူများအနေဖြင့် ကြိုတင်ငွေပေးကတ် (prepaid card) ကို လက်လီရောင်းချသူများ၊ ကုန်တိုက်ငယ်များနှင့် တခြားဂိမ်းကစားသူများထံမှ ဝယ်ယူရသည်။

သို့သော် မိုဘိုင်းအော်ပရေတာဖြစ်သည့် တယ်လီနောက မိတ်ဆက်ပေးလိုက်သည့် Open standard API platform ကြောင့် ဖန်တီးသူများအနေဖြင့် ၎င်းတို့၏ ထုတ်ကုန်များတွင် ထည့်သွင်းကာ ငွေပေးချေမှုများကို လွယ်ကူစွာ ပြုလုပ်လာနိုင်သည်။

ရှမ်းကိုးမီးကစားသူများအနေဖြင့် GCoin များကို ဝယ်ယူရန် ယခင်က လမ်းထောင့်ရှိ စတိုးဆိုင်များသို့ သွားရောက်ရသော်လည်း ယခုအခါတွင် ဖုန်းကို တစ်ချက်တို့ထိလိုက်ရုံဖြင့် ဝယ်ယူနိုင်ပြီ ဖြစ်သည်။ ကျသင့်ငွေကို ဖုန်းဘေထဲမှ ဖြတ်တောက်သွားမည်ဖြစ်သည်။

မိုဘိုင်းငွေပေးချေ နည်းပညာကြောင့် သူ၏ လုပ်ငန်းလည်း များစွာတိုးတက်လာခဲ့သည်ဟု Joy Dash မှ ကိုသက်နိုင်ဆွေက ပြောကြားသည်။

“ဒါက ဂိမ်းကစားသူတွေထံက ငွေကိုရအောင် လုပ်နိုင်ရုံတင် မဟုတ်ဘူး။ ကျွန်တော်တို့က ဂိမ်းထဲမှာ ကြေငြာအတွက် advertising platform တစ်ခု ထည့်သွင်းပေးထားပြီး ကြော်ငြာတွေပါ လက်ခံနိုင်ပါတယ်” ဟု ၎င်းက ပြောသည်။

တယ်လီနောမြန်မာ၏ product and digital services ဌာန အကြီးအကဲဖြစ်သူ Mr. Niklas က အပလီကေးရှင်း ၉ ခုအနေဖြင့် ထိုငွေပေးချေမှုနည်းလမ်းကို အသုံးပြုပြီး ငွေပေးချေမှုများ သိန်းနဲ့ချီကာ လုပ်ဆောင်နေသည်ဟု ပြောကြားသည်။

ဒီဂျစ်တယ် မိုဘိုင်းငွေပေးချေမှုဈေးကွက်သည် “လာမည့်နှစ်များတွင် တဟုန်ထိုး တိုးတက်လာဖွယ်ရှိပြီး” ၎င်းမှာ ဂိမ်းများကြောင့် ဖြစ်နိုင်မည်ဟု ၎င်းကဆိုသည်။

ကျွမ်းကျင်သူများ နည်းပါးခြင်း

တယ်လီကွန်းဆက်သွယ်ရေးနှင့် ငွေပေးချေမှုနည်းလမ်းများ အဆင်သင့် ဖြစ်နေသော်လည်း တိုင်းပြည်တွင် ကျွမ်းကျင်လူသားရင်းမြစ်များ ရှားပါးနေသည်ဟု ကိုအေးမောင်မောင်ကြည်နှင့် ကိုသက်နိုင်ဆွေတို့နှစ်ဦးလုံးက ပြောကြားသည်။

စင်ကာပူနှင့် ယူနိုက်တက်ကင်းဒန်းနိုင်ငံတို့နှင့် ကွဲပြားသည်မှာ မြန်မာနိုင်ငံရှိ တက္ကသိုလ်များတွင် game development နှင့် ပတ်သက်ပြီး ဒီဂရီဘွဲ့ပေးသော အစီအစဉ်များ မရှိခြင်း ဖြစ်သည်။ မြန်မာနိုင်ငံရှိ တက္ကသိုလ်များက သီအိုရီ အခြေပြု ကွန်ပျူတာသိပ္ပံပညာရပ်သာ သင်ကြားပေးနိုင်သည်။

“ပုဂ္ဂလိက သင်တန်းကျောင်းတွေ ရှိပေမယ့် အခြေခံအဆင့်လောက်ပဲ သင်ကြားပေးနိုင်ပါတယ်” ဟု ကိုသက်နိုင်ဆွေက ပြောသည်။

တစ်ချိန်တည်းမှာပင် သေချာစွာ လေ့ကျင့်သင်ကြားထားသည့် developers များကို လူတိုင်းက လိုချင်နေကြသည်။

“ကျွန်တော်တို့ အလုပ်တွေ ခေါ်နေတာ ၂ နှစ်လောက်ရှိပြီ။ ကျွန်တော်တို့အဖွဲ့ထဲမှာ အရင်က ပရိုဂရမ်မာ သုံးယောက် ရှိတယ်။ ဒါက မလောက်ဘူး။ လွန်ခဲ့တဲ့ ၃ လလောက်က သူတို့ အလုပ်ထွက်သွားတယ်။ အခုဆို ကျွန်တော် တစ်ယောက်ထဲပဲ ရှိတယ်” ဟု ကိုသက်နိုင်ဆွေက ပြောသည်။

Studio AMK မှ developers တစ်ချို့သည် နိုင်ငံခြားတွင် programming သွားရောက်သင်ကြားခဲ့သူများ ဖြစ်သော်လည်း အများစုမှာ အထွေထွေအပလီကေးရှင်းများ ရေးသားနည်းကိုသာ သင်ယူခဲ့သူများ ဖြစ်ကြသည်။ ဂိမ်းရေးသားနည်းကို သူတို့အနေဖြင့် အထူးပြု မသင်ကြားခဲ့ရပေ။

“Software programmer တစ်ယောက်ကို game developer တစ်ယောက် ဖြစ်လာဖို့ ပြုစုပျိုးထောင်ရတာက တစ်နှစ်လောက် ကြာနိုင်တယ်” ဟု ကိုအေးမောင်မောင်ကြည်က ပြောသည်။

MySQUAR အနေဖြင့် ရန်ကုန်တွင် လုပ်ငန်းတိုးချဲ့နေသောကြောင့် အရည်အချင်းရှိသော programmers များကို ရှာဖွေနေသည်ဟု Pham က ပြောသည်။

ပြည်တွင်းမှ ဝန်ထမ်းများကို ပိုမိုခန့်ထားခြင်းဖြင့် ဖန်တီးမှုများကို ပြည်တွင်းနှင့် ကိုက်ညီအောင် လုပ်ဆောင်ရာတွင် ပိုမိုလွယ်ကူစေပြီး မြန်မာပရိသတ်များ၏ လိုအပ်ချက်ကို ပိုမိုနားလည်စေနိုင်သည်ဟု ၎င်းက ဆိုသည်။

jtms-mobilegapp01.jpg

ဓာတ်ပုံ-သိမ့်မွန်စိုး (J)

ပြိုင်ဆိုင်မှုများ ပိုမိုများပြားလာခြင်း

မြန်မာ developers များအတွက် အလားအလာကောင်းများ ရှိနေသော်လည်း အင်တာနက်မှတဆင့် တစ်ကမ္ဘာလုံးမှ ဂိမ်းများကို ရရှိနိုင်ရာ Candy Crush နှင့် Clash of Clans တို့သည် မြန်မာနိုင်ငံတွင် လူကြိုက်များသည်။

သို့သော် ပြည်တွင်း content များ ပါဝင်လာပါက နိုင်ငံတကာမှ နာမည်ကြီးဂိမ်းများနှင့် ကွဲပြားသွားနိုင်သည်ဟု ကိုအေးမောင်မောင်ကြည်က ပြောသည်။

ဥပမာ “မဟာ”ကဲ့သို့သော ဂိမ်းမျိုးဖြစ်သည်။ ထိုဂိမ်းသည် online multiplayer action ဂိမ်းဖြစ်ပြီး မြန်မာ့သမိုင်းဝင် ဒဏ္ဍာရီလာ ဇာတ်ကောင်များဖြင့် ဖန်တီးထားသည်။ ၎င်းဂိမ်းကို Studio AMK က ရေးသားဖန်တီးနေဆဲ ဖြစ်သည်။

သို့သော် ဂိမ်းနှင့် ကိုက်ညီစေရန် ဒဏ္ဍာရီလာဇာတ်ကောင်များကို လိုက်ဖက်သော ဝတ်စုံ၊ ချပ်ဝတ်တန်ဆာများ၊ ခေတ်မီလက်နက်များကို ၎င်းတို့က တပ်ဆင်ပေးထားသည်။

“ဒါက Lord of the Rings လိုပဲ။ ကျွန်တော်တို့က ထုံးတမ်းစဉ်လာကို အသုံးပြုပြိး ခေတ်မီဆန်းသစ်လိုက်တာပါ” ဟု ကိုအေးမောင်မောင်ကြည်က ပြောသည်။

သို့သော် မြန်မာဂိမ်းဖန်တီးသူများအတွက် စိန်ခေါ်မှုတစ်ရပ် ရှိနေသေးသည်။ ၎င်းမှာ မူပိုင်ခွင့်ပြဿနာ ဖြစ်သည်။ မူပိုင်ခွင့်ပြဿနာသည် မြန်မာနိုင်ငံရှိ ဖန်တီးမှုပါဝင်သော လုပ်ငန်းများအားလုံး ရင်ဆိုင်နေရသည့် ပြဿနာ ဖြစ်သည်။

၎င်းမှာ ကိုအေးမောင်မောင်ကြည် လက်တွေ့ကြုံတွေ့ခဲ့ရသည့် ကြမ်းတမ်းသော အတွေ့အကြုံဖြစ်သည်။ ရှမ်းကိုးမီးဖဲဂိမ်း အောင်မြင်လာသောအခါ ကူးချထားသည့် clone များ အတော်များများ ပေါ်ထွက်လာသည်။ သို့သော် ကိုအေးမောင်မောင်ကြည်အနေဖြင့် ဘာမှ အရေးယူမှု မလုပ်နိုင်ခဲ့ပေ။

ယခုအခါတွင် Studio AMK က ၎င်းတို့၏ ဇာတ်ကောင်ဒီဇိုင်းများနှင့် ဂိမ်းအိုင်ဒီယာများကို စင်ကာပူတွင် မူပိုင်ခွင့် တင်ထားသည်။ သို့သော် မြန်မာအစိုးရအနေဖြင့်လည်း ခေတ်နောက်ကျနေသော မူပိုင်ခွင့်ဥပဒေကို ပြုပြင်ပြောင်းလဲရမည်ဟု ကိုအေးမောင်မောင်ကြည်က ပြောကြားသည်။ လက်ရှိဥပဒေကို ၂၀ ရာစု အစောပိုင်းကတည်းက ပြဌာန်းခဲ့ခြင်း ဖြစ်သည်။ ဥပဒေကို ပြင်ဆင်လိုက်ပါက ပြည်တွင်းမှ လုပ်ငန်းများကို အကာအကွယ် ပေးနိုင်ရုံသာမက နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုများလည်း ပိုမိုရရှိလာနိုင်သည်ဟု ဆိုသည်။

“မူပိုင်ခွင့်ဥပဒေက ရှိနေပြီးဖြစ်ပေမယ့် အရေးယူ ဆောင်ရွက်မှုတွေများ မရှိဘဲ အပြစ်ပေးမှုကလည်း ပေါ့လျော့လွန်းတယ်” ဟု ကိုအေးမောင်မောင်ကြည်က ဆိုသည်။

မိုဘိုင်းဖုန်း အသုံးပြုမှုများ များပြားလာသောကြောင့် ဟောင်ကောင်၊ စင်ကာပူနှင့် ဗီယက်နမ်တို့မှ ဂိမ်းကုမ္ပဏီများလည်း ဈေးကွက်ထဲ ဝင်ရောက်လာနိုင်သည်ဟု MySQUAR မှ Pham က ပြောကြားသည်။

“ကျွန်တော်တို့ရဲ့ အားသာချက်က ဈေးကွက်ထဲကို အစောဆုံး ရောက်နေတာပဲ။ အချိန်အတန်ကြာ လုပ်ကိုင်ခဲ့ပြီ ဖြစ်တာကြောင့် မြန်မာပရိသတ်တွေရဲ့ အကြိုက်ကို ကျွန်တော်တို့ သိနေပြီ” ဟု ၎င်းကဆိုသည်။

“မြန်မာနိုင်ငံက လူငယ်လူဦးရေကလည်း များတယ် GDP တိုးတက်နှုန်းကလည်း မြင့်နေတယ်။ မိုဘိုင်းလုပ်ငန်းတွေလည်း လျင်မြန်စွာ တိုးတက်နေတယ်။ စိတ်လှုပ်ရှားဖွယ်နေရာဖြစ်ပါတယ်။ ဒီအချိန်ဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံဖို့ အကောင်းဆုံးအချိန်ပဲ” ဟု ၎င်းကဆိုသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ- တေဇလှိုင်

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.