နှစ် ၅၀ ကျော်အကြာမှာ အာရှဖလားကို မြန်မာအသင်း တစ်ကျော့ပြန်ရောက်နိုင်မှာလား

အာရှဖလားခြေစစ်ပွဲအတွက် မြန်မာအသင်းက ကာဂျစ္စတန်နှင့် မကာအိုအသင်တွေနဲ့ လာမယ့်ရက်ပိုင်းအတွင်း ယှဉ်ပြိုင်ရတော့မှာဖြစ်ပြီး အနိုင်ရခဲ့ရင်တော့ နှစ်ပေါင်း ၅၀ ကျော်အတွင်း အာရှဖလားကို တကျော့ပြန်ကစားခွင့်ရမှာ ဖြစ်ပါတယ်

ထွန်းခိုင် ရေးသားသည်။

၂၀၁၈ ခုနှစ်၊ မတ်လ နောက်ဆုံး ရက်သတ္တပတ်တွေဟာ မြန်မာ့ဘောလုံးသမိုင်းအတွက် အရေးအကြီးဆုံး ကာလတွေဖြစ်လာပါလိမ့်မယ်။

အာရှဖလားခြေစစ်ပွဲ အုပ်စု(က)မှာကျရောက်နေတဲ့ မြန်မာအသင်းဟာ မတ် ၂၂ ရက်နေ့မှာ ကာဂျစ္စတန်အသင်းနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး  နောက်ငါးရက်အကြာမှာတော့ ရန်ကုန်မှာ မက္ကာအိုနဲ့ ယှဉ်ပြိုင်ရဖို့ ရှိပါတယ်။

အဲဒီခြေစစ်ပွဲ နှစ်ပွဲကိုသာ အနိုင်ရရှိခဲ့ရင် မြန်မာဟာ နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် အာရှဖလား(AFC Asian Cup) ကို တစ်ကျော့ပြန်ပြီး ကစားရမှာဖြစ်ပါတယ်။

မြန်မာဟာ အာရှဖလားခြေစစ်ပွဲမှာ အိန္ဒိယ၊ ကာဂျစ္စတန်၊ မက္ကာအိုတို့နဲ့အတူ တစ်အုပ်စုထဲ ကျရောက်နေပြီး အိန္ဒိယကတော့ ခြေစစ်ပွဲအောင်သွားပြီဖြစ်ကာ မက္ကာအိုကတော့ မျှော်လင့်ချက် မရှိတော့ပါဘူး။

မြန်မာနဲ့ ကာဂျစ္စတန်ကတော့ နိုင်တဲ့အသင်းက ခြေစစ်ပွဲအောင်ဖို့ ရှိပါတယ်။

အာရှတိုက်ရဲ့ ဂုဏ်သိက္ခာအကြီးမားဆုံး ပြိုင်ပွဲဖြစ်တဲ့ အာရှဖလားပြိုင်ပွဲကို မြန်မာအသင်း ပထမဆုံးနဲ့ နောက်ဆုံးယှဉ်ပြိုင်ခဲ့တာ ၁၉၆၈ ခုနှစ်က အီရန်မှာကျင်းပခဲ့တဲ့ သုံးကြိမ်မြောက် အာရှဖလာပြိုင်ပွဲမှာ ဖြစ်ပါတယ်။

အဲဒီအချိန်တုန်းကတော့ အာရှတိုက်တစ်ခုလုံးကို ဇုန်လေးခုခွဲပြီး ဇုန်အလိုက် အကောင်းဆုံးအသင်းတွေနဲ့ အိမ်ရှင်နိုင်ငံတွေ ယှဉ်ပြိုင်ကစားကြရတာ ဖြစ်ပါတယ်။

မြန်မာဟာ အိမ်ရှင်ဖြစ်တဲ့ အီရန်၊ အစ္စရေး၊ ဟောင်ကောင်နဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံအမည်နဲ့ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ထိုင်ဝမ်အသင်းတွေနဲ့ ယှဉ်ပြိုင်ခဲ့ရပါတယ်။

ဘားမား(Burma)အမည်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာဟာ ဒုတိယရခဲ့ပါတယ်။ ဒီစံချိန်ကို ဒေသအတွင်းက ဘယ်နိုင်ငံမှ လိုက်မမှီသေးဘဲ အာရှဖလားမှာ အရှေ့တောင်အာရှနိုင်ငံတွေထဲက အအောင်မြင်ဆုံးအသင်းအဖြစ် မြန်မာဟာ ရှိနေဆဲဖြစ်ပါတယ်။

ဒါပေမယ့် ၁၉၆၈ ခုနှစ်ကစတင်ပြီး နှစ်ပေါင်း ၅၀ ကျော်ကြာတဲ့အထိ မြန်မာအသင်းဟာ အာရှဖလားပြိုင်ပွဲနဲ့ ဝေးကွာသွားခဲ့ရပါတော့တယ်။

ဒီတစ်ကြိမ်မှာတော့ အာရှဖလားပွဲ ပြန်ကစားခွင့်ရဖို့အတွက် အကောင်းဆုံးအခွင့်အရေး ရှိနေပါပြီ။

မြန်မာအသင်းအတွက် အရေးအကြီးဆုံးပြိုင်ပွဲက မတ် ၂၂ ရက်နေ့မှာ ယှဉ်ပြိုင်ကစားရမယ့် ကာဂျစ္စတန်အသင်းနဲ့ ပွဲစဉ်ဖြစ်ပါတယ်။

ကာဂျစ္စတန်နဲ့ မြန်မာဟာ စက်တင်ဘာ ၅ ရက်နေ့ကတည်းက ကာဂျစ္စတန်နိုင်ငံမှာ ယှဉ်ပြိုင်ကစားဖို့ ရှိခဲ့ပေမဲ့ လုံခြုံရေးအကြောင်းပြချက်ကြောင့် ပွဲစဉ်ကို ရွှေ့ဆိုင်းထားခဲ့တာဖြစ်ပါတယ်။

မူဆလင်အများစုနေထိုင်ကြတဲ့ ကာဂျစ္စတန်ဟာ မြန်မာနိုင်ငံအနောက်ဘက် ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ မူဆလင်တွေ အရေးကြောင့် သူတို့နိုင်ငံမှာ မြန်မာနဲ့ မကစားဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

29365425_1063340970471381_5405330216083997962_n.jpg

တောင်ကိုရီးယားနိုင်ငံ၊ အင်ချွန်းမြို့တွင် မြန်မာအသင်းလေ့ကျင့်နေကြစဉ်။ ဓာတ်ပုံ- မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်

အဲဒီအစား ကြားကွင်းမှာကစားဖို့အတွက် စီစဉ်ရာမှာ အရှေ့တောင်အာရှနိုင်ငံတခုခုမှာ ကစားဖို့ မြန်မာက  တောင်းဆိုခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ တောင်ကိုရီးယားနိုင်ငံ၊ အင်ချွန်းမြို့မှာ ကစားကြဖို့ အာရှဘောလုံး အဖွဲ့ချုပ်က ဆုံးဖြတ်ပေးခဲ့တာဖြစ်ပါတယ်။

မြန်မာဟာ ကာဂျစ္စတန်ကို အနိုင်ရခဲ့မယ်ဆိုရင် အာရှဖလားခြေစစ်ပွဲအောင်ဖို့အတွက် အကောင်းဆုံးအနေအထားမှာ ရှိနေပြီလို့ မြန်မာဘောလုံးသမားတွေ အပြောင်းအရွှေ့ကို ဝန်ဆောင်မှုပေးနေတဲ့ Myanmar Special Football Agency တည်ဆောင်သူ ဦးရဲနိုင်ဝင်းက ပြောပါတယ်။

မြန်မာအတွက် နောက်ထပ်တစ်ပွဲဟာ ခြေစစ်ပွဲအောင်ဖို့ လုံးဝမျှော်လင့်ချက်မရှိတော့တဲ့ မက္ကာအိုနဲ့ ရန်ကုန်မှာ ယှဉ်ပြိုင် ကစားရမှာဖြစ်တဲ့အတွက် အနိုင်ရဖို့ သေချာသလောက်ရှိနေပါပြီ။

အောက်တိုဘာလတုန်းက ရန်ကုန်မှာ ကာဂျစ္စတန်နဲ့ မြန်မာတို့ ပထမအကြိမ်ယှဉ်ပြိုင်စဉ်တုန်းကတော့ တစ်ဖက် နှစ်ဂိုးစီ သရေကျခဲ့ပါတယ်။

ဒါပေမယ့် တောင်ကိုရီးယားမှာ ကစားမယ့် ပြိုင်ပွဲကတော့ ရာသီဥတုကြောင့် မြန်မာအတွက် ခက်ခဲနိုင်ပါလိမ့်မယ်။

မြန်မာကစားသမားတွေဟာ အအေးပိုင်းနိုင်ငံတွေမှာ သွားရောက်ကစားရင် ပွဲချိန်အတွင်း စွမ်းဆောင်ရည် ကျဆင်းသွားတတ်တယ်လို့ ဦးရဲနိုင်ဝင်းက ထောက်ပြပါတယ်။

“မြန်မာကစားသမားတွေက အေးရင်မကန်နိုင်ဘူး။ စွမ်းဆောင်ရည်က ကန်ရင်းနဲ့ကို ကျသွားတာ”လို့ သူက ပြောပါတယ်။

အကောင်းဆုံးသက်သေကတော့ ၂၀၁၅ ခုနှစ်တုန်းက နယူးဇီလန်မှာ အသက် ၂၀ အောက် ဖီဖာကမ္ဘာ့ဖလားပွဲ သွားကစားခဲ့တဲ့ မြန်မာကစားသမားတွေဖြစ်တယ်လို့ ဦးရဲနိုင်ဝင်းကပြောပါတယ်။

အဲဒီတုန်းက မြန်မာလူငယ်ကစားသမားတွေဟာ အေးမြတဲ့ ရာသီဥတုအောက်မှာ ယှဉ်ပြိုင်ကစားနေရင်း မောပန်း နွမ်းနယ်နေပုံ ပေါက်ခဲ့ပါတယ်။ မြန်မာလူငယ်အသင်းက သုံးပွဲကစားရာမှာ သုံးပွဲလုံး ရှုံးနိမ့်ခဲ့ပါတယ်။

ဒါပေမယ့် မြန်မာကစားသမားတွေရဲ့ လက်ရှိအခြေအနေက ဒီနှစ်ပိုင်းမှာ အကောင်းဆုံးအနေအထားမှာ ရှိနေပါတယ်။

ယခု ၂၀၁၈ ဘောလုံးရာသီကစပြီး မြန်မာပြည်က ထိပ်တန်းကစားသမားတွေဟာ ဒေသတွင်းက အဆင့်အမြင့်ဆုံးပြိုင်ပွဲ ဖြစ်တဲ့ ထိုင်းလိဂ်မှာ သွားရောက် ကစားနေကြပါတယ်။

29365374_1063340733804738_9193799441210560353_n.jpg

တောင်ကိုရီးယားနိုင်ငံ၊ အင်ချွန်းမြို့တွင် မြန်မာအသင်းလေ့ကျင့်နေကြစဉ်။ ဓာတ်ပုံ- မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်

မြန်မာနိုင်ငံက အကောင်းဆုံးတိုက်စစ်မှူးတွေဖြစ်တဲ့ အောင်သူက ဘန်ကောက်အခြေစိုက် Police Tero အသင်းနဲ့ ကျော်ကိုကိုကတော့ ချင်းရိုင်ယူနိုက်တက် (Chiangrai United) အသင်းတွေမှာ သွားရောက် ကစားခဲ့ကြပါတယ်။ အခြားမြန်မာကစားသမား  ဒါဇင်ဝက်လောက်လည်း ထိုင်းလိဂ်မှာ ကစားနေပါတယ်။

ဒီအတွက် အကျိုးအမြတ်အဖြစ် ပြည်တွင်းမှာကျန်ခဲ့တဲ့ မြန်မာလူငယ်ကစားသမားတွေဟာ ပြည်ပကို ရောက်ရှိနေကြသူတွေရဲ့နေရာမှာ အစားထိုးကစားခွင့်ရခဲ့ပြီး ခြေစွမ်းတွေလည်း တိုးတက်လာတာကြောင့် မြန်မာကစားသမားတွေရဲ့ လက်ရှိအခြေအနေဟာ ဒီနှစ်ပိုင်းမှာ အကောင်းဆုံးအဖြစ်ရှိနေတာပါ။

“အရင်က ကစားသမားတွေက မျှော်လင့်ချက်ကုန်သလောက် ဖြစ်နေခဲ့တယ်။ အခု ပြည်ပထွက်ကစားတဲ့သူတွေကို ကြည့်ပြီး သူတို့ ပိုကြိုးစားလာတယ်။ မြန်မာကစားသမားတွေခြေစွမ်းက ပြီးခဲ့တဲ့နှစ်တွေနဲ့ ယှဉ်ရင်ဒီနှစ်က အကောင်းဆုံးပဲ။ ဒါကိုအသုံးချနိုင်ရင် ခြေစစ်ပွဲအောင်ဖို့ ရှိတယ်”လို့ ဦးရဲနိုင်ဝင်းက ပြောပါတယ်။

မြန်မာ ကစားသမားတွေအတွက်သာမက မြန်မာအသင်း နည်းပြအတွက်လည်း အာရှခြေစစ်ပွဲဟာ အရေးပါနေပါတယ်။

မြန်မာအသင်းရဲ့ ဂျာမန်လူမျိုးနည်းပြ Gerd Friedrich Horst Zeise ရဲ့ စာချုပ်သက်တမ်းဟာ ယခုမတ်လကုန်ရင် ပြည့်တော့မှာ ဖြစ်ပါတယ်။ ယူ ၂၀ အသင်းကို၂၀၁၅ ကမ္ဘာ့ဖလားအထိရောက်အောင် ပို့ပေးနိုင်ခဲ့တဲ့အတွက် ထင်ရှားတဲ့နည်းပြဟာ နောက်ပိုင်းပွဲစဉ်တွေမှာတော့ ပရိတ်သတ်ကျေနပ်လောက်တဲ့ ရလာဒ်တွေ လုပ်မပြနိုင်ခဲ့ပါဘူး။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နဲ့ နီးစပ်သူတွေရဲ့အဆိုအရ နည်းပြ Gerd Zeise ရဲ့ စာချုပ်သက်တမ်းတိုးရေး၊ မတိုးရေးဟာ အာရှဖလားခြေစစ်ပွဲ အောင်မအောင်နဲ့ တိုက်ရိုက်သက်ဆိုင်နေတယ်လို့ ဆိုပါတယ်။

“ကာဂျစ္စတန်နဲ့ မိနစ် ၉၀ က အရေးအကြီးဆုံးပဲ။ ဒီပွဲမနိုင်ရင် ရန်ကုန်မှာကန်မယ့် မက္ကာအိုနဲ့ပွဲက ဘာအဓိပ္ပါယ်မှမရှိတော့ဘူး” လို့မြန်မာ့ဘောလုံးရွှေခေတ် လက်ရွေးစင်ကစားသမား ဦးတင်အောင်က ပြောပါတယ်။

ပြည်ပထွက်ကစားနေတဲ့ မြန်မာကစားသမားတွေထဲက တစ်ချို့ဟာ ပုံမှန်ပွဲထွက်ခွင့်မရဘဲ ခြေစွမ်းပျောက်နေတာကြောင့် နိုင်ငံအသင်းမှာ ပြန်ကစားရင် ခြေစွမ်းပြနိုင်ဖို့လိုတယ်လို့ ဦးတင်အောင်က ပြောပါတယ်။

“မြန်မာအသင်း အာရှဖလား တစ်ခါပြန်ကန်ဖို့အတွက်က တောင်ကိုရီးယားမှာ ကစားမယ့် မိနစ် ၉၀ က အရေးအပါဆုံးပဲ”လို့ ၁၉၆၆၊ ၁၉၇၀ အာရှအားကစားပြိုင်ပွဲချန်ပီယံနဲ့ ၁၉၆၅ ကနေ ၁၉၇၃ အထိ အရှေ့တောင်အာရှချန်ပီယံ ငါးဆုရထားတဲ့ ဦးတင်အောင်က ပြောပါတယ်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.