ရန်ကုန် ရေဝေးသုသာန်မှ အကျွတ်အလွတ်ပွဲ

သီတင်းကျွတ်လပြည့်နေ့ညတွင် ရေဝေးသုသာန်၌ မကျွတ်မလွတ်သေးသော နာနာဘာဝများအတွက် အကျွတ်အလွတ်ပွဲ ကျင်းပကြသည်။

စာသား – ရဲမွန်၊ ဓာတ်ပုံ – စတိဗ်တစ်ခ်နာ

မြန်မာနှစ် တစ်နှစ်တွင် အရေးပါဆုံးနေ့များအနက် တစ်နေ့အပါအဝင်ဖြစ်သော သီတင်းကျွတ်လပြည့်ည၌ ရန်ကုန်ဆင်ခြေဖုံးရှိ ရေဝေးသုသာန်တွင် လူတစ်ရာကျော် စုဝေးရောက်ရှိကာ ကွယ်လွန်သွားပြီးကြသူများ၏ မကျွတ်မလွတ်သေးသော ဝိညာဉ်များကို အစားအစာများ ကျွေးမွေးကာ ကျွတ်လွတ်စေကြောင်း ဆုတောင်းပေးကြသည်။

ကွယ်လွန်သူများ၏ ဝိညာဉ်များ လွတ်မြောက်သွားစေရေး ဆုတောင်းပေးသော ‘အကျွတ်အလွတ်ပွဲ’ ကို သီတင်းကျွတ်လပြည့်ညတွင် ကျင်းပလေ့ရှိကြသည်မှာ မြန်မာ့ထုံးတမ်းစဉ်လာ ရိုးရာဓလေ့တစ်ခုဖြစ်သည်။ ဤသို့ ကုသိုလ်ကောင်းမှုပြုလုပ်ပေးခြင်းဖြင့် တစ္ဆေ၊ သရဲဘဝဖြင့် လှည့်လည်ရှာဖွေ စားသောက်နေရသော ပြိတ္တာဘဝမှ အမျှရ၍ ကျွတ်လွတ်ကာ ပို၍အဆင့်မြင့်သော ဘုံဘဝတွင် ပြန်လည်ဝင်စားရောက်ရှိနိုင်သည်ဟု မြန်မာတို့ ယုံကြည်ကြသည်။

dsc_1852_1.jpg

ဓာတ်ပုံ – စတိဗ်တစ်ခ်နာ

ယခုနှစ်၌ အောက်တိုဘာ ၁၃ ရက်တွင် ကျရောက်သော သီတင်းကျွတ်လပြည့်ည အကျွတ်အလွတ်ပွဲကို စီစဉ်သူ ဦ်းမောင်မောင်မြင့်သည် ၁၉၉၀ ပြည့်လွန်နှစ်များကတည်းကပင် ဤအကျွတ်အလွတ်ပွဲများကို ဦးဆောင်စီစဉ်လုပ်ကိုင်ပေးနေခဲ့သူ တစ်ဦးဖြစ်သည်။

ထိုအချိန်က စစ်အစိုးရလက်ထက်တွင် မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ ရေဝေးသုသာန်ကို တည်ဆောက်စီစဉ်ပြီးနောက် ရန်ကုန်မြို့ထဲရှိ သုသာန်များကို ရေဝေးသို့ ၁၉၉၂ ခုနှစ်တွင် ပြောင်းရွှေ့နေရာချထားရန် အမိန့်ထုတ်ခဲ့သည်။

ထိုအချိန်မတိုင်မီကမူ ရန်ကုန်မြို့၌ အကြီးဆုံးသုသာန်မှာ ကမာရွတ်မြို့နယ်အတွင်းရှိ ကြံတောသုသာန်ဖြစ်သည်။ ၁၉၉၆ ခုနှစ်တွင် ကြံတောသုသာန်ကို ဖြိုချဖျက်ဆီးပြီး ရန်ကုန်မူးယစ်ဆေးဝါး တိုက်ဖျက်ရေးပြတိုက် တည်ဆောက်ခဲ့သည်။ ကြံတောတွင် မြှုပ်နှံထားသော အလောင်းများကို ပြန်လည်တူးယူပြီး ရေဝေးသုသာန်သို့ ပြောင်းရွှေ့မြှုပ်နှံသည်။ ကြံတောသုသာန်နေရာတွင် မူးယစ်ဆေးဝါးပြတိုက်ကြီး တည်ဆောက်ပြီး ကျန်ကွက်လပ်၌ ဂျန်းရှင်းစကွဲရှော့ပင်းမောကြီး Juction Square Shopping Mall ဖြစ်နေပေပြီ။

ကြံတောသုသာန်တွင် သူနှစ်ပေါင်းများစွာ ပါဝင်လုပ်ဆောင်ပေးခဲ့သော သီတင်းကျွတ်လပြည့်ည အကျွတ်အလွတ်ပွဲများကို ၁၉၈၈ ခုနှစ် လူထုအုံကြွမှုအရေးအခင်းအပြီး၌ စစ်အစိုးရက ဆက်လက်ကျင်းပခွင့်မပြုဘဲ ပိတ်ပင်ထားခဲ့သည်ဟု ဦးမောင်မောင်မြင့်က ပြောပြသည်။

dsc_1852_2.jpg

ဓာတ်ပုံ – စတိဗ်တစ်ခ်နာ

ထိုအချိန်က အကျွတ်အလွတ်ပွဲများကို ဘုန်းတော်ကြီးကျောင်းများတွင်သာ ပြုလုပ်ခဲ့ကြရပြီးနောက် လေးနှစ်အကြာ ရေဝေးသုသာန်ဖွင့်သောအခါမှသာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ရေဝေးတွင် ပြောင်းရွှေ့ကျင်းပခွင့်ပြုခဲ့သည်ဟု ဦးမောင်မောင်မြင့်ကဆိုသည်။

သီတင်းကျွတ်လပြည့်ည၌ မင်္ဂလာတောင်ညွန့်မြို့နယ်နေ ဦးမောင်မောင်မြင့်က အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ ရေဝေးရှိ အုတ်ဂူ ၆၀၀ အတွက် စားသောက်ဖွယ်ရာများပြင်ဆင်ပြီး ကျန်တစ်ဖွဲ့က အုတ်ဂူ ၅၀၀ အတွက် အကျွေးအမွေးများပြင်ဆင်ရသည်။

အဖွဲ့နှစ်ဖွဲ့စလုံးသည် လူကြီးဝိညာဉ်တစ္ဆေများအတွက် ထမင်း၊ ကြက်သား၊ အမဲသားနှင့် ပဲနီလေးဟင်းတို့ ကျွေးမွေးဖို့ပြင်ဆင်ပြီး ကလေးဝိညာဉ်တစ္ဆေများအတွက် နို့ဆန်ပြုတ်နှင့် ရေခဲချောင်းတို့ကို ကျွေးမွေးရန် ပြင်ဆင်ကြသည်။ ယင်းလှူဒါန်းမှုအခမ်းအနားကို အဖွဲ့ခေါင်းဆောင်နှစ်ယောက်က တစ္ဆေများအား လာရောက်စားသောက်ကြဖို့ အသံချဲ့စက်အော်လံငယ်ဖြင့်ဖိတ်ခေါ်ရင်း စတင်လေသည်။

dsc_1776_3.jpg

ဓာတ်ပုံ – စတိဗ်တစ်ခ်နာ

ထိုသို့ကျေညာပြီးနောက် အခမ်းအနားလာသူတို့က အစားအစာများကို ပန်းကန်များ၊ ငှက်ပျောဖက်များထဲ ထည့်ပြီး အုတ်ဂူအသီးသီးကို တင်ပေးကြသည်။ အချို့လူကြီးများ၏အုတ်ဂူပေါ်တွင် စီးကရက်လှူခြင်းမျိုးလည်း လုပ်ကြသည်။

လွန်ခဲ့သည့်နှစ် သီတင်းကျွတ်လပြည့်နေ့က သီးသန့်ဂူများမှာ အစားအသောက်မလှူခဲ့သဖြင့် ယမန်နှစ် တစ္ဆေများက အစားအစာတောင်းရင်း ခြောက်လှန့်သည်ကို ခံခဲ့ရကြောင်း ဦးမောင်မောင်မြင့်အဖွဲ့မှာပါသည့် ကိုဝင်းအောင်က Frontier ကို ပြောသည်။

ထိုတစ္ဆေများမှာ ကိုဝင်းအောင်အတွေ့အကြုံအရ အတော်ပင် စိတ်မရှည်ကြဟု သိရသည်။

“တစ္ဆေတစ်ကောင်က ကျွန်တော့်လက်က ငှက်ပျောဖက်ကို ဆွဲလုတယ်လေ။ ကျွန်တော် သိပ်ကြောက်သွားတယ်။ အဲဒါမတိုင်ခင်က တစ္ဆေတွေက လှူထားတာတွေကို စားတယ်ဆိုတာ ကျွန်တော် တကယ်မယုံခဲ့ဘူး” ဟု၎င်းကပြောသည်။

dsc_1819_4.jpg

ဓာတ်ပုံ – စတိဗ်တစ်ခ်နာ

လှူဒါန်းမှုများပြုလုပ်ပြီးသည်နှင့် ရန်ကုန်မြို့နေရာအသီးသီးမှ လာရောက်ခဲ့သည့် ပါဝင်ဆင်နွှဲသူများသည် မင်္ဂလာတောင်ညွန့်၊ စမ်းချောင်း၊ တာမွေနှင့် ရွှေပြည်သာမြို့နယ်များရှိ ၎င်းတို့အိမ်များဆီသို့ ပြန်ခဲ့ကြသည်။

ထိုသင်္ချိုင်းတွင် အခြားအုပ်စု၏ခေါင်းဆောင်ဖြစ်သူ မြောက်ဥက္ကလာပမြို့နယ်က ဒေါ်ခင်ခင်ထွေးက ယခုကဲ့သို့ အခမ်းအနားမျိုးလုပ်လာသည်မှာ ကိုးနှစ်ရှိပြီဆိုသည်။ တစ္ဆေများအား လှူဒါန်းဖို့ မိတ်ဆွေနှစ်ဦးနှင့်အတူ ပူးပေါင်းပြင်ဆင်ပြီး ထိုသို့လှူလာခြင်းက သူနှင့်အခြားဒါနပြုကျွေးမွေးသူများထံ ကံကောင်းခြင်းများ ယူဆောင်လာပြီး အကာအကွယ်လည်းပေးသည်ဟု သူကယုံကြည်သည်။

“ကျွန်မဒုက္ခရောက်ချိန်မှာ ဒီလိုကျွေးမွေဒါနပြုတာတွေ လုပ်လိုက်တဲ့အတွက် ဒုက္ခတွေကို ကျွန်မ ကျော်လွှားနိုင်တယ်။ အဲဒါ ကျွန်မယုံကြည်ချက်ပဲ” ဟု ဒေါ်ခင်ခင်ထွေးကပြောသည်။

dsc_1829_5.jpg

ဓာတ်ပုံ – စတိဗ်တစ်ခ်နာ

လပြည့်ညပြီး နောက်တစ်ရက် အောက်တိုဘာ ၁၄ ရက်မှာ အကျွတ်အလွတ်လှူဒါန်းပွဲမှာ ပါဝင်ခဲ့သူများသည် ရေဝေးရှိ ဗုဒ္ဓဘာသာ ဝတ်ပြုခန်းမဆောင်၌ စုဝေးကြပြီး ဘုန်းတော်ကြီး ၁၁ ပါးဦးဆောင်သည့် အခမ်းအနားတစ်ခုတွင် တစ္ဆေများ လက်ရှိဘဝမှလွတ်မြောက်ပြီး ပိုကောင်းသောဘုံဘဝသို့ရောက်ဖို့ ဆုတောင်းပေးခဲ့ကြသည်။ တစ္ဆေများအတွက်လည်း ဆုတောင်းသူတို့နှင့်အတူရှိနေနိုင်ဖို့ နေရာလုပ်ပေးခဲ့သည်။

သာဓု သာဓု သာဓုဟု ဆုတောင်းသူ တစ်စုက ဖြေးညင်းစွာဆိုလိုက်သည့်အခါ တစ္ဆေများကလည်း တိတ်ဆိတ်စွာ သံယောင်လိုက်ကာ ပဲ့တင်ထပ်စေခဲ့သည်။ သူတို့မှာ အတိတ်က အကုသိုလ်များကို ဆေးကြောမှုစတင်ခြင်းနှင့်အတူ ပြန်လည်ဝင်စားခြင်း သံသရာခရီးရှည်ကို စတင်ခဲ့ပြီဖြစ်သည်။

ဦးကိုကိုနှင့် အောင်ကျော်ဦး ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – စတိဗ်တစ်ခ်နာ

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.