စစ်အာဏာသိမ်းမှုကို ကန့်ကွက်ပြီး ကေအိုင်အေကို ထောက်ခံကြောင်း ဖားကန့်ဒေသခံများက ဆန္ဒထုတ်ဖော်နေစဉ်။ (ဓာတ်ပုံ | Kachinwaves / အေအက်ဖ်ပီ)

တရုတ်မှ ကိုဗစ်-၁၉ ကာကွယ်ဆေးများ လက်ခံရရှိကြောင်း ကေအိုင်အေဆို

အေအက်ဖ်ပီ

တရုတ်နိုင်ငံမှ ကိုဗစ်ကာကွယ်ဆေး ၁၀,၀၀၀ ကျော်ကို တရုတ်မြန်မာနယ်စပ်အနီး အခြေစိုက်လှုပ်ရှားနေသည့် ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) ပေးအပ်ခဲ့ကြောင်း အဆိုပါအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ဇူလိုင်၂၄ရက်တွင် ဆိုသည်။ တရုတ်အစိုးရသည် ၎င်း၏အိမ်နီးချင်း မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပွားနေသည့် ကိုဗစ်-၁၉ပြန့်ပွားမှုကို ထိန်းချုပ်ရန် ကေအိုင်အေအဖွဲ့သို့ ကာကွယ်ဆေးများ ပေးအပ်ခြင်းလည်းဖြစ်သည်။

ဖေဖော်ဝါရီ စစ်တပ်အာဏာသိမ်းချိန်မှစပြီး မြန်မာနိုင်ငံသည် နိုင်ငံရေး မငြိမ်သက်မှုများနှင့် ကြုံတွေ့ခဲ့ရပြီး ဒီမိုကရေစီလှုပ်ရှားမှုကို ထောက်ခံ၍ အလုပ်မဆင်းဘဲ ဆက်လက်သပိတ်မှောက်နေသော ကျန်းမာရေးဝန်ထမ်းများကြောင့် ဆေးရုံများတွင် လူလွတ်နေပြီး လတ်တလော ပြန့်ပွားနေသည့် ကိုဗစ်-၁၉ တတိယလှိုင်း ရိုက်ခတ်မှုဒဏ်ကို အပြင်းအထန် ခံစားနေရသည်။

မြန်မာနိုင်ငံမြောက်ပိုင်းတွင် ဆယ်စုနှစ်ပေါင်းများစွာ မြန်မာစစ်တပ်ကို တိုက်ခိုက်နေသည့် ကေအိုင်အေအဖွဲ့သည် ယူနန်ပြည်နယ် အာဏာပိုင်များထံမှ ကိုဗစ်-၁၉ ကာကွယ်ဆေး အလုံး၁၀,၀၀၀ ရရှိခဲ့သည်ဟု ကေအိုင်အေအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက အေအက်ဖ်ပီသို့ ပြောသည်။

“ကေအိုင်အေက တရုတ်ကိုအကူအညီတောင်းတယ်။ တရုတ်က ကျနော်တို့ကို ကူညီတဲ့အနေနဲ့ ကာကွယ်ဆေးတွေ ပေးလိုက်တယ်”ဟု ၎င်းက ပြောသည်။ သို့သော် လက်ခံရရှိသည့် ကာကွယ်ဆေးအမျိုးအစားနှင့် ကာကွယ်ဆေးပထမအသုတ် ရောက်ရှိမည့်အချိန်ကိုမူ ၎င်းက ဖြေကြားခဲ့ခြင်းမရှိပေ။

အချို့ကာကွယ်ဆေးများကို ငွေပေးချေ၍ ဝယ်ယူထားခြင်းဖြစ်ပြီး အချို့မှာမူ တရုတ်အစိုးရက လှူဒါန်းခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။ သို့သော် အသေးစိတ် အချက်အလက်များကိုမူ ထုတ်ဖော်ပြောဆိုရန် ၎င်းက ငြင်းဆန်ခဲ့သည်။

မြန်မာနိုင်ငံအတွင်း နေ့စဉ်နှင့်အမျှ တိုးပွားနေသော ကိုဗစ်-၁၉ အတည်ပြုလူနာအရေအတွက်ကြောင့် အိမ်နီးချင်းတရုတ်နိုင်ငံရှိ နယ်စပ်အာဏာပိုင်များက ကိုဗစ်-၁၉ နယ်စပ်ဖြတ်ကျော် ပျံ့နှံ့လာမည်ကို စိုးရိမ်ကြသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဇန်နဝါရီလနှောင်းပိုင်းမှစတင်၍ နေ့စဉ်အမြင့်ဆုံး ကိုဗစ်-၁၉အတည်ပြုလူနာသစ်တွေ့ရှိမှုသည် ၅၇ဦးအထိ ရှိခဲ့ကြောင်း တရုတ်အစိုးရက ဇူလိုင်လဆန်းပိုင်းတွင် ကြေညာခဲ့ပြီး မြန်မာနိုင်ငံနှင့်ကပ်လျက် ရွှေလီမြို့တွင်မူ လူနာသစ်၁၅ဦးတွေ့ရှိခဲ့ကြောင်း တရုတ်အစိုးက ထုတ်ပြန်ထားသည်။

၎င်းတို့အနက် ၁၂ ဦးမှာ မြန်မာနိုင်ငံသားများဖြစ်သည်ဟု ယူနန်ပြည်နယ် ကျန်းမာရေးအာဏာပိုင်များက ဆိုသည်။

တရုတ်အစိုးရက မြန်မာနိုင်ငံသို့ လှူဒါန်းသည့် Sinopharm ကိုဗစ်ကာကွယ်ဆေးအလုံးပေါင်း ၇၃၆,၀၀၀သည် ရန်ကုန်သို့ လွန်ခဲ့သည့် ရက်သတ္တပတ်က ရောက်ရှိခဲ့သည်။ မြန်မာအစိုးရကမူ တရုတ်မြန်မာနယ်စပ်တစ်လျှောက်တွင် နေထိုင်သူများကို ဦးစားပေး၍ ကာကွယ်ဆေးထိုးပေးမည်ဟု ဆိုသည်။

တရုတ်အစိုးရသည် ဖေဖော်ဝါရီအာဏာသိမ်းမှုကို “အာဏာသိမ်းမှု”ဟု ခေါ်ဆိုရန် ငြင်းဆန်နေဆဲဖြစ်သည်။

တရုတ်အစိုးရသည် ဆယ်စုနှစ်ပေါင်းများစွာ မြန်မာစစ်တပ်နှင့်တိုက်ပွဲများဖြစ်‌နေသော တရုတ်နယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်လည်း မဟာမိတ်ဖွဲ့ထားကြောင်း လေ့လာသူများက ဆိုသည်။

ဖေဖော်ဝါရီစစ်အာဏာသိမ်းမှုနောက်ပိုင်း ကေအိုင်အေနှင့် တပ်မတော်တို့အကြား ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့သည်။ မေလအတွင်း စစ်တပ်က ကေအိုင်အေလှုပ်ရှားရာနယ်မြေများတွင် လေကြောင်းစစ်ဆင်မှု ပြုလုပ်ခဲ့ပြီး ပြင်းထန်သော တိုက်ပွဲများအတွင်း မြန်မာစစ်တပ်၏ တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စီးကို ပစ်ချခဲ့သည်ဟု ကေအိုင်အေအဖွဲ့က အေအက်ဖ်ပီသို့ ပြောကြားထားသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.