5G စနစ်ဖော်ဆောင်ရန်အတွက် အူရီဒူးနှင့် ZTE ပူးပေါင်းဆောင်ရွက်မည်

မြန်မာနိုင်ငံတွင် 5G ကွန်ရက်ဖြန့်ကြက်ပေးနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် တယ်လီကွန်းအော်ပရေတာတစ်ခုဖြစ်သည့် အူရီဒူးမြန်မာက တရုတ်နည်းပညာလုပ်ငန်းကြီးဖြစ်သည့် ZTE ကော်ပိုရေးရှင်းနှင့် သဘောတူညီလိုက်ကာ နိုင်ငံတကာအဆင့်မီ ဆက်သွယ်ရေးအခြေခံအဆောက်အအုံ ပြည့်စုံစေရန်အတွက် ZTE Corporation ၏ နည်းပညာကျွမ်းကျင်မှုကို အသုံးပြုပြီး အထောက်အပံ့ပေးသွားမည်ဟု အူရီဒူးမြန်မာက ပြောကြားသည်။

ပူးပေါင်းဆောင်ရွက်မှုအတွက် သဘောတူညီချက်ကို အူရီဒူးမြန်မာ၏ ယာယီအမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr. Alok Verma နှင့် ZTE Myanmar ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr. YanChangzhi တို့က အူရီဒူးမြန်မာရုံးချုပ်တွင် မေ ၁၅ ရက်နေ့၌ လက်မှတ်ရေးထိုးခဲ့ကြသည်။

“အဆင့်မြင့် ဆက်သွယ်ရေးနည်းပညာကဏ္ဍမှာ ဦးဆောင်နေတဲ့ ZTE Corporation နဲ့ ဒီနေ့မှာ ပူးပေါင်းဆောင်ရွက်ခွင့်ရရှိမှုကို ဝမ်းမြောက်စွာနဲ့ ကြေညာလိုပါတယ်။ အူရီဒူးအနေနဲ့ 5G ဟာ မြင့်မားတဲ့ မြန်နှုန်း၊ အနည်းဆုံးသော အချက်အလက်ပေးပို့ဆက်သွယ်ပြန်ကြားမှုကြာချိန် နဲ့ ပိုမိုသာလွန်တဲ့ လုပ်ဆောင်နိုင်စွမ်းရည်တို့နဲ့အတူ မျိုးဆက်သစ် ကြိုးမဲ့ နည်းပညာက လုပ်ဆောင်ပေးသွားမှာ ဖြစ်တဲ့အပြင် ရွှေ့လျားသွားလာမှု၊ ကုန်ထုတ်လုပ်မှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊ သယ်ယူပို့ဆောင်မှု နဲ့ အခြားသော စက်မှုလုပ်ငန်းတွေအတွက် အလားအလာကောင်းများကို ဖြစ်ပေါ်စေမှာလည်း ဖြစ်တယ်ဆိုတာကို သိရှိထားပါတယ်” ဟု Mr. Alok Verma က ပြောကြားသည်။

ပူးပေါင်းဆောင်ရွက်မှု၏ ကနဦးအနေဖြင့် အူရီဒူးမြန်မာနှင့် ZTE Corporation တို့သည် 5G ကွန်ရက်ကို ဖြန့်ကြက်နိုင်ရန်အတွက် ပတ်ဝန်းကျင်အလိုက် အလားလာရှိနိုင်သော စမ်းသပ်စစ်ဆေးချက်များကို လုပ်ဆောင်သွားမည်ဖြစ်သည်။ ကွန်ရက်ကို အသုံးပြုနိုင်ရန် စတင်သည့်အချိန်တွင် အကောင်းဆုံး အရည်အသွေးရှိသော ဝန်ဆောင်မှုကို ပေးနိုင်သည့် နည်းပညာတစ်ခုဖြစ်စေရန်အတွက် ပတ်ဝန်းကျင်အလိုက် စမ်းသပ်စစ်ဆေးချက်များကို အသုံးချပြီး 5G ကွန်ရက်၏ စွမ်းရည်ကို သုံးသပ်မည်ဖြစ်သည်ဟုဆိုသည်။

“ယခု ပူးပေါင်းဆောင်ရွက်မှုကနေပြီး အူရီဒူးရဲ့ ကမ္ဘာတဝန်း 5G ကွန်ရက်လွှမ်းခြုံနိုင်ရန် ရည်မှန်းချက်အပေါ် အကျိုးရှိရှိ အသုံးချဆောင်ရွက်ပေးဖို့ မျှော်မှန်းပါတယ်”ဟု ZTE Corporation ၏ SVP ဖြစ်သူ Mr. MeiZhonghua ကပြောကြားသည်။

အူရီဒူးသည် မျိုးဆက်သစ်ကွန်ရက်ဖြစ်သည့် 5G ကြိုးမဲ့ဆက်သွယ်ရေးနည်းပညာကို ၂၀၁၄ ခုနှစ်ကတည်းမှစတင်ကာ စမ်းသပ်မှုများ စတင်လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။ ကမ္ဘာတဝန်းရှိ အခြားဒေသများတွင်တည်ရှိသော အူရီဒူးလုပ်ငန်းများသည် 5G မိုဘိုင်းကွန်ရက်ကို စမ်းသပ်ခြင်း၊ ကနဦး စတင်အသုံးပြုခွင့်ပေးခြင်းနှင့် သုံးစွဲသူအများအပြား အသုံးပြုနိုင်ရန်မိတ်ဆက်ခြင်းတို့ကို ပြုလုပ်ပေးခြင်းဖြင့် ကမ္ဘာပေါ်တွင် ပထမဦးဆုံးသော 5G ဝန်ဆောင်မှုပေးနိုင်ခြင်းကို မှတ်တမ်းတင်နိုင်ရန် လွန်ခဲ့သည့်လအနည်းငယ်က စတင်လုပ်ဆောင်ခဲ့သည်ဟု အူရီဒူးကဆိုသည်။

ထို့နောက် 5G ကို ၂၀၁၈ ခုနှစ်၊ မေလတွင် ကာတာ၌ စတင်မိတ်ဆက်ပေးနိုင်ခဲ့ပြီး ကမ္ဘာတဝန်းတွင် ပထမဦးဆုံး 5G ကွန်ရက် စတင်မိတ်ဆက်ပေးနိုင်ခဲ့သည့် ဆက်သွယ်ရေးအော်ပရေတာအဖြစ် ဆက်သွယ်ရေးသမိုင်း၌ မှတ်တမ်းတင်နိုင်ခဲ့သည်။

5G ဟာဆိုရင် အနာဂတ်အတွက် ကြိုးမဲ့ဆက်သွယ်ရေးနည်းပညာဖြစ်ပြီး 4G ထက် အဆ ၁၀၀ ပိုမိုမြန်ဆန်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.