4G Plus ဝန်ဆောင်မှုအား စတင်အသုံးပြုနိုင်ပြီဟု အူရီဒူးက ကြေညာ

ရန်ကုန်၊ မေ ၁၀

ရန်ကုန်နှင့် မန္တလေးမြို့များတွင် 4G Plus ဝန်ဆောင်မှုအား ယခုမေလမှ စတင်ကာ အသုံးပြုနိုင်ပြီဟု အူရီဒူးက ယနေ့ကြေညာလိုက်သည်။

“မြန်မာနိုင်ငံမှာ 4G Plus ဝန်ဆောင်မှုတွေကို မိတ်ဆက်နိုင်တဲ့အတွက် ဝမ်းသာပါတယ်။ မြန်မာပြည်သူလူထုအတွက် ကမ္ဘာ့အဆင့်မီ အင်တာနက်ဝန်ဆောင်မှုတွေကို ထပ်ဆောင် တဆင့်တက် ပေးနိုင်တော့မှာပါ”ဟု အူရီဒူးမြန်မာ၏ အမှုဆောင်အရာရှိချုပ် Rene Meza က ပြောကြားသည်။

“4G ဆိုတာ မက်စရာကောင်းတဲ့ ဒေတာဝန်ဆောင်မှုပါ။ သုံးစွဲသူအများစုမှာ 4G ဟန်းဆက်မရှိသေးတဲ့အတွက် 4G ဝန်ဆောင်မှုရဲ့အသီးအပွင့်အားလုံး ခံစားရမှာ မဟုတ်သေးပါ။ ဒါပေမယ့် နိုင်ငံနဲ့အဝှမ်း 3G ကွန်ရက်ဆက်ချဲ့နေတာမို့ ကွန်ရက်မိတဲ့နေရာတွေမှာ 3G ကွန်ရက်ကို တိုးပြီးအသုံးပြုနိုင်ကြမှာပါ” ဟု ၎င်းကပြောသည်။

“၂၀၁၄ ခုနှစ်ကစလို့ အစကတည်းက အကောင်းဆုံး အတွက်ပဲ ရင်းနှီးမြှုပ်နှံလာခဲ့တာရဲ့အကျိုးကျေးဇူးကို အခုပြန်ခံစားရတာပါ။ အခုဆို အူရီဒူးသုံးစွဲသူတွေရဲ့အများစုဟာ အင်တာနက်အတွက်သုံးနေကြတာပါ။ ဖုန်းမှာရှိတဲ့ ဆက်တင်ကိုပြောင်းလိုက်တာနဲ့ 4G ဝန်ဆောင်မှုရတဲ့နေရာတွေမှာ အသင့်သုံးရုံပါ။ လုံးဝကို မခက်ပါဘူး” ဟု ၎င်းကပြောသည်။

အူရီဒူးသည် ပြီးခဲ့သည့် မတ်လကုန်တွင် တာဝါတိုင်ပေါင်း ၃,၈၀၀ ကျော်ဖြင့် မြန်မာနိုင်ငံလူဦးရေ၏ ၈၀ % ကျော်ကို ကွန်ရက်လွှမ်းခြုံထားရာ ယခုဝန်ဆောင်မှုအား အခြားဒေသများတွင်လည်း ချဲ့ထွင်ပေးအပ်သွားမည်ဟု သတင်းထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

“Fourth Generation Service” ၏ အတိုကောက်စာလုံးဖြစ်သည့် 4G သည် မျိုးဆက်သစ် မြန်နှုန်းမြင့် အင်တာနက် ဝန်ဆောင်မှုတစ်ခုဖြစ်သည်။

မြန်မာ့မိုဘိုင်းဖုန်းဆက်သွယ်ရေးလုပ်ငန်းတွင် အစိုးရပိုင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (အမ်ပီတီ)က လက်ဝါးကြီးအုပ်ထားမှုကို ပြီးဆုံးစေရန်အတွက် မိုဘိုင်းဖုန်းအော်ပရေတာ လိုင်စင်နှစ်ခု ချထားပေးရန်၂၀၁၃ ခုနှစ်တွင် မြန်မာအစိုးရက  နိုင်ငံတကာတင်ဒါ ခေါ်ဆိုခဲ့သည်။ ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် နော်ဝေနိုင်ငံမှ တယ်လီနောနှင့် ကာတာနိုင်ငံမှ အော်ရီဒူးတို့အား တယ်လီကွန်းလိုင်စင်များ ချထားပေးခဲ့သည်။ ထိုအချိန်မှ စတင်ပြီး နိုင်ငံတွင်း မိုဘိုင်းဖုန်း ပျံနှံမှုနှုန်း တရှိန်ထိုးမြင့်တက်လာခဲ့ရာ ယခင် ၉ ဒသမ ၅ ရာခိုင်နှုန်းမှ ၂၀၁၅ ခုနှစ်အကုန်တွင် ၇၇ ဒသမ ၇ အထိ ရောက်ရှိသွားခဲ့သည်။

ထို့ပြင် စတုထ္တမြောက် ဆက်သွယ်ရေးလိုင်စင်အား ဗီယက်နမ်နိုင်ငံမှ Viettel နှင့် ပြည်တွင်းမှ လုပ်ငန်းများ စုပေါင်းထားသည့် ဖက်စပ်လုပ်ငန်းအား ခွင့်ပြုပေးရန်လည်း ပြင်ဆင်နေသည်။

သတင်း- ဆန်းဦး

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.