4G ဝန်ဆောင်မှုအတွက် လှိုင်းနှုန်းစဉ် ထပ်မံရယူရန် တယ်လီနောက ဒေါ်လာသန်း ၈၀ ထပ်မံ ရင်းနှီးမြှုပ်နှံ

တယ်လီနောမြန်မာအနေဖြင့် ၁၈၀၀ MHz လှိုင်းနှုန်းစဉ်၏ ၂ X ၁၀ MHz ကို ထပ်ဆောင်း ရယူရန် အမေရိကန်ဒေါ်လာ သန်း ၈၀ ထပ်မံရင်းနှီးမြုပ်နှံသွားမည်ဟု ပြောကြားသည်။

၁၈၀၀ MHz လှိုင်းနှုန်းစဉ်၏ ပထမဆုံး ၂ X ၁၀ MHz ကို ဒေါ်လာသန်း ၈၀ ဖြင့် ပြီးခဲ့သည့် မေလတွင် တယ်လီနောက အသုံးပြုခွင့်ရရှိထားပြီး ဖြစ်သည်။  ယင်းအသုံးပြုခွင့်လုပ်ငန်းစဉ်တွင် ထပ်ဆောင်း လှိုင်းနှုန်းစဉ်များကို အများဆုံး ၂X၁၀ MHz အထိ ဆက်သွယ်ရေး အော်ပရေတာများအား ထပ်မံ ရယူခွင့်ပြုထားပြီး ဦးစွာ လျှောက်ထားသူအား ဦးစားပေး အသုံးပြုခွင့်စနစ်ဖြင့် အစိုးရက ခွင့်ပြုထားသည်။ တယ်လီနောသည် ၁၈၀၀ MHz လှိုင်းနှုန်းစဉ်၏ ထပ်ဆောင်း လှိုင်းနှုန်းစဉ်များရယူခွင့်ကို ရယူ အသုံးပြုသည့် ပထမဆုံး ဆက်သွယ်ရေး အော်ပရေတာဖြစ်ပြီး စစ်မှန်သော 4G ဝန်ဆောင်မှုများကို တိုးချဲ့ပေးအပ်နိုင်ရေးအတွက် လှိုင်းနှုန်းစဉ်များ အလုံအလောက် အသုံးပြုသည့် အခြေအနေကို ပိုမိုခိုင်မာစေမည်ဟု ဒီဇင်ဘာ ၁၅ ရက်နေ့တွင် တယ်လီနောက သတင်းထုတ်ပြန်သည်။

“လှိုင်းနှုန်းစဉ်အသုံးပြုမှုကို နှစ်ဆတိုးမြင့်လိုက်တာဖြစ်လို့ သုံးစွဲသူတွေအနေနဲ့ တည်ငြိမ်ချောမွေ့ပြီး အပျက်အတောက်ကင်းတဲ့ အင်တာနက် ဝန်ဆောင်မှုတွေကို လက်ငင်း ပိုမိုတွေ့ကြုံရရှိကြမှာ ဖြစ်သလို အဆောက်အအုံတွေရဲ့ အတွင်းပိုင်းကျကျ နေရာတွေအထိကိုပါ ပိုမိုကောင်းမွန်တဲ့ ကွန်ရက်လွှမ်းခြုံမှုတွေ ရှိလာမှာလည်း ဖြစ်ပါတယ်” ဟု တယ်လီနော၏ အမှုဆောင်အရာရှိချုပ် Lars Erik Tellmann က ပြောသည်။

ပြီးခဲ့သည့် ၆ လအတွင်း 4G ကွန်ရက်ကို တယ်လီနောက တိုးချဲ့နေရာ ယခုနှစ်အကုန်တွင် မြန်မာနိုင်ငံ၏ မြို့ကြီးများနှင့် ထင်ရှားသော ခရီးသွားနေရာများအပါအဝင် နေရာ ၅၀ အား ကွန်ရက် လွှမ်းခြုံထားရန် စီမံဆောင်ရွက်လျက် ရှိပါသည်ဟုဆိုသည်။ ထို့ကြောင့် မြန်မာနိုင်ငံရှိ မြို့ပြလူဦးရေ စုစုပေါင်း၏ သုံးပုံ နှစ်ပုံသည် တယ်လီနော၏ 4G ကွန်ရက် လွှမ်းခြုံမှုအောက်တွင် ရှိနေသည့် အခြေအနေသို့ ရောက်ရှိလာပြီဟုလည်း တယ်လီနောက ပြောကြားသည်။

“မြန်မာနိုင်ငံအနေနဲ့ ဒစ်ဂျစ်တယ်အခြေပြု စီးပွားရေးကဏ္ဍကို အရှိန်အဟုန်နဲ့ ဖော်ဆောင်သွားဖို့ ရှင်းလင်းသေချာတဲ့ ရည်မှန်းချက်ရှိနေပြီး အဆင့်မြင့် ဆက်သွယ်ရေးအခြေခံ အဆောက်အအုံတွေ တိုးချဲ့ ဖော်ဆောင်မှုက နိုင်ငံရဲ့ ဒစ်ဂျစ်တယ် အခြေပြု ပြုပြင်ပြောင်းလဲမှုတွေအတွက် အများကြီး အထောက်အကူ ပြုမယ်လို့ ကျွန်တော်တို့ ယုံကြည်ထားပါတယ်”ဟု Tellmann က ပြောကြားသည်။ 

၂၀၁၃ ခုနှစ် လုပ်ငန်းများစတင်သည်မှ ယနေ့အချိန်အထိ ဒေါ်လာ ၂ ဘီလျံကျော်ကို တယ်လီနောက ရင်းနှီးမြုပ်နှံထားပြီးဖြစ်သည်ဟု တယ်လီနော၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုအခါ တာဝါတိုင်ပေါင်း ၈,၀၀၀ ခန့်ကို အသုံးပြု၍ ပြည်နယ်နှင့် တိုင်း ဒေသကြီးအားလုံးမှ သုံးစွဲသူ ၁၉ သန်းကျော်ကို ဝန်ဆောင်မှုများ ပေးအပ်နေသည်ဟု ဆိုသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar