၂၁ ရာစု ပင်လုံညီလာခံသို့ ဘန်ကီမွန်း တက်ရောက် မိန့်ခွန်းပြောမည်

ယခုလကုန်မှာ စတင်ကျင်းပတော့မယ့် ၂၁ ရာစု ပင်လုံညီလာခံကို ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းတက်ရောက်မယ်လို့ အေအက်ဖ်ပီ သတင်းဌာနက ရေးသားထားပါတယ်။

“သူတက်ရောက်ပါလိမ့်မယ်။ ကျွန်တော်တို့ သူ့ကို ဖိတ်ကြားခဲ့ပြီး သူကလည်း တက်ရောက်လိုပါတယ်” လို့ သမ္မတရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက အေအက်ဖ်ပီကို သြဂုတ် ၂၂ ရက်နေ့က ပြောကြားထားပါတယ်။

မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများမှာ နှစ်ပေါင်းများစွာ ဖြစ်ပေါ်နေတဲ့ စစ်ပွဲတွေကို အဆုံးသတ်သွားစေရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံး တက်ရောက်မယ့် အဆိုပါညီလာခံကို ကျင်းပဖို့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရက စီစဉ်ခဲ့တာ ဖြစ်ပါတယ်။

ဒီ ၂၁ ရာစု ပင်လုံညီလာခံကို သြဂုတ် ၃၁ ရက်နေ့ကနေ စတင်ပြီးတော့ ငါးရက်တိုင် နေပြည်တော်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

မစ္စတာဘန်ကီမွန်းတက်ရောက်မယ့်အကြောင်းကို ကရင်အမျိုးသားအစည်းအရုံးက စောကွယ်ထူးဝင်းကလည်း အတည်ပြု ပြောကြားခဲ့ပါတယ်။

“ကုလသမဂ္ဂအထွေထွေ အတွင်းရေးချုပ် တက်ရောက်ပြီး မိန့်ခွန်းပြောပါလိမ့်မယ်။ ဒါပေမယ့် ဘယ်နေ့လဲဆိုတာကိုတော့ ကျွန်တော်တို့ မသိသေးပါဘူး” လို့ သူက အေအက်ဖ်ပီကို ပြောပါတယ်။

ညီလာခံကို မစ္စတာဘန်ကီမွန်း တက်ရောက်ခြင်းအားဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် နိုင်ငံတကာက ကူညီမှုတွေကို ပေါင်းစည်းစေဖို့ အကူအညီ ဖြစ်စေမှာ ဖြစ်ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့အချို့ဟာ အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးထားပေမယ့် တိုက်ခိုက်မှုတွေ အချိန်မရွေး ပြန်လည် ဖြစ်ပေါ်လာနိုင်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ဒီလုပ်ငန်းစဉ်ကို အမြန်ဆောင်ရွက်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။

အချို့လက်နက်ကိုင် တပ်ဖွဲ့တွေကတော့ လက်မှတ်ထိုးဖို့ ငြင်းဆိုထားကြဆဲဖြစ်ပြီး တပ်မတော်နဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။

အခုကျင်းပမယ့် ပထမအကြိမ် ညီလာခံမှာတော့ လက်မှတ်မရေးထိုးရသေးတဲ့ အဖွဲ့တွေကိုလည်း တက်ရောက်ခွင့် ပြုမယ်လို့ ဆိုထားပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar