၂၁ ရာစုပင်လုံ တက်ရောက်ခွင့်အား အာဏာရပါတီက အသာစီး ယူသွားမည်ကို ပါတီငယ်များ စိုးရိမ်

လွှတ်တော်များကို ကိုယ်စားပြု၍ ၂၁ ရာစု ပင်လုံညီလာခံ တက်ခွင့်ရမည့် ကိုယ်စားလှယ် ရွေးချယ်ရာ၌ အာဏာရပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က စိတ်ကြိုက်ခြယ်လှယ်သွားမည်ကို စိုးရိမ်ပူပန်နေသည်ဟု ပြည်ထောင်စုလွှတ်တော်ရှိ တိုင်းရင်းသားပါတီဝင်အချို့က ထုတ်ဖော် ပြောကြားကြသည်။

“ဥပမာ ရခိုင်ကို ကိုယ်စားပြုတဲ့ လွှတ်တော်ကိုယ်စားလှယ် ယူတဲ့အခါမှာ ရခိုင်အမျိုးသားပါတီကို ကိုယ်စားပြုတဲ့ သူမယူဘဲ NLD က နိုင်တဲ့သူတွေကို ဒါရခိုင်ပဲဆိုပြီး ယူသွားမယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ တကယ် စိုးရိမ်ပါတယ်” ဟု ရခိုင်အမျိုးသားပါတီ ကိုယ်စားလှယ် ဦးဦးလှစောက ပြောသည်။

နေပြည်တော်ရှိ စည်ပင်ဧည့်ရိပ်သာတွင် သြဂုတ် ၉ ရက်နေ့က ကျင်းပသည့် တိုင်းရင်းသားပါတီကိုယ်စားပြု ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးပွဲတွင် ၎င်းက ပြောကြားခြင်းဖြစ်သည်။

ဆွေးနွေးပွဲ တက်ရောက်လာသည့် တိုင်းရင်းသားပါတီများက ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေး၊ ဖွဲ့စည်းပုံ ပြင်ဆင်ရေး၊ ပြည်တွင်းငြိမ်းချမ်ရေး ကိစ္စများကို ဖြေရှင်းရေး အလှည့်အပြောင်းမှာ ၂၁ ရာစု ပင်လုံညီလာခံဖြစ်သည်ဟု ပြောဆို ထောက်ခံကြသော်လည်း လူနည်းစုများ၊ လက်နက်ကိုင်တပ်ဖွဲ့မရှိသော တိုင်းရင်းသားပါတီများ၏ ကိုယ်စားပြုခွင့် နည်းပါးနိုင်သည့် အခြေအနေ ဖြစ်မလာရေး နည်းလမ်းရှာဖွေရမည်ဟုလည်း ယုံကြည်နေကြသည်။

“ဘယ်လိုရွေးကြမလဲ။ ဘယ်သူ့ရွေးမလဲ။ ဘယ်သူဦးဆောင်ရွေးမလဲ။ အဲဒီမှာ လွှတ်တော်က တိုင်းရင်းသားပါတီတွေရဲ့ ကိုယ်စားလှယ်တွေ ပါဝင်နိုင်ဖို့ ချိန်ညှိပေးပါ။ ဒါ ကျွန်တော်တို့ တောင်းဆိုရမှာပဲ” ဟု ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်ပါတီ ကိုယ်စားလျယ် ဦးခွန်မောင်သောင်းက ပြောသည်။

ပြည်သူ့လွှတ်တော်၊ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ ဥက္ကဋ္ဌလည်းဖြစ်သူ ၎င်းက ၂၁ ရာစုပင်လုံညီလာခံ ဖြစ်မြောက်ရေးအတွက် မျိုးနွယ်စုကြီးသည်၊ ငယ်သည် ပြောမနေဘဲ ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးကြရန်လည်း တိုက်တွန်းခဲ့သည်။

လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ကိုယ်စားလှယ် ဦးလာမာလေးကလည်း အစိုးရအဆက်ဆက်၏ လုပ်ဆောင်ခဲ့မှုများအတိုင်း အင်အားပေါ်အခြေတည်၍ ဆောင်ရွက်မှုများ ထပ်မဖြစ်ရန် ဝိုင်းဝန်းကြိုးပမ်းသင့်ကြောင်း ဆွေးနွေးသွားသည်။ “လက်နက်ကိုင်အဖွဲ့အစည်းရှိတဲ့ လူမျိုးရဲ့ပါတီကိုပဲ ဦးစားပေးမယ်ဆိုရင် ကျွန်တော်တို့နိုင်ငံ ဘယ်တော့မှ ငြိမ်းချမ်းရေးရမှာ မဟုတ်ဘူး” ဟု ၎င်းက ပြောသည်။

သို့သော် မည်သူတို့ပါဝင်မည်နှင့် မည်သည့်အချက်များဖြင့် မည်သူ့ထံ တောင်းဆိုမည်တို့အား ဆုံးဖြတ်ရန်ကိစ္စတွင်မူ တိုင်းရင်းသားပါတီများ သဘောထား ကွဲလွဲခဲ့ကြသည်။

ထိုအခြေအနေတွင် ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားလှယ် ပူဂင်ကမ်းလျှန်က ၁၉၉၃ ခုနှစ်တွင် ကျင်းပခဲ့သည့် အမျိုးသားညီလာခံကို နမူနာပြ၍ သူပါမည်ကိုယ်ပါမည်ချည်း ကြိုးစားနေပါက လူများပြီး အလုပ်မဖြစ်နိုင်ဟု ပြောဆိုသည်။

“ဖက်ဒရယ် မလိုချင်တဲ့သူတွေရဲ့အကြိုက် ဖြစ်သွားလိမ့်မယ်၊ ဒို့ခေါ်ပေးတာပဲ သူတို့တိုင်းရင်းသားတွေမတည့်လို့ အလုပ်မဖြစ်ဘူး ပြောလိမ့်မယ်။ ဒါသတိထားဖို့ အရေးကြီးတယ်” ဟု ၎င်းက ပြောသည်။

သြဂုတ် ၃၁ ရက်နေ့တွင် စတင်ကျင်းပတော့မည့် ၂၁ ရာစ ုပင်လုံညီလာခံကို အစိုးရနှင့် လွှတ်တော်မှ ဦးရေ ၁၅၀၊ တပ်မတော်ဖက်မှ ၁၅၀၊ နိုင်ငံရေးပါတီများမှ ၁၅၀၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ ၁၅၀ တိုင်းရင်းသားကိုယ်စားလှယ်နှင့် ပါဝင်သင့်ပါဝင်ထိုက်သူ ၅၀ ဦးစီ၊ စုစုပေါင်း ၇၀၀ ဦးဖြင့် ကျင်းပရန် အစိုးရက စီစဉ်နေသည်။

ထို့ကြောင့် ပြည်ထောင်စုလွှတ်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်များ စုစုပေါင်းရရှိမည့် ၇၅ နေရာတွင် ၎င်းတို့ မပါဝင်ရလျှင်ဟူသော စိုးရိမ်စိတ်များ ရွေးကောက်ခံ တိုင်းရင်းသားပါတီငယ်အချို့တွင် ရှိနေကြသည်။

ယနေ့ပြုလုပ်သည့် အစည်းအဝေးတွင် NLDနှင့် အင်အားကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကဲ့သို့သော ပါတီကြီးများ ပါဝင်ခြင်းမရှိစေဘဲ ပြည်ထောင်စု လွှတ်တော်တွင်းရှိ အင်အားနည်းပါတီ ၂၂ ပါတီမှ ကိုယ်စားလှယ်များ သီးသန့်တွေ့ဆုံကြခြင်း ဖြစ်သည်။

တွေ့ဆုံပွဲကို ကမကထပြု စီစဉ်သည့် ရခိုင်အမျိုးသားပါတီ၊ တအာင်း(ပလောင်) အမျိုးသားပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ဇိုမီး ဒီမိုကရေစီအဖွဲ့ချုပ်၊ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ၊ ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ၊ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်နှင့် မွန်အမျိုးသားပါတီတို့မှ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၃၀ ဦးကျော် တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဆုံးဖြတ်ချက်တစ်စုံတစ်ရာ မချမှတ်နိုင်ဘဲ သြဂုတ် ၁၅ ရက်နေ့ နောက်ပိုင်း သင့်တော်သည့်အချိန်တွင် အမြန်ဆုံးတွေ့ဆုံရန်သာ လျာထားနိုင်ခဲ့သည်။

၂၁ ရာစု ပင်လုံညီလာခံ၏ လက်ရှိအခြေအနေမှာလည်း စတင်မည့်ရက်မတိုင်မီ ရက်သတ္တပတ်သုံးပတ်အလိုအထိ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့အကြား ဆွေးနွေးပွဲ တက်ခွင့်ရမည့် ဦးရေနှင့် အစုအဖွဲ့ သတ်မှတ်ချက်များ ပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင် ပြန်လည် ညှိနှိုင်းခြင်းလုပ်ငန်းများ ပြီးပြတ်ခြင်း မရှိသေးပေ။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar