၂၁ ရာစုပင်လုံ ညီလာခံကို သပိတ်မှောက်ရန် ချင်းအမျိုးသားတပ်ဦး စဉ်းစားနေ

နေပြည်တော်၊ ဖေဖော်ဝါရီ ၆

ယခုလကုန်မှာ ကျင်းပနိုင်ဖို့ မျှော်မှန်းပြင်ဆင်နေတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစုပင်လုံ ဒုတိယ အစည်းအဝေးကို မတက်ရောက်ဖို့ စဉ်းစားနေတယ်လို့ ချင်းအမျိုး သားတပ်ဦး (CNF) ဒုတိယဥက္ကဋ္ဌ ၂ ဒေါက်တာဆလိုင်းလျန်မုန်းက Frontier ကို ပြောပါတယ်။

“တစ်ကယ်လို့ ချင်းပြည်နယ်အတွင်း အချိန်မီ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ မကျင်းပနိုင်ဘူးဆိုရင် CNF အနေနဲ့ လာမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ တက်မယ်၊ မတက်ဘူးဆိုတာကို ပြန်စဉ်းစားရလိမ့်မယ်” လို့ သူက ပြောကြားလိုက်တာ ဖြစ်ပါတယ်။

အကြောင်းကတော့ ဒုတိယအကြိမ် ညီလာခံမတိုင်မီ လက်ကျန်ရက် ၂၀ ကျော်အတွင်း ချင်းပြည်နယ်မှာ လူမျိုးစုကို အခြေခံတဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ပြုလုပ်ဖို့ မဖြစ်နိုင်ဘူးလို့ ဒီနေ့ နေပြည်တော်ရှိ သင်္ဂဟဟိုတယ်မှာ ကျင်းပတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) အစည်းအဝေးက ဆုံးဖြတ်လိုက်လို့ ဖြစ်ပါတယ်။

“ကျွန်တော်တို့ဖက်မှာတော့ အားလုံး အဆင်သင့်ဖြစ်တယ်။ အဆင်သင့်မဖြစ်တာဆိုလို့ ချင်းပြည်နယ် အစိုးရက ဗဟိုကနေ ညွှန်ကြားချက်မလာသေးဘူးလို့ ပြောတဲ့တစ်ချက်ပဲရှိတယ်။ အဲဒါကို ဒီကနေ့ UPDJC အစည်းအဝေးမှာ ဆွေးနွေးတဲ့အခါကျတော့ ကျွန်တော်တို့ အဆင်သင့်မဖြစ်သေးဘူးဆိုတဲ့ ဆုံးဖြတ်ချက်ချတယ်” လို့ ဒေါက်တာဆလိုင်းလျန်မုန်းက ပြောပါတယ်။

ဒီနေ့ UPDJC အစည်းအဝေးက နေပြည်တော်မှာ ယခုလ ၂၈ ရက်နေ့မှာ ကျင်းပမယ့် ဒုတိယအကြိမ် ညီလာခံမတိုင်ခင် ကြားကာလအတွင်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို ချင်းနဲ့ ရခိုင်ပြည်နယ်တို့မှာ မလုပ်တော့ဖို့ ဆုံးဖြတ်ခဲ့ပေမယ့် ရှမ်းပြည်နယ် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်း (RCSS/SSA) ထိန်းချုပ်ရာနယ်မြေနဲ့ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တို့မှာတော့ ကျင်းပခွင့် ပြုခဲ့ပါတယ်။

သမ္မတရုံး၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကတော့ ပြီးခဲ့တဲ့လအတွင်း ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ ကျင်းပနိုင်ခဲ့တဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေလို ဒုတိယအကြိမ် ညီလာခံမတိုင်မီ လက်ကျန်အချိန်အတွင်း အောင်အောင်မြင်မြင် ကျင်းပနိုင်မယ့် ဒေသတွေကို UPDJC အနေနဲ့ ရွေးချယ်ခွင့်ပြုပေးတာလို့ ပြောပါတယ်။

“ချင်းနဲ့ရခိုင်ကို မလုပ်ရဘူးလို့ ပြောတာမဟုတ်ဘူး။ နယ်မြေအခြေအနေ၊ နိုင်ငံရေးအခြေအနေ၊ လုံခြုံရေး အခြေအနေအရ၊ နောက်တစ်ချက်က ဒီကြားကာလအတွင်းမှာ ပြီးပြတ်အောင် ဆောင်ရွက်နိုင်မယ့်အနေအထား၊ ဒါတွေကိုကြည့်တာပါ”လို့ UPDJC အစည်းအဝေးအပြီး မီဒီယာတွေနဲ့ တွေ့ဆုံစဉ်မှာ ဦးဇော်ဌေးက ရှင်းပြပါတယ်။

ဒေါက်တာဆလိုင်းလျန်မုန်းကတော့ အစိုးရဖက်ကပေးတဲ့ အကြောင်းပြချက်တွေဟာ မခိုင်လုံဘူးလို့ ဆိုတယ်။ ချင်းပြည်နယ်မှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးပွဲတွေလုပ်နိုင်ဖို့ ပြည်နယ်အစိုးရအပါအဝင် နိုင်ငံရေးပါတီတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ တိုင်ပင်ဆွေးနွေးမှုတွေ ပြုလုပ်ပြီးဖြစ်တဲ့အကြောင်း အောက်တိုဘာလကတည်းက UPDJC ကို အကြောင်းကြားထားတယ်လို့ သူကပြောတယ်။

“အဆင်သင့်မဖြစ်သေးဘူးဆိုတာ ဘာအကြောင်းတရားလဲ။ နိုင်ငံရေးအရ ကျွန်တော်တို့ဖက်မှာ အဆင်သင့်ဖြစ်တယ်။ လုံခြုံရေးအရ ချင်းပြည်နယ်မှာ CNF နဲ့ တပ်မတော်ကြားမှာ တိုက်ပွဲတစ်ခါမှမရှိဘူး” လို့ ဒီနေ့ UPDJC အစည်းဝေးမှာ တိုင်းရင်းသားလက်နက်ကိုင်များ အစုအဖွဲ့ဖက်မှ တက်ရောက်ဆွေးနွေးသူ ဒေါက်တာ ဆလိုင်းလျန်မုန်းက ပြောပါတယ်။

မကြာခင်ကျင်းပမယ့် ဒုတိယအကြိမ် ၂၁ ရာစုပင်လုံမှာ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေက ထွက်ပေါ်လာတဲ့ ရလဒ်တွေကို အခြေခံပြီး ဆွေးနွေးကြမှာဖြစ်လို့ ချင်းပြည်နယ်မှာ အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲတွေ လုပ်ခွင့်မရတာဟာ နစ်နာမှုရှိတယ်လို့ CNF ဖက်က ယူဆထားတာဖြစ်ပါတယ်။

“တိုင်းပြည်အတွက် အင်မတန်အရေးကြီးတဲ့ ကျွန်တော်တို့လူမျိုးတွေရဲ့ အနာဂတ်ကံကြမ္မာကို အဆုံးအဖြတ် ပေးနိုင်တဲ့ ဆုံးဖြတ်ချက်တွေ ချရတော့မှာဖြစ်ပါတယ်။ အဲဒီလိုအရေးကြီးတဲ့ ဆုံးဖြတ်ချက်ချမယ့်ပွဲမှာ ကျွန်တော်တို့ လူမျိုးနဲ့ တိုင်ပင်မှုမရှိဘဲ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ မလုပ်ဘဲနဲ့ ဘာသွားတင်ပြမလဲ။ ကျွန်တော်တို့ ဘယ်ရလဒ်နဲ့ သွားဆွေးနွေးမလဲ။ ကျွန်တော်တို့အတွက် သေရေးရှင်ရေးတစ်မျှဖြစ်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲဖြစ်တယ်” လို့ ဒေါက်တာ ဆလိုင်းလျန်မုန်းက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပခွင့်မရသေးတာနဲ့ ပတ်သက်ပြီးလည်း ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က “ဒုတိယအကြိမ်ညီလာခံကို ကျွန်တော်တို့ပါတီအနေနဲ့ တက်မတက်၊ တက်ရင်ရော ဘာတွေဆွေးနွေးမလဲဆိုတာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးခေါ်ပြီး ဆုံးဖြတ်ဖို့ ရှိပါတယ်” လို့ Frontier ကို ပြောပါတယ်။

အပစ်ရပ်လက်မှတ်ထိုးပြီးသား အဖွဲ့တွေရှိတဲ့နေရာမှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပဖို့ UPDJC မှာ မူဝါဒရှိပေမယ့် ဒီနေ့အထိ အစိုးရဖက်က အပြည့်အဝ အကောင်အထည်ဖော်ရေးမှာ နှောင့်နှေး နေတယ်တယ်လို့လည်း ဒေါက်တာအေးမောင်က ဝေဖန်ပါတယ်။

အစိုးရနဲ့ အပစ်ရပ်စာချုပ် (NCA) ထိုးပြီးသား အဖွဲ့တွေကတော့ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသားတပ်မတော် (DKBA)၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်း (RCSS/SSA)၊ ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ ကရင် ငြိမ်းချမ်းရေး ကောင်စီ (KPC)၊ ရခိုင်အမျိုးသား လွတ်မြောက်ရေး ပါတီ (ALP)နှင့် ချင်း အမျိုးသားတပ်ဦး (CNF)တို့ဖြစ်ပါတယ်။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar