၂၀၁၆ ခုနှစ် ထင်ရှားကျော်ကြား ပုဂ္ဂိုလ်ကြီးများ – ပထမပိုင်း

ပြီးခဲ့သော ၁၂ လ အတွင်းမှာ မြန်မာနိုင်ငံကို အကောင်းအဆိုး အကျိုးသက်ရောက်စေခဲ့သူများကို Frontier က လေ့လာဆန်းစစ်ခဲ့သည်။ ထိုကာလကို လေ့လာကြည့်က မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုသည် တုံ့ဆိုင်းသွားမည့် အလားအလာ မရှိကြောင်း တွေ့ရမည်ဖြစ်သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက အာဏာရလာပြီး တစ်နှစ်အတွင်း အဆိုးအကောင်း ပြောင်းလဲမှုများစွာ ဖြစ်ပေါ်ခဲ့သည်။ ယင်းအပြောင်းအလဲများသည် အဖွဲ့အစည်းများ လှုပ်ရှားမှုများကြောင့်သာမက လူပုဂ္ဂိုလ် တစ်ဦးချင်းအရပါ ဖြစ်ပေါ်စေခဲ့ခြင်း ဖြစ်သည်။ ၂၀၁၆ ခုနှစ်တွင် အကျိုးသက်ရောက်မှု အများဆုံး ဖြစ်ပေါ်စေခဲ့သော လူပုဂ္ဂိုလ်များ၏ စာရင်းကို အောက်တွင် ဖတ်ရှုနိုင်ပါသည်။

ဒေါ်အောင်ဆန်းစုကြည် – သံမဏိ အမျိုးသမီးကြီး

တစ်နှစ်တာအတွင်း ကျော်ကြားသူများ People of the year စာရင်းပြုစုလျှင် ဒေါ်အောင်ဆန်းစုကြည် မပါဘဲ မပြီးနိုင်ပေ။ ၎င်းကို လေ့လာကြည့်လျှင် ၎င်းသည် ဒီမိုကရေစီအရေး လှုပ်ရှားသူ နာမည်ကျော်ပုဂ္ဂိုလ် democracy icon အဖြစ်မှ နိုင်ငံရေးသမားအဖြစ်သို့ ပြောင်းလဲရောက်ရှိသွားသည်ဆိုခြင်းကို ငြင်း၍မရနိုင်ပေ။ ယင်းအချက်ကို ၎င်း၏ ရာထူးအမည်ဖြစ်သော နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုသည်က ပြသနေသည်။

မိမိ၏ ရန်သူများနှင့် အလုပ်အတူ တွဲလုပ်သည်၊ ပွင့်လင်းမြင်သာမှုကို မျက်ကွယ်ပြုသည်၊ မီဒီယာနှင့် အရပ်ဘက် လူ့အဖွဲ့အစည်းကို လျစ်လျူရှုသည်၊ ပါတီတွင်း သဘောထား ကွဲပြားမှုများကို ပေယျာလကန်ပြုသည်၊ လူ့အခွင့်အရေး ချိုးဖောက်သည်ဟု စွပ်စွဲချက်များကို ရေငုံနှုတ်ပိတ်နေသည်၊ ထိုအချက်များ မှန်မမှန် သင့်ဘာသာ ဆန်းစစ်ကြည့်ပါတော့။

ဇန်နဝါရီလ ၂၅ ရက်က မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှ ကျေးရွာတစ်ရွာသို့ ရောက်ရှိလာသည့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်။ ဓာတ်ပုံ - သိမ့်မွန်စိုး(ခ) ဂျေ

ဇန်နဝါရီလ ၂၅ ရက်က မကွေးတိုင်း၊ ပခုက္ကူမြို့နယ်မှ ကျေးရွာတစ်ရွာသို့ ရောက်ရှိလာသည့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်။ ဓာတ်ပုံ – သိမ့်မွန်စိုး(ခ) ဂျေ

ယင်းအချက်များက ရေပေါ်ဆီ လူတန်းစားများကို စိတ်ပျက်စေခဲ့သည်။ သို့သော် ၎င်းအား ထောက်ခံနေမှုမှာမူ လျော့ကျမသွားပေ။ ၎င်းကို လူကြိုက်များမှု လျော့ကျသွားစေသည့် အချက်တစ်ခုမှာ ၎င်း ကတိပြုခဲ့သော စစ်မှန်သည့် အပြောင်းအလဲကို အကောင်အထည် မဖော်နိုင်ခြင်း ဖြစ်သည်။ ၎င်း၏ အစိုးရက လုပ်ပေးနိုင်သော အချက်မှာ ပိုနေမြဲ ကျားနေမြဲ သဘောမျှသာ ဖြစ်သည်။

အဓိက အချက်တစ်ခုမှာ အစိုးရအဖွဲ့မှ ဝန်ကြီးများသည် နာခံမလွယ်သော အောက်ခြေဝန်ထမ်းများကို ထိန်းချုပ်ရန် ကြိုးစားရုန်းကန်နေရခြင်း ဖြစ်သည်။ အကောင်းဘက်မှ ပြောင်းလဲမှုများကို ရှာဖွေရလျှင်မူ အနည်းငယ် ခက်ခဲမည်။ သို့သော် အချို့တော့ ရှိခဲ့ပါသည်။ ယင်းတို့မှာ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးအတွက် လုပ်ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။ ထိုအချက်မရှိဘဲ ရန်ကုန်မြို့တွင် ကောင်းမွန်စွာ မနေထိုင်ပေ။ အစိုးရသည် ကျွန်းသစ်နှင့် သဘာဝတွင်းထွက်များ ခေါင်းပုံဖြတ် အမြတ်ထုတ်ခံရမှုများကို ဖြေရှင်းပေးခဲ့သည့်အပြင် ဖိနှိပ်ထားသော စစ်တပ်ခေတ်က ဥပဒေများကိုလည်း ဖယ်ရှားပေးခဲ့သည်။

ဤအချက်များသည် တိုးတက်နေသည့် အဆင့်တွင် ရှိသည်။ လာမည့်နှစ်၊ အထူးသဖြင့် ပထမနှစ်ဝက်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း ဦးဆောင်သော အစိုးရအတွက် အရေးကြီးသည်။ ရခိုင်ပြည်နယ်၏ လုံခြုံရေးနှင့် ဖေဖော်ဝါရီလတွင် ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံသည် စမ်းသပ်မှု တစ်ခုဖြစ်သည်။ ၎င်း၏ အစိုးရသည် ထိုအချိန်တွင် လက်ဆုပ်လက်ကိုင် ပြနိုင်သော တိုးတက်မှုများတော့ ရှိထားသင့်သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် – ဆုံးဖြတ်ခွင့် အာဏာရှိနေသူ   

ပြီးခဲ့သည့်နှစ်အစတွင် တပ်မတော်၏ ကာကွယ်ရေး ဦးစီးချုပ်သည် ရာထူးမှ ဆင်းရတော့မည်ဟု သတင်းများ ထွက်ခဲ့သည်။ သို့သော် ၎င်းသည် အငြိမ်းစား ယူရမည့် အသက် ၆၀ ကို ကျော်လွန်ပြီး နောက်ထပ် ၄ နှစ် တာဝန်ထမ်းဆောင်ရန် လိုအပ်သည်ဟု ပြောကြားခဲ့သည်။ ပြည်တွင်းစစ်များ ငြိမ်းချမ်းပြီး အခြားရည်မှန်းချက်များ ပြီးစီးသည်အထိ တာဝန်ထမ်းဆောင်ဖို့ လိုအပ်သည်ဟု ပြောကြားခဲ့သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

သို့သော် လအတန်ကြာသည်ထိ ထိုရည်မှန်းချက်များမှာ နီးစပ်လာသည့် ပုံမပေါ်သေးပေ။ ထို့ပြင် တပ်မတော်သည် တအာင်း အမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့ TNLA၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် MNDAA နှင့် ရက္ခိုင့်တပ်မတော် Arakan Army တို့ကို ဩဂုတ်လနှင့် စက်တင်ဘာလတွင် နေပြည်တော်၌ ပြုလုပ်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် ပါဝင်ခွင့်မပြုခဲ့ပေ။ ထို့နောက် လအနည်းငယ်တွင် ထိုအဖွဲ့ ၃ ခုအပြင် ကေအိုင်အေတို့သည် ရှမ်းပြည်မြောက်ပိုင်းရှိ တပ်မတော် စခန်းများကို တိုက်ခိုက်ခဲ့သည်။ ညွန့်ပေါင်းတပ်များက ထိုသို့တိုက်ခိုက်မှုသည် တပ်မတော်က ဖိအားပေးမှုများကြောင့် မလွှဲမရှောင်သာ လုပ်ဆောင်ရခြင်း ဖြစ်သည်ဟု ဆိုသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှ လုံခြုံရေး လုပ်ဆောင်မှုများကိုလည်း တင်းတင်းကြပ်ကြပ် စောင့်ကြည့်ခဲ့ရသည်။

အစိုးရနှင့် စစ်တပ်က လူ့အခွင့်အရေး ချိုးဖောက်မှုများကို အပြင်းအထန် ငြင်းဆိုထားသော်လည်း ဆန့်ကျင်ဘက်ဖြစ်သော သက်သေများ မြောက်မြားစွာ ထွက်ပေါ်ခဲ့သည်။ ဂြိုဟ်တုမှ ဓာတ်ပုံများက လူနေအိမ်များကို မီးရှို့ထားသေ ပုံများ ဖော်ပြထားသည်။ ထို့ပြင် ဘင်္ဂလားဒေရှ့် နိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်သွားသူများက စစ်တပ်၏ အင်အားကို အလွဲသုံးမှုများကို ဖော်ပြပြောဆိုကြသည်။

ပဋိပက္ခဖြစ်ပွားရာ နေရာများသို့ လူသားချင်းစာနာမှု အဖွဲ့အစည်းများနှင့် လွတ်လပ်သော မီဒီယာများကို သွားရောက်ခွင့် မပြုခြင်းသည် အခြေအနေကို စစ်ဆေးသုံးသပ်ရာတွင် အခက်အခဲ ဖြစ်စေသည်။ ပြဿနာ နှစ်ခုစလုံးတွင် စစ်တပ်၏ ပါဝင်မှု ရှိနေသည်မှာ ရှင်းလင်းသည်။

တပ်မတော်၏ အင်အားသည် စစ်အင်အား တစ်ခုတည်း မဟုတ်ပေ။ အစိုးရ အပြောင်းအလဲ ရှိခဲ့သော်လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှှိုင်၏ ပါးနပ်သော ခေါင်းဆောင်မှု၊ အင်န်အယ်လ်ဒီ၏ အားနည်းချက်အချို့ကြောင့် ၂၀၀၈ ဖွဲ့စည်းပုံ၏ အခွင့်ထူးပေးထားမှုများအရ နိုင်ငံရေး အာဏာကို တပ်မတော်က ရယူထားဆဲ ဖြစ်သည်။ တပ်မတော်သည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားသော အဆင့်မီ စစ်တပ်တစ်ခု ဖြစ်လာရန် များစွာလိုအပ်နေသေးသည်။

ဦးဖြိုးမင်းသိန်း – အထူးတာဝန်များ ဖော်ဆောင်နေသူ

ပြည်နယ် တိုင်းဒေသကြီး ဝန်ကြီးချုပ်များထဲတွင် ဦးဖြိုးမင်းသိန်းကဲ့သို့  လူကြိုက်များသူ နည်းပါးသည်။ ကိုင်တွယ်ရသော ပြည်နယ် တိုင်းဒေသကြီး၏ အရေးပါမှုကြောင့်ဟု ဆိုနိုင်သော်လည်း ဦးဖြိုးမင်းသိန်း၏ ဆုံးဖြတ်ချက် ခိုင်မာသော ခေါင်းဆောင်မှုများကြောင့် ၎င်းသည် ပြည်နယ် တိုင်းဝန်ကြီးချုပ်များအကြား၌ ခေါင်းတစ်လုံး သာနေသည်။ အင်န်အယ်လ်ဒီမှ အခြားဝန်ကြီးများသည် နိုင်ငံတော် အတိုင်ပင်ခံရုံး၏ ညွှန်ကြားချက်များကိုသာ စောင့်ဆိုင်းလုပ်ဆောင်နေကြသည်။ အင်န်အယ်လ်ဒီတွင် ဦးဖြိုးမင်းသိန်းသည် အားအကောင်းဆုံး ပုဂ္ဂိုလ်ဖြစ်သည်။

ဓာတ်ပုံ - တေဇလှိုင်

ဓာတ်ပုံ – တေဇလှိုင်

သို့ဖြင့် အင်န်အယ်လ်ဒီအတွက် အတက်အကျများကို ဖြစ်ပေါ်စေခဲ့သည်။ အထပ်မြင့် အဆောက်အအုံအချို့ ဆောက်လုပ်မှု ရပ်ဆိုင်းစေခဲ့သည်ကို ဝေဖန်မှု အများအပြား ထွက်ပေါ်ခဲ့သည်။ ဦးဖြိုးမင်းသိန်းသည် မဘသ အဖွဲ့အစည်းကို စက္ကူကျားအသွင်ဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့သည်။ ၎င်းသည် နာမည်ကြီး မီဒီယာ တစ်ခု၏ တိုက်ခိုက်မှုကို ဖြေရှင်းနိုင်ခဲ့သည်။ ရန်ကုန်တိုင်း အစိုးရ၏ ပွင့်လင်းမြင်သာမှု မရှိမှုကြောင့် အင်န်အယ်လ်ဒီပါတီ လုပ်ဖော်ကိုင်ဖက်များ၏ မကျေနပ်မှုကို ရင်ဆိုင်ခဲ့ရသည်။ သို့သော် ၎င်းသည် မြို့ပြစီမံကိန်းကို ဖွံ့ဖြိုးအောင် ဆုံးဖြတ်ချက် ခိုင်မာစွာ လုပ်ဆောင်ခဲ့သည်။ မြို့တော်ခန်းမကို သန့်ရှင်းသာယာအောင် လုပ်ဆောင်ခဲ့သည်။

ဦးဖြိုးမင်းသိန်းသည် လက်တွေ့မကျလှဘဲ စိတ်ကူးယဉ်ဆန်သူ မဟုတ်ကြောင်း သက်သေပြရန် ခဲယဉ်းမည်ဖြစ်သည်။ ၎င်း၏ ကြိုးပမ်းမှု အများအပြားသည် မဖြစ်နိုင်သော၊ အကြိမ်ကြိမ် ကြိုးစားခဲ့ပြီး မအောင်မြင်သော အရေးကိစ္စများသာ ဖြစ်နေသည်။ ၎င်းသည် ရန်ကုန်မြို့၏ ကျူးကျော်တဲများအတွက် ကတိစကား ကြီးကြီးမားမား ပြောခဲ့ပြီး ယင်းတို့အနက် အများစုမှာ မဖြစ်နိုင်သေးသော ကိစ္စရပ်များသာ  ဖြစ်နေကြသည်။

မည်သို့ပင်ဆိုစေကာမူ အနော်ရထာလမ်းမပေါ်တွင် လူစည်ကားချိန်၌ လှည့်လည်ကြည့်ရှုဖူးသူများအတွက်မူ လမ်းဘေးဈေးသည်များကို နေရာပြောင်းရွှေ့၊ အချို့ကိစ္စများ၌ အတင်းအကျပ် ပြောင်းရွှေ့ခဲ့ခြင်းမှာ ခက်ခဲသည့်တိုင် မဖြစ်မနေ လုပ်ရမည့် လိုအပ်ချက်တစ်ခုဟု အသိအမှတ်ပြုရပေမည်။

ဦးဖြိုးမင်းသိန်းကို နှစ်သက်သည်ဖြစ်စေ၊ မုန်းတီးသည်ဖြစ်စေ ၎င်းသည် ၂၀၁၆ ခုနှစ်၏ ကျော်ကြားသည့် လူပုဂ္ဂိုလ်များစာရင်း၌ နေရာတစ်ခု ခိုင်ခိုင်မာမာ ရရှိနေပေသည်။

ဦးဝင်းထိန် – အင်န်အယ်လ်ဒီပါတီ အမာခံ ပုဂ္ဂိုလ်

ဦးဝင်းထိန်သည် ယခုစာရင်းတွင် ပါဝင်နိုင်မည်လော။ ပြီးခဲ့သည့် နှစ်နှစ် သုံးနှစ်က လွှတ်တော်၌ မတ်တပ်ရပ်ကာ စကားပြောတတ်သူ ဖော်ရွေသော လွှတ်တော်ကိုယ်စားလှယ် တစ်ဦးသည် ယခုအခါ သတင်းသမားများကို ဘယ်သွားသတင်းယူရမည့်အကြောင်း ဒိုင်ခံပြောနေရသော ပါတီဝင်တစ်ဦးအဖြစ် ပြောင်းလဲသွားခဲ့သည်။ ၎င်း၏ ပြောကြားချက်များက အင်န်အယ်လ်ဒီ၏ ကံကြမ္မာနှင့် လွှတ်တော်တွင် နေရာအများဆုံး ရရှိထားသည့် ပါတီကြီး၏ စိန်ခေါ်မှုများအပေါ် သက်ရောက်မှု ရှိသည်မှာ အမှန်ပင်ဖြစ်သည်။ သို့တစေ ဦးဝင်းထိန်သည် များပြားလှသော တာဝန်များကြောင့် စိတ်ဖိစီးမှု များနေမည်လောဟု မတွေးဘဲ မနေနိုင်ချေ။

ပါတီ၏ ပြောခွင့်ရ ပုဂ္ဂိုလ်ဟူသော အလုပ်သည် ဦးဝင်းထိန် နှစ်သက်သည့်အလုပ် ဟုတ်ဟန်မတူပေ။ သို့သော် Frontier မှ ကျွန်ုပ်တို့ကမူ ရှင်းရှင်းဘွင်းဘွင်း ပြောတတ်သော ၎င်း၏ သဘောကို နှစ်သက်သည်။ ၎င်း၏ ထင်မြင်ချက်များကို ထုတ်ပြောသည့်အခါ ထိတ်လန့်ဖွယ် ကောင်းလှသည်။ အထူးသဖြင့် မိန်းမလျာ လူ့အဖွဲ့အစည်း၏ အခွင့်အရေးများနှင့်ပတ်သက်၍ ပြောကြားသောစကားမျိုး ဖြစ်သည်။ သို့သော် မကွယ်မဝှက် ရိုးသားစွာ ပြောတတ်သည့် ၎င်း၏ သဘောမှာ ချီးကျူးဖွယ်ရာ ကောင်းပေသည်။

၎င်း၏ မှတ်သားလောက်စရာ တုံ့ပြန်ချက် တစ်ခုမှာ ဖွဲ့စည်းပုံအရ ပြဋ္ဌာန်းထားသော အာဏာခွဲဝေ ပိုင်းခြားထားမှုကို အင်န်အယ်လ်ဒီပါတီက ချိုးဖောက်သလို ဖြစ်ခဲ့သောအခါမျိုးမှာ  ကျွန်တော်တို့ ဒါကို ဂရုမစိုက်နိုင်ပါဘူးဟု ပွင့်လင်းစွာ ပြောကြားလေ့ရှိခြင်းဖြစ်သည်။ ထိုသို့သော ပွင့်လင်းမှုမျိုးကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတွင် မတွေ့ရနိုင်ပေ။

၂၀၁၆ ခုနှစ် ကုန်ခါနီးက ဦးဝင်းထိန်သည် ပါတီတွင်းရော ပါတီပြင်ပတွင်ပါ အငြင်းပွားဖွယ်ရာ လူတစ်ဦး ဖြစ်ခဲ့သည်။ အင်န်အယ်လ်ဒီပါတီ၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီအဖွဲ့ဝင်များအပေါ် ၎င်း၏ ဝေဖန်မှုများမှာ လူသိများသည်။ ၎င်းသည်လည်း ပြန်လည်ဝေဖန်ခံရသည်မှာ အမှန်ပင် ဖြစ်သည်။

ဦးဝင်းထိန်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် ပိုမိုနီးကပ်လာသဖြင့် အချို့က ၎င်းသည် ပါတီနှင့် ကင်းကွာလာသည်ဟု ဝေဖန်ကြသည်။ သို့သော် အင်န်အယ်လ်ဒီပါတီ၏ အတွင်းရေးများကို သိရှိရန် ခဲယဉ်းသဖြင့် ထိုဝေဖန်မှုကိုလည်း သုံးသပ်ရန် ခက်ခဲလှပေသည်။ သို့ရာတွင် ပြီးခဲ့သော ၁၂ လအတွင်း အင်န်အယ်လ်ဒီပါတီတွင် ဦးဝင်းထိန်၏ ဩဇာလွှမ်းမိုးမှုများ တိုးပွားလာသည်ကိုမူ ငြင်း၍မရနိုင်ပေ။

ဒေါ်စန္ဒာမင်းနှင့် ဦးနေဘုန်းလတ် – ယုံကြည်ချက်အခြေခံ နိုင်ငံရေးသမားများ

အင်န်အယ်လ်ဒီပါတီသည် ရခိုင်၊ ရှမ်းနှင့် ကချင်ပြည်နယ်တို့မှလွဲ၍ လွှတ်တော်တွင် နေရာအများဆုံး အနိုင်ရခဲ့သည့် အကြောင်းရင်းမှာ အင်န်အယ်လ်ဒီ၏ အစိုးရကို ထိန်းညှိစစ်ဆေးပေးနိုင်သော အရည်အချင်းကြောင့် ဖြစ်သည်။ နေပြည်တော်တွင် အင်န်အယ်လ်ဒီသည် ယင်း၏ အမတ်များကို ပြည်ထောင်စု အစိုးရကို အနေရခက်အောင် ယခင်အစိုးရ၏ မူဝါဒများနှင့် လုပ်ဆောင်ချက်များအကြောင်း မမေးရန် ပြောကြားထားသည်။ လွှတ်တော်အမတ်များက များသောအားဖြင့် လိုက်နာခဲ့ကြသည်။

ဒေါ်စန္ဒာမင်း

ဒေါ်စန္ဒာမင်း

ရန်ကုန်တွင်မူ ထိုသို့မဟုတ်ချေ။ အင်န်အယ်လ်ဒီတွင် ဒေါ်စန္ဒာမင်းနှင့် ဦးနေဘုန်းလတ်တို့ ဦးဆောင်သည့် ကိုယ်ရည်ကိုယ်သွေး ပြည့်ဝသော အမတ်များစွာ ရှိသည်။ သူတို့သည် ရန်ကုန်တိုင်း အစိုးရနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီကို သေချာစွာ စောင့်ကြည့်စစ်ဆေးလျက်ရှိသည်။ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက အမတ်များ၏ မေးခွန်းများကို ထပ်ကာထပ်ကာ ပယ်ချနေမှုကို မကြာသေးမီက ယင်းအမတ်များက အများပြည်သူရှေ့တွင် ဝေဖန်လိုက်ခြင်းမှာ မျှတရုံသာမက ဒီမိုကရေစီ အခြေခိုင်မှုကိုလည်း အားပေးရာရောက်သည်။

ဦးနေဘုန်းလတ်သည် အွန်လိုင်းပေါ်၌ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထိပါးသော ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) ကို တက်ကြွစွာ ဝေဖန်သူ တစ်ဦးလည်း ဖြစ်သည်။ ထို့ပြင် ပါတီတွင်းမှ လူကြီးများသည်လည်း ထိုပုဒ်မကို ပြုပြင်ရန် ထုတ်ဖော်ပြောကြားထားကြသည်။ ထိုပုဒ်မဖြင့် အင်တာနက် အသုံးပြုသူများကို တရားစွဲဆိုခြင်းများပင် ရှိခဲ့သည်။

နိုင်ငံခြားသား အကြံပေးများ – ကန့်လန့်ကာနောက်ကွယ်မှ ပုဂ္ဂိုလ်များ

၎င်းတို့ကို နိုင်ငံပိုင် မီဒီယာများ၌ ဖော်ပြခြင်းမျိုး တွေ့ဖူးကြမည် မဟုတ်ပေ။ ၎င်းတို့သည် ပြည်ထောင်စု လွှတ်တော်တွင် အမတ်များ၏ မေးခွန်းများကို တုန့်ပြန်ဖြေဆိုရသူများလည်း မဟုတ်ပေ။ သို့သော် နိုင်ငံခြားသား အကြံပေးသူများ ရှိနေပါသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ရင်းနှီးသော နိုင်ငံခြားသားများသည် အစိုးရ၏ ပြုပြင်ပြောင်းလဲရေး ကဏ္ဍများတွင် နောက်ကွယ်မှ ပါဝင်နေပေသည်။

လူသိအများဆုံး ပုဂ္ဂိုလ်တစ်ဦးမှာ ဆစ်ဒနီမြို့ မက်ကွာရီ တက္ကသိုလ် Macquarie University မှ စီးပွားရေး ပညာရှင် ရှောင် တာနယ် Sean Turnell ဖြစ်ပြီး သူသည် ယခုအခါ နေပြည်တော်တွင် စီးပွားရေး ပြုပြင်ပြောင်းလဲမှုကိစ္စများ၌ အစိုးရကို အချိန်ပြည့် အကြံပေးလျက်ရှိသည်။ နောက်တစ်ဦးမှာ ဟောင်ကောင် အခြေစိုက် ရှေ့နေတစ်ဦးဖြစ်သော ရောဘတ်စံဖေ Robert San Pe ဖြစ်ပြီး ၎င်းမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် အတူတကွ အလုပ်လုပ်ကိုင်လာသူ ဖြစ်သည်။

အစိုးရသည် ၎င်းတို့၏ အခန်းကဏ္ဍကို ပေါ်လွင်ထင်ရှားလာအောင် မလုပ်ဆောင်လိုသည်မှာ နားလည်နိုင်ပါသည်။ အစိုးရ၏ ဆုံးဖြတ်ချက်များတွင် နိုင်ငံခြားမှ ပုဂ္ဂိုလ်များ ပါဝင်နေသည်ဟု လူသိရှင်ကြားဖြစ်ခြင်းသည် အစိုးရအတွက် မကောင်းနိုင်ပေ။ အစိုးရသည် ပြည်ပ၏ လွှမ်းမိုးမှု ခံရနိုင်သည်ဟု စိုးရိမ်ဖွယ်ရာရှိသည်။

ပြီးခဲ့သောနှစ် ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီ၊ တပ်မတော်နှင့် ဘာသာရေး အမျိုးသားရေး အစွန်းရောက်များကို ထောက်ခံသော အွန်လိုင်းမီဒီယာများက ဒေါ်အောင်ဆန်းစုကြည်ကို အကြံပေးနေသော ဗြိတိသျှ သံတမန်ဟောင်း မစ္စတာ ဂျိုးဇက်ဖစ်ရှာ Mr Joseph Fisher သည် ဗြိတိသျှသူလျှို တစ်ဦးဖြစ်သည်ဟု ကောလာဟလများ ဖြန့်ခဲ့သည်။ သို့သော် ယင်းမမှန်ကန်သော သတင်းသည် တာရှည်မခံခဲ့ပေ။ သို့တစေ လက်ရှိအစိုးရ၏ နိုင်ငံရေး ပြိုင်ဘက်များက ထိုနည်းကို ထပ်မံအသုံးမချတော့ဟုလည်း မဆိုနိုင်ပြန်ပေ။

မစ္စတာ စတီဗင် လော – သိုသိပ်သည့် လုပ်ငန်းရှင်သူဌေးကြီး

အမေရိကန်၏ အရေးယူပိတ်ဆို့မှုများကို အောက်တိုဘာလက ဖယ်ရှားပေးလိုက်ခြင်းဖြင့် အကျိုးအမြတ် အရှိဆုံးသူမှာ အေးရှားဝေါ Asia World ကို ပိုင်ဆိုင်သော မြန်မာနာမည် ဦးထွန်းမြင့်နိုင် ခေါ် မစ္စတာ စတီဗင် လော ဖြစ်သည်။ ၎င်းသည် ဘဝမျိုးစုံ ကျင်လည်ဖူးသော အရောင်အသွေးစုံသည့် အတိတ်ရှိခဲ့သူ ဖြစ်သည်။

သူ၏ ဖခင်ဖြစ်သူ လော်စစ်ဟန်သည် ရွှေတြိဂံ နယ်မြေအတွင်း ဘိန်းကုန်သွယ်မှုမှ ရလာသော ငွေကြေးများဖြင့် အေးရှားဝေါကုမ္ပဏီကို တည်ထောင်ခဲ့သည်ဟု စွပ်စွဲခံရသူ ဖြစ်သည်။ လောသည် စစ်အစိုးရနှင့် ရင်းနှီးသော ဆက်ဆံရေးရှိပြီး မြစ်ဆုံ ရေလှောင်တမံ၊ မန္တလေး-မူဆယ် အဝေးပြေး လမ်းမမှသည် ရန်ကုန်အထိ ဆောက်လုပ်ရေး ကန်ထရိုက်များကို ရရှိထားသူဖြစ်သည်။

အခြားခရိုနီများနှင့်မတူဘဲ လောသည် ခပ်လျှိုလျှိုသာ နေထိုင်ပြီး ကြွယ်ဝချမ်းသာမှုများကို ထုတ်ဖော်ပြသလေ့ မရှိချေ။ သူသည် ကန်ထရိုက်လုပ်ငန်း အများအပြား ရရှိနိုင်ခြင်းမှာ ၎င်း၏ကုမ္ပဏီသည် ကန်ထရိုက်ဆိုင်ရာ စာချုပ်ပါ စည်းမျဉ်းစည်းကမ်းများကို ရက်ရက်ရောရော လိုက်လျောပေးနိုင်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် စစ်အစိုးရသည် စီမံကိန်းတစ်ခုကို အောင်မြင်စေလိုလျှင် လော ကိုသာ ချဉ်းကပ်ကြသည်။

ထို့ကြောင့် ၎င်းသည် ဒီမိုကရေစီခေတ်တွင် လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်နိုင်ခြင်းမှာ အံသြဖွယ်ရာ မဟုတ်ပေ။ ၎င်း၏လက်အောက်ခံ ကုမ္ပဏီဖြစ်သော Yangon Aerodrome Company Limited သည် ရန်ကုန် နိုင်ငံတကာ လေဆိပ်ကို အဆင့်မြှင့်တင်ရန် ကန်ထရိုက် ရရှိထားသည်။ ဥရောပ ယူနီယံ European Union အဖွဲ့သည် ၎င်းပိုင် လှည်းတန်းစင်တာတွင် ရုံးခွဲဖွင့်လှစ်ရန် နေရာငှားရမ်းထားသည်။ နှစ်စဉ် ဒေါ်လာဘီလျံနှင့်ချီသော ကုန်စည်များသည် ၎င်း၏ ဆိပ်ကမ်းမှ ဝင်ထွက်သွားလာနေသည်။

ယမန်နှစ်က ဝေါစထရိ Wall Street ဂျာနယ်က အစီရင်ခံရာတွင် အရေးယူပိတ်ဆို့မှုများသည် အေးရှားဝေါ ကုမ္ပဏီကို အခက်တွေ့စေခဲ့ရာ လောသည် ၎င်း၏ပုံရိပ် တိုးတက်ကောင်းမွန်လာစေရန် ပြည်သူ့ဆက်ဆံရေး ကုမ္ပဏီဖြစ်သော Bell Pottinger ကို ငှားရမ်းခဲ့သည်ဟု ဆိုသည်။ လောသည် အရေးယူပိတ်ဆို့မှု စာရင်းမှ လွတ်မြောက်လာခဲ့ခြင်းမှာ အင်န်အယ်လ်ဒီအစိုးရ၏ အခက်အခဲများကြောင့် ဖြစ်သည်။ ယခုမူ လောသည် အကျိုးရလဒ်များ ရယူရန် စောင့်ဆိုင်းလျက်ရှိနေပြီဖြစ်သည်။

ဒေါ်လဲ့လဲ့မော် – တိတ်တိတ်ဆိတ်ဆိတ် အောင်ပွဲခံသူ

အစိုးရက ပြည်နယ် တိုင်းဒေသကြီး ဝန်ကြီးချုပ်များကို ကြေညာသောအခါ ဒေါ်လဲ့လဲ့မော်သည် အခြားသူများကဲ့သို့ပင် အံ့သြခဲ့ရသည်။ တနင်္သာရီ တိုင်းဒေသကြီး သရက်ချောင်းမြို့နယ်၏ ကိုယ်စားလှယ်ဖြစ်သော ဒေါ်လဲ့လဲ့မော်သည် အစိုးရက မကြေညာမီ တစ်ရက်အလိုတွင်မှ သိရှိရသည်ဟု ဆိုသည်။

၂၀၁၂ ခုနှစ်တွင် အင်န်အယ်လ်ဒီပါတီကို စတင်မဝင်ရောက်ခင် ၎င်းသည် ဆရာဝန်အလုပ်ကို ၂၅ နှစ် လုပ်ကိုင်ခဲ့သည်။ ၎င်းသည် ဝန်ကြီးချုပ် ဖြစ်လာသောအခါ ဒေသ ဖွံ့ဖြိုးရေးဆောင်ရွက်ရန်နှင့် မြေယာသိမ်းယူမှုများကို ဖြေရှင်းပေးသွားရန် ကတိပြုခဲ့သည်။ ၎င်းသည် ထိုကိစ္စများအတွက် ရဲရင့်သော ဆုံးဖြတ်ချက်များကို ချမှတ်ပေးခဲ့သည်။

မြေယာနှင့်ပတ်သက်ပြီး ၎င်းသည် တနင်္သာရီ တိုင်းဒေသကြီးရှိ ဆီအုန်းစိုက်ခင်းများကို ပြန်လည်စိစစ်ပြီး ယခင်အစိုးရ၏ သဘာဝပတ်ဝန်းကျင် ထိခိုက်စေသည့် တနင်္သာရီတိုင်းကို မြန်မာနိုင်ငံ၏ ဆီအိုးကြီးဖြစ်လာစေရမည်ဟုဆိုသော ရည်မှန်းချက်ကို ပြန်လည်ပြင်ဆင်ရန် ကြိုးစားခဲ့သည်။ ထိုသို့ စိစစ်သုံးသပ်မှုတွင် ပါဝင်သူ အများအပြား ရှိခဲ့သည်။ စိုက်ခင်းပိုင်ရှင်များ ၊ တက်ကြွလှုပ်ရှားသူများ ၊ ယခင်မြေယာပိုင်ရှင်ဟောင်းများ အပြင် ကေအင်န်ယူ Karen National Union ပင် ပါဝင်ခဲ့သည်။

ထိုနည်းတူစွာပင် အစိုးရ ၊ ပုဂ္ဂလိကကဏ္ဍနှင့် အရပ်ဘက် လူ့အဖွဲ့အစည်းမှ ကိုယ်စားလှယ်များသည် Galapagos မှ အီကွေဒေါ ကျွမ်းကျင်ပညာရှင်များနှင့် ပြုလုပ်သော အလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်ခဲ့ပြီး မြိတ်ကျွန်းစုတွင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် ဆွေးနွေးခဲ့ကြသည်။

ဒေါ်လဲ့လဲ့မော်သည် ၎င်းထံ၌ ခိုင်မာသော ဆုံးဖြတ်ချက်များရှိကြောင်း သက်သေပြခဲ့သည်။ ၎င်းသည် သတ္တုတွင်းလုပ်ငန်း ဥပဒေများနှင့်အညီ လုပ်ဆောင်ခြင်းမရှိသော သံဖြူသတ္တုတွင်း နှစ်ခုကို ရပ်ဆိုင်းခဲ့ပြီး တွင်းသစ်များ တူးဖော်ခွင့်ကိုလည်း ထုတ်မပေးတော့ပေ။ သဲများကို တူးဖော်ပြီး မော်ဒိုက်နိုင်ငံကို တင်ပို့ရန် အဆိုကိုလည်း ချက်ချင်းပင် ပယ်ချခဲ့သည်။ ထို့ကြောင့် မြန်မာနိုင်ငံ ဒေသအချို့တွင် အင်န်အယ်လ်ဒီသည် ရွေးကောက်ပွဲ ကတိစကားများအတိုင်း လုပ်ဆောင်နေသည်ဟု ဆိုနိုင်သည်။

ဗိုလ်ချုပ်အင်ဘန်လ – ကေအိုင်အိုခေါင်းဆောင်

ယင်းမှာ ၂၀၁၆ ခုနှစ်အတွက် အတိုတုတ်ဆုံး ပြက်လုံးတစ်ခု ဖြစ်နိုင်ကောင်းပါသည်။ “ကျုပ်က ဦးအင်ဘန်လပါ။ တိုင်းရင်းသား လက်နက်ကိုင် အုပ်စုတွေကတော့ ကျုပ်ကို ဗိုလ်ချုပ်အင်ဘန်လလို့ ခေါ်ကြတယ်ဗျ” ဟု ၎င်းက ပြောလိုက်၍ဖြစ်သည်။ ထိုသို့ပြောအပြီး ခဏအကြာမှာပင် ကချင် လွတ်မြောက်ရေးအဖွဲ့ KIO ၏ ခေါင်းဆောင်ဖြစ်သည့် ၎င်းက တိုင်းရင်းသား လက်နက်ကိုင်များနှင့် အစိုးရတို့အကြား ဆယ်စုနှစ်များစွာကြာအောင် တိုက်ပွဲများ ဖြစ်ပွားနေခြင်းသည် မညီမျှမှုတို့ကြောင့် ဖြစ်သည်ဟု ပြောချလိုက်သည်။

ယင်းကေအိုင်အေနှင့် လက်မှတ်မထိုးထားသော အခြားအဖွဲ့အစည်းများသည် အစိုးရ၏ ဆွေးနွေးပွဲ စာတမ်းများကို ဖတ်ရှုမည်ပင် မဟုတ်ပေ။ အကြောင်းမှာ ယင်းတို့ကို ဖတ်ရှုရန် အပစ်ရပ်စာချုပ်၌ လက်မှတ်ထိုးရန် လိုအပ်နေသောကြောင့် ဖြစ်သည်။

ကေအိုင်အိုနှင့် ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့တို့သည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အပြင်ဘက်မှ အင်အားကြီး အဖွဲ့အစည်းများ ဖြစ်ကြသည်။ ထိုင်းနယ်စပ်၌ အခြေချထားသော ၎င်းတို့၏ ဆုံးဖြတ်ချက်က လက်ရှိ တနိုင်ငံလုံး အပစ်ရပ်စာချုပ်သည် တနိုင်ငံလုံးအဆင့် အမှန်တကယ် ဟုတ်သလော၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံး၏ ထက်ဝက်ကိုသာ ရည်ညွှန်းသလော အဆုံးအဖြတ် ပေးနိုင်ပါသည်။

ယမန်နှစ် ကုန်ခါနီးတွင် ရှမ်းပြည်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။ ထိုအထဲတွင် ကေအိုင်အေ က အဓိက ပါဝင်နေသည်။ ကေအိုင်အေသည် မကြာသေးမီက ၎င်းတို့၏ ဂီဒွန်စခန်းကို တပ်မတော်က သိမ်းယူနိုင်ခဲ့၍ လက်လွှတ်ဆုံးရှုံးခဲ့ရသည်။ မူဆယ်တွင် တိုက်ခိုက်မှု ဖြစ်ပွားအပြီး အများပြည်သူက ယင်းတိုင်းရင်းသား လက်နက်ကိုင်များကို မကျေနပ်မှုများ တိုးပွားလာသည်။ သို့သော် အစိုးရသည် ၎င်း၏ ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် ယင်းလက်နက်ကိုင် တိုင်းရင်းသားများကို လိုအပ်နေသည်။ သို့ဖြစ်ရာ ဗိုလ်ချုပ် အင်ဘန်လနှင့် ၎င်း၏ လုပ်ဖော်ကိုင်ဖက်များအတွက် ဈေးကိုင်နိုင်သော အနေအထားတွင် ရှိနေသည်။

“၂၀၁၆ ခုနှစ် ထင်ရှားကျော်ကြား ပုဂ္ဂိုလ်ကြီးများ – ဒုတိယပိုင်း” ကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar