ဦးဒေးဗစ် အေဘယ် (ဝါ) တပ်မတော်သား ပြုပြင်ပြောင်းလဲရေးသမား

ဗိုလ်မှူးချုပ်(ငြိမ်း) ဒေးဗစ် အေဘယ်မှာ စစ်တပ်အုပ်စိုးစဉ်ကာလက စီးပွားရေးဝန်ကြီးဌာန သုံးခုကို တာဝန်ယူခဲ့ရသူ ဖြစ်သော်လည်း ၎င်း၏ ပြုပြင်ပြောင်းလဲရေး အဆိုပြုချက် အများစုမှာ မျက်ကွယ်ပြုခံခဲ့ရသည်။ 

ဆယ်ဗီယာ စောမက်ခိတ်နှင့် အိုလီဗာ ဆလိုး ရေးသားသည်။ ဓာတ်ပုံ – အန်းဝမ်

စစ်အာဏာရှင် အုပ်စိုးသောကာလများအတွင်း အဓိက စီးပွားရေးအကြံပေးအဖြစ် မြန်မာ့စီးပွားရေးကို  ကြီးကြပ်ခဲ့ရသောနှစ်များကို ပြန်လည်မြင်ယောင်ရင်း “ခက်တာမှ တော်တော့ကို ခက်ခဲခဲ့တာပါ” ဟု  ဗိုလ်မှူးချုပ်(ငြိမ်း) ဦးဒေးဗစ် အေဘယ်က တည်ကြည်လေးနက်စွာ ပြောကြားသည်။

“အစကတော့ ကျွန်တော် ဖြစ်ချင်တာတွေကို လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့်ပြုမယ်လို့ ကတိပေးခဲ့တယ်။ ဒါပေမဲ့ နောက်ပိုင်းကျတော့ ကျွန်တော် လုပ်ချင်တာတွေ လုပ်ခွင့်မပြုခဲ့ပါဘူး” ဟု ဦးဒေးဗစ် အေဘယ်က ရန်ကုန်မြို့ ကန်တော်ကြီးအနီးရှိ ၎င်း၏ ရုံးခန်းတွင် Frontier ကို ပြောကြားသည်။ 

အသက် ၈၂ နှစ်အရွယ်သို့ ရောက်ရှိနေပြီး ကျန်းမာရေးပြဿနာများနှင့် ကြုံတွေ့နေရပြီ ဖြစ်သော်လည်း ဝန်ကြီးဟောင်းဖြစ်သူမှာ တပ်မတော်တွင် တာဝန်ထမ်းစဉ်က ရှိခဲ့သည့် ၎င်း၏ ကြံ့ကြံ့ခံနိုင်မှုနှင့် ဆုံးဖြတ်ချက် ခိုင်မာမှုတို့ကို ဆက်လက်ထိန်းသိမ်းထားပြီး တပ်မတော်တွင်း တာဝန်ထမ်းဆောင်ခဲ့ချိန်များနှင့် တိုင်းပြည်တာဝန်များအကြောင်းကို ၎င်း၏ပြောစကားများတွင် ပုံမှန်ဆိုသလို ထည့်သွင်းပြောကြားလေ့ရှိသည်။

၁၉၃၅ ခုနှစ်တွင် အင်းစိန်မြို့၌ မွေးဖွားခဲ့သည့် ဦးဒေးဗစ် အေဘယ်သည် ၁၉၅၂ ခုနှစ်၌ တပ်မတော်တွင် စတင် တာဝန်ထမ်းဆောင်ခဲ့သည်။ တပ်မတော်တွင် “နှစ်ပေါင်း ၄၀ နှင့် ၁၁၃ ရက်” တာဝန်ထမ်းဆောင်ခဲ့သည်ဟုလည်း ဂုဏ်ယူဝင့်ကြွားစွာ ပြောကြားလိုက်သေးသည်။

၎င်း၏ စစ်ဘက်ဆိုင်ရာ တာဝန်ထမ်းဆောင်မှုများတွင် ၁၉၅၃ ခုနှစ်မှ ၁၉၅၆ ခုနှစ်အထိ ဗြိတိသျှ ဆန်းဟာ့စ် တော်ဝင်စစ်ဘက်အကယ်ဒမီ British Royal Military Academy Sandhurst တွင် ကြိုးကြိုးကုတ်ကုတ်ဖြင့် စီးပွားရေးဘွဲ့ တစ်ဘွဲ့ရရှိသည်ထိ လေ့လာပညာသင်ခဲ့ခြင်းသာမက မြန်မာနိုင်ငံ၏ “တောင်ဖျားမှသည် မြောက်ဘက် အဖျားပိုင်းထိ” စစ်ဆင်ရေးလှုပ်ရှားမှုများ၊ ၁၉၅၀ ပြည့်နှစ်များအတွင်း တိုင်းပြည်အနောက်ပိုင်းရှိ မူဂျာဟစ်ဒင်များကို နှိမ်နင်းသောတိုက်ပွဲများနှင့် ရှမ်းပြည်မြောက်ပိုင်းတွင် ၁၉၇၀ ပြည့်နှစ်များအတွင်း ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ကို ဖြိုခွင်းခဲ့သောစစ်ပွဲ ဆင်နွှဲခြင်းများ ပါဝင်သည်။

ပုဂ္ဂလိကပိုင်ပြုရေး ကြိုးပမ်းချက်

၎င်းသည် ၁၉၈၈ ခုနှစ်တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ ပထမဆုံး အဖွဲ့ဝင်များအနက် တစ်ဦးဖြစ်ကာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးအဖြစ်ဖြင့် တိုင်းပြည်စီးပွားရေး ကြီးကြပ်ခြင်းကို ဆင့်ကဲဆိုသလို တစ်ကြိမ်တစ်ခါစီ ထမ်းဆောင်ခဲ့ရသည်။

နောက်ပိုင်းတွင် ဥက္ကဋ္ဌရုံး၏ စီးပွားရေးဆိုင်ရာ အကြံပေးတစ်ဦးအဖြစ် ခန့်အပ်ခံခဲ့ရသည်။ ဝန်ကြီးတစ်ဦးအဖြစ်ဖြင့် ပထမဆုံး ချမှတ်ခဲ့ရသော ဆုံးဖြတ်ချက်တစ်ရပ်မှာ တိုင်းပြည်၏ အကြီးဆုံးသော နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ ဖြစ်ကြသည့် မြန်မာ့ဦးပိုင်လီမီတက် UMEHL နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း MEC တို့ကို ဖွဲ့စည်းတည်ထောင်ခြင်းပင် ဖြစ်သည်။

 “ကျွန်တော်က စင်ကာပူကို စံနမူနာအဖြစ် အသုံးပြုခဲ့တာပါ” ဟု ၎င်းက ပြောသည်။ အရေးပါသော လုပ်ငန်းကဏ္ဍများကို ဖန်တီး အားပေးရန် စင်ကာပူအစိုးရက ၁၉၇၄ ခုနှစ်တွင် တည်ထောင်ခဲ့သည့် ရင်းနှီးမြုပ်နှံမှုကုမ္ပဏီ တစ်ခုဖြစ်သော(တီမာဆက် ဦးပိုင်ကုမ္ပဏီ) Temasek Holdings ကို ရည်ညွှန်းကာ ယင်းသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဤမဟာဗျူဟာတွင် အဆင့်နှစ်ဆင့် ပါဝင်သည်ဟု ဦးဒေးဗစ်အေဘယ်က ပြောသည်။ ပထမအဆင့်မှာ တယ်လီဖုန်း ဆက်သွယ်ရေးလုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ စွမ်းအင်နှင့် သဘာဝရင်းမြစ်များ အပါအဝင် လုပ်ငန်းကဏ္ဍ အမျိုးမျိုးကို လွှမ်းခြုံထားသော နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ SOEs ၏ ကိုယ်ပိုင်ရင်းနှီးမြုပ်နှံမှုအစုစုကို မတည်မည့် ရင်းနှီးမြုပ်နှံမှု ဦးပိုင်ကုမ္ပဏီတစ်ရပ် ဖန်တီးခြင်းဖြစ်သည်။

ထို့နောက်တွင် အဆိုပါ SOEs များ၏ ထုတ်လုပ်စွမ်းအားနှင့် ယှဉ်ပြိုင်နိုင်စွမ်းတို့ကို လွတ်လပ်စွာ တိုးချဲ့မြှင့်တင်နိုင်ရန်၊ အလုပ်အကိုင်များ ပိုမိုဖန်တီးနိုင်ရန်နှင့် အဆုံးတွင် မြန်မာပြည်သူများက ရှယ်ယာများ ဝယ်ယူပိုင်ဆိုင်နိုင်ရန် စတော့အိတ်ချိန်းတစ်ခုတွင် စာရင်းသွင်းရန်တို့ကို ဆောင်ရွက်နိုင်စေမည့် ပုဂ္ဂလိကပိုင်ပြုရေးလုပ်ငန်းစဉ်တစ်ရပ်ကို ဆက်လက်ဆောင်ရွက်ရန်ပင်ဖြစ်သည်။

“ကျွန်တော်က ပုဂ္ဂလိကကုမ္ပဏီတွေအတွက် စံနမူနာပုံစံတစ်ရပ် လိုချင်ခဲ့တာပါ။ ကျွန်တော်က ပုဂ္ဂလိကပိုင်ကဏ္ဍကို ယှဉ်ပြိုင်နိုင်စွမ်း ရှိစေလိုပါတယ်။ ဒါပေမဲ့ ကျွန်တော့် စိတ်ကူးအကြံအစည်တွေကို ဟန့်တားခဲ့ပါတယ်” ဟု SOEs များ ပုဂ္ဂလိကပိုင်ပြုရေးကို ရည်ညွှန်း၍ ၎င်းက ပြောဆိုရှင်းပြသည်။ မည်သူက ၎င်း၏ အကြံဉာဏ်များကို ဟန့်တားခဲ့သနည်း ဆိုသော မေးခွန်းနှင့်ပတ်သက်၍မူ လက်တခါခါ ခေါင်းတရမ်းရမ်းဖြင့် “မပြောနိုင်ဘူး” ဟုသာ မဲ့ဲပြုံးလေးဖြင့် ပြန်ဖြေခဲ့သည်။

“မြန်မာက ပိုမိုများပြားတဲ့ အခုလို စီးပွားရေး စံပုံစံမျိုးတွေကို လိုအပ်ပါတယ်” ဟုလည်း လုပ်ငန်းကဏ္ဍအမျိုးမျိုးရှိ စီးပွားရေးလုပ်ငန်းများ ပိုင်ဆိုင်ထားသော ဦးပိုင်ကုမ္ပဏီတစ်ရပ်ကို ရည်ညွှန်းပြောကြားသည်။ ထို့အပြင် ထပ်မံတိုးတက်မှုရှိစေရေးအတွက် SOEs များက ပုဂ္ဂလိကနှင့် ပြည်ပရင်းနှီးမြုပ်နှံမှုများကို လက်ခံကြိုဆိုရန် လိုအပ်သည်ဟုလည်း ထပ်လောင်းပြောကြားသည်။

“သူတို့ကို နိုင်ငံရေးသမားတွေက ထိန်းချုပ်ထားတာပါ။ ဒါကြောင့် သူတို့ရဲ့ တိုးချဲ့မှုက အကန့်အသတ်ရှိပါတယ်။ ခုချိန်က ဒါတွေကို တိုးချဲ့သင့်သလို မဖြစ်မနေ ဆောင်ရွက်ရမယ့် အချိန်ပါ” ဟု ယုံကြည်မှုရှိရှိ ပြောကြားသည်။ “တယ်လီဖုန်း ဆက်သွယ်ရေး လုပ်ငန်းကဏ္ဍတွေက အခုလိုဆောင်ရွက်မှုမျိုး ဆောင်ရွက်ခဲ့ပြီးပါပြီ။ စွမ်းအင်ကဏ္ဍမှာလည်း လုပ်နေပါပြီ” ဟုဆိုပြီး ဆေးဝါးကဏ္ဍနှင့် ရထားပို့ဆောင်ရေးကဏ္ဍများတွင်လည်း အလားတူ ပုဂ္ဂလိကပိုင်ပြုသင့်သည်ဟု အကြံပြုခဲ့သည်။  

မည်သူက ၎င်း၏ အကြံဉာဏ်များကို ဟန့်တားခဲ့သနည်း ဆိုသော မေးခွန်းနှင့်ပတ်သက်၍မူ လက်တခါခါ ခေါင်းတရမ်းရမ်းဖြင့် “မပြောနိုင်ဘူး” ဟုသာ မဲ့ဲပြုံးလေးဖြင့် ပြန်ဖြေခဲ့သည်။ 

မိမိသည် ဗြိတိန်ဝန်ကြီးချုပ်ဟောင်း မာဂရက်သက်ချာကို “လမ်းပြသွန်သင်သူ” တစ်ဦးအဖြစ် ခံယူခဲ့ပြီး SOEs များကို ပုဂ္ဂလိကပိုင်ပြုခြင်းနှင့် “အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများကို လုပ်ငန်းကြီးများ အဖြစ်သို့” ပြောင်းလဲခြင်း လုပ်ငန်းစဉ်၌ သူ၏ အောင်မြင်မှုများကို လေးစားအားကျသည်ဟုလည်း ၎င်းက ဆိုသည်။ သက်ချာမှာ ခေတ်သစ်ဗြိတိန်နိုင်ငံရေး၏ သဘောထားအမြင် နှစ်မျိုးနှစ်ခွ ထားရှိခြင်းခံရဆုံးသော ပြယုဂ်တစ်ခုဖြစ်ပြီး သူ၏ ရှေးရိုးစွဲနိုင်ငံရေးနှင့် စီးပွားရေး မူဝါဒများမှာ ယနေ့အချိန်ထိ အငြင်းပွားဖွယ်ရာ ဖြစ်နေသေးသည်။

ရိုမန်ကက်သလစ် ဘာသာဝင်တစ်ဦးဖြစ်ပြီး စစ်အစိုးရဟောင်းအဖွဲ့အတွင်းရှိ ဗုဒ္ဓဘာသာဝင် မဟုတ်သည့် ရှားရှားပါးပါး အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးဒေးဗစ် အေဘယ်မှာ စီးပွားရေးကိစ္စရပ်များအပေါ် စစ်ဘက်ဆိုင်ရာ ကိုယ်စားလှယ်တစ်ဦး အဖြစ်ဖြင့် ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့မှုများအတွက် ထင်ရှားခဲ့သူဖြစ်သည်။ ပုဂ္ဂလိကပိုင် လုပ်ငန်းကဏ္ဍကို မြှင့်တင်ရန် ရည်ရွယ်သော ၎င်း၏အဆိုပြုချက်များကို လက်တွေ့အကောင်အထည်ဖော်နိုင်မှု မရှိခဲ့ခြင်းနှင့်ပတ်သက်၍ ဝမ်းနည်းမိကြောင်းကို ဤအင်တာဗျူးအတွင်း အထပ်ထပ် အခါခါ အလေးအနက် ဖော်ပြခဲ့သည်။ ၎င်း၏ အကြံဉာဏ်များကို လက်တွေ့ဆောင်ရွက်နိုင်မှု မရှိခြင်းနှင့်စပ်လျဉ်းသည့် ၎င်း၏ ခံစားချက်ကိုလည်း Frontier က မေးမြန်းခဲ့သည်။

“အရမ်းခက်ခဲပါတယ်။ တစ်ခါတလေမှာ တိုင်းပြည်အတွက် တကယ်အကျိုးဖြစ်စေမယ့် မှန်ကန်ကောင်းမွန်တဲ့ အကြောင်းအရာတွေကို မဖြစ်မနေ ပြောခဲ့ရပေမယ့် ငြင်းပယ် ခံခဲ့ရပါတယ်။ (ဒါက ဘယ်လိုခံစားမှုမျိုး ဖြစ်စေသလဲ) ဆိုတော့ အရမ်းဆိုးတဲ့ ခံစားမှုမျိုးပေါ့။ မင်းဆိုလည်း စိတ်ဖိစီးမှု အရမ်းများပါလိမ့်မယ်။ မင်း သွားပြီ၊  သေသွားပြီလို့တောင် မင်းခံစားရနိုင်တယ်” ဟု ဖွင့်ဟ ပြောကြားသည်။

 “ကျွန်တော့်ရဲ့ အတွေးအခေါ်တွေကိုသာ လက်တွေ့အကောင်အထည်ဖော်ခွင့်ပြုခဲ့မယ်ဆိုရင် တိုင်းပြည်ရဲ့(စီးပွားရေး) အခြေအနေက အများကြီး ပိုကောင်းလာနိုင်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ မြန်မာနိုင်ငံက ဒီထက်အများကြီး တည်ငြိမ်လာမှာ ဖြစ်သလို ဖွံ့ဖြိုးမှု အနည်းဆုံး တိုင်းပြည်များစာရင်းကလည်း လွတ်မြောက်လာနိုင်မှာပါ” ဟုလည်း ဦးဒေးဗစ် အေဘယ်က ဆိုသည်။

“တစ်ခုခုကို အောင်မြင်အောင်လို့ ကျွန်တော်ကြိုးစားခဲ့ပေမယ့် ကျွန်တော် မအောင်မြင်ခဲ့ပါဘူး။ မြန်မာ့ဦးပိုင်လီမီတက် နဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတို့ကို ဖွဲ့စည်းတာမှာ အောင်မြင်ခဲ့ပေမယ့် ရှေ့ဆက် မဆောင်ရွက်နိုင်ခဲ့ပါဘူး။ ဒါက တော်တော်လေးကို ဝမ်းနည်းဖို့ ကောင်းပါတယ်”

U David Abel shows a portrait from his early days in the Tatmadaw. (Ann Wang / Frontier)

U David Abel shows a portrait from his early days in the Tatmadaw. (Ann Wang / Frontier)

မြန်မာ့စီးပွားရေး အနာဂတ်

အလုပ်များ ဆက်လုပ်နေရန်မှာ မိမိအတွက် အရေးကြီးလှပြီး စိတ်ထဲမှာ စွဲနေသော မိမိ၏ စိတ်ကူးအကြံဉာဏ်များကို လက်တွေ့ဖော်ဆောင်ရန် ဆန္ဒပြင်းပြမှုမှနေ၍ မိမိအတွက် တွန်းအားရယူသည်ဟုလည်း ဦးဒေးဗစ်အေဘယ်က ဆိုသည်။ ၎င်း၏ အကျိုးဆောင် အကြံပေးကုမ္ပဏီဖြစ်သော အေအက်စ်ကေ ASK ရုံးခန်းသို့ နံနက် ၈ နာရီမှ ညနေစောင်းအထိ တနင်္လာမှ သောကြာနေ့အထိ နေ့စဉ် ရုံးတက်လေ့ရှိသည်။ ၎င်းသည် ရေအားလျှပ်စစ်၊ တယ်လီဖုန်းဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးလုပ်ငန်းများအပါအဝင် စီးပွားရေးနယ်ပယ်အချို့ကို စိတ်ဝင်စားသော ကုမ္ပဏီများအတွက် အကျိုးဆောင် အကြံပေးတစ်ဦး ဖြစ်သည်။

“ကျွန်တော့်နိုင်ငံရဲ့ ကောင်းကျိုးချမ်းသာကို ထမ်းဆောင်ဖို့အတွက် ခုချိန်ထိ အလုပ်လုပ်နေတုန်းပါပဲ” ဟုလည်း ၎င်းက ဆိုလိုက်သေးသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သော အစိုးရသစ်သည် ဆင်းရဲ၊ ချမ်းသာကွာဟမှုကို ပေါ်ပေါက်စေခဲ့သည့် တန့်နေသော စီးပွားရေးတစ်ရပ်ကို အလုံးစုံ ပြုပြင်ပြောင်းလဲရန် အခက်အခဲများ ရှိလာလိမ့်မည်ဟုလည်း ၎င်းက  ယုံကြည်ထားသည်။ တိုင်းပြည်က ရွေးချယ်စီမံရသော စီးပွားရေးပုံစံတစ်ရပ်ကို ဖော်ဆောင်အသုံးပြုရန် လိုအပ်လျက်ရှိသည်ဟုလည်း ဦးအေဘယ်က ဖြည့်စွက်ပြောကြားသည်။

ငွေကြေးကိစ္စရပ်များနှင့် ပတ်သက်၍မူ မြန်မာကျပ်ငွေကို အမေရိကန်ဒေါ်လာနှင့် ချိတ်ဆက်ထားသင့်သည်ဟု ဦးဒေးဗစ်အေဘယ်က ယုံကြည်လျက်ရှိသည်။

“ကျွန်တော်တို့မှာ ငွေကြေးတန်ဖိုး တိုင်းတာဖို့ ငွေကြေး ၆ မျိုး အုပ်စု ရှိနေပေမဲ့ အဓိက(တစ်ခု)ကတော့ အမေရိကန်ဒေါ်လာ ဖြစ်ပါတယ်။ ကုန်သွယ်မှုအားလုံး၏ ၉၀ ရာခိုင်နှုန်းက အမေရိကန်ဒေါ်လာနဲ့ ကုန်သွယ်နေလို့ပါပဲ” ဟု ဆိုပြီး ငွေကြေးမူဝါဒကို စေ့စပ်သေချာစွာ စီမံခန့်ခွဲသင့်သည်ဟုလည်း ၎င်းက အခိုင်အမာ ယုံကြည်လျက်ရှိသည်။ ကုန်သွယ်ဘက်နိုင်ငံများ၏ ဖွင့်ဟခြင်းမရှိသည့် ငွေကြေးအုပ်စုကို ဆန့်ကျင်သည့် စင်ကာပူနိုင်ငံ၏ ငွေကြေးလဲလှယ်မှုနှုန်းထား စီမံခန့်ခွဲရေးပုံစံကို ကိုးကားကာ ယခုကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

၂၀၁၅-၁၆ ဘဏ္ဍာနှစ်၏ ပထမနှစ်ဝက်တာ ကာလအတွက် ကုန်သွယ်ရေးလိုငွေကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလအတွင်း  မြန်မာနိုင်ငံက ကြေညာခဲ့သည်။ ယခင်နှစ်၏ ပထမခြောက်လတာ ကာလထက် ၂၇ ရာနှုန်း တိုးမြှင့်သွားခဲ့ရပြီး ယင်းမှာ ၂၀၁၃-၁၄ ဘဏ္ဍာနှစ်ထက် ၈၈ ရာခိုင်နှုန်း များပြားနေခြင်း ဖြစ်သည်။

ကုန်သွယ်ရေး လိုငွေပြမှုသည် မြန်မာနိုင်ငံ၏ တိုးတက်နေသော စီးပွားရေးကို အကျိုးဖြစ်ထွန်းစေသည်ဟု ပြောဆိုနေသူများ၏ အမြင်ကို ဦးဒေးဗစ်အေဘယ်က လက်မခံပေ။ ကုန်သွယ်ရေး ပိုငွေပြမှုကသာ စားသုံးသူများ၏ ယုံကြည်မှုကို မြင့်မားစေလိမ့်မည်ဟု ၎င်းက စောဒကတက်ခဲ့သည်။

 “လိုငွေ မပြသင့်ပါဘူး” ဟု ၎င်းက ဆိုသည်။ “ကုန်သွယ်ရေး လိုငွေပြတာက ကြွေးမြီတင်တာပါပဲ။ ဒီကြွေးမြီကို မဖြစ်မနေ ပေးဆပ်ရပါတယ်။ ပိုငွေ ပြနေတယ်ဆိုရင်တော့ ပိုပြီး လွတ်လွတ်လပ်လပ် တင်သွင်းနိုင်ပါတယ်။ လိုငွေပြနေပြီဆိုရင် အဲဒီအတွက် အတိုးလည်း ပေးရဦးမှာ ဖြစ်ပါတယ်” ဟု ရှင်းပြသည်။

ပို့ကုန်ကဏ္ဍ တိုးမြှင့်ရန် ပို့ကုန်ခွန်များ မရှိသင့်ကြောင်းနှင့် ထိုသို့ဆောင်ရွက်နိုင်မှသာလျှင် နိုင်ငံခြား ငွေကြေးများကို  တိုင်းပြည်က ရရှိနိုင်မည်ဖြစ်ကြောင်း၊ အမြတ်ခွန်နှုန်းထား ၂၅ ရာခိုင်နှုန်းမှာ “ကောင်းစွာ လုံလောက်သော” နှုန်းထားဖြစ်ကြောင်း ၎င်းက ယုံကြည်လျက်ရှိသည်။ သို့သော် အဓိကပြဿ     နာရပ်မှာ အခွန်ကောက်ယူမှုပိုင်း၌ လက်တွေ့ဖော်ဆောင်နိုင်မှု အားနည်းခြင်းပင် ဖြစ်သည်ဟုလည်း သတိပေး ပြောကြားသည်။ “အခွန်ဌာနကို ပြန်ဖွဲ့ဖို့ လိုအပ်ပါလိမ့်မယ်။ အဲဒါဆိုရင် ဘာမှ အရေးယူစရာ မလိုတော့ဘူးပေါ့ဗျာ။ အကျင့်ပျက် ခြစားမှုတွေကိုတော့  အဆင့်တိုင်းမှာ တိုက်ဖျက်ပစ်ရမှာပဲ” ဟုလည်း ၎င်းက ပြောသည်။

ဦးဒေးဗစ်အေဘယ်သည် ပွင့်လင်းမြင်သာမှုရှိရေးအတွက် အခိုင်အမာ ဆော်သြသူတစ်ဦးလည်း ဖြစ်သည်။

လွန်ခဲ့သော ဆယ်စုနှစ် တစ်ခုအတွင်းက ကဏ္ဍအချို့၌ အကျင့်ပျက်ခြစားမှုများ ရှိနေသည်ဟူသော မီဒီယာစွပ်စွဲချက်များ ပေါ်ပေါက်ခဲ့သော်လည်း ဦးဒေးဗစ်အေဘယ်မှာမူ အကျင့်စာရိတ္တကောင်းမွန်သော ဗိုလ်ချုပ်တစ်ဦးအဖြစ် လူသိများနေဆဲ ဖြစ်သည်။

“ငွေကြေးကို မကိုးကွယ်မိဖို့ အရေးကြီးပါတယ်” ဟုလည်း အကျင့်ပျက်ခြစားမှုနှင့်ပတ်သက်သော မေးခွန်းကို ၎င်း၏ ရိုမန်ကက်သလစ် ကိုးကွယ်ယုံကြည်မှုကို ကိုးကားကာ ၎င်းက ဖြေကြားလိုက်ခြင်း ဖြစ်သည်။

“အခုကတော့ ဘယ်အရာမှ ပွင့်လင်းမြင်သာမှု မရှိဘူး။ ရာနှုန်းပြည့် ပွင့်လင်းမြင်သာမှု ရှိရမှာ ဖြစ်ပေမဲ့ ဒီအခြေအနေမျိုးက ဖြည်းဖြည်းချင်းပဲ ဖြစ်လာမှာပါ။ ချက်ချင်းဆိုသလို ရာနှုန်းပြည့် ပွင့်လင်းမြင်သာမှု ရှိဖို့ မမျှော်လင့်နိုင်ပါဘူး။ ဒါပေမဲ့ ၃၀ ရာခိုင်နှုန်း၊ ပြီးမှ ၄၀ ရာခိုင်နှုန်း၊ ပြီးတော့ ၅၀ ရာခိုင်နှုန်းဆိုတာမျိုးကနေ စတင်ရမှာပါ။ ဒီလို နည်းလမ်းမျိုးနဲ့တော့ ဆောင်ရွက်သွားနိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။

ချမ်းသာသူနှင့် ဆင်းရဲသူအကြား မြင့်သထက် မြင့်လာနေသော ကွာဟမှုကိုလည်း ၎င်းက စိုးရိမ်ပူပန်လျက်ရှိသည်။ “ချမ်းသာသူတွေက ပိုပိုချမ်းသာလာပြီး ဆင်းရဲနွမ်းပါးသူတွေက ပိုပိုဆင်းရဲလာတယ်။ ဒါက ကောင်းမွန်တဲ့ အခြေအနေတစ်ရပ် မဟုတ်ပါဘူး။ နောက်တက်မယ့်အစိုးရမှာ လူနေမှုဘဝကို မြှင့်တင်ပေးဖို့အတွက် အခက်ကြုံရဖို့ ရှိလာပါလိမ့်မယ်” ဟု ဆိုသည်။ ချမ်းသာကြွယ်ဝမှုကို တန်းညှိခွဲဝေပေးရန် လိုအပ်ချက်နှင့်စပ်လျဉ်း၍ “အစိုးရက သူတို့အတွက် လူမှုအကျိုးစီးပွားအရ ဘာတစ်ခုမှ လုပ်မပေးတာကြောင့် သူတို့ကို ခံစားခွင့် မပေးဘဲ သူတို့ဆီက ပြန်လုယူနေတယ်လို့ ပြည်သူတွေက ရှုမြင်နေပါတယ်။ လမ်းပေါ်မှာ အသုံးမပြုဘဲ အလဟဿ      ဖြစ်နေတာတွေ အများကြီး ရှိနေတယ်” ဟုလည်း ထပ်မံရှင်းပြသည်။

အလုပ်အကိုင် ဖန်တီးရေးနှင့် စိုက်ပျိုးရေးကဏ္ဍ ခေတ်မီဖွံ့ဖြိုးတိုးတက်စေရေးတို့မှာ အစိုးရသစ်က ဇောင်းပေး လုပ်ဆောင်ရန် လိုအပ်သည့် အခြားအဓိကကျသည့် နယ်ပယ်ရပ်များ ဖြစ်သည်ဟု ဦးဒေးဗစ်အေဘယ်က ပြောသည်။ “ကျွန်တော်တို့မှာ အရည်အသွေး ပိုကောင်းတဲ့ဆန်တွေ ထုတ်ဖို့အတွက် စက်ရုံမရှိပါဘူး။ ရိတ်သိမ်းတာကနေ ထမင်းစားပွဲပေါ်ရောက်တဲ့အထိဆိုရင် (ဆန်) ၂၇ ရာခိုင်နှုန်း ဆုံးရှုံးနေပါတယ်။ အင်းဆက်ပိုးကြောင့် ကွင်းထဲမှာ ဆုံးရှုံးရသလို သယ်ယူပို့ဆောင်ရာမှာ၊ သိုလှောင်သိမ်းဆည်းရာမှာ၊ ကြိတ်ခွဲ ထုပ်ပိုးရာမှာ အားနည်းချက်တွေကြောင့်လည်း ဆုံးရှုံးရပါတယ်။ ဒါက လုပ်ငန်းကျွမ်းကျင်မှု မရှိခြင်းရဲ့ ရလဒ်တွေပါ” ဟု ဆိုသည်။

U David Abel with a copy of his family crest, which he purchased while on a visit to Scotland. (Ann Wang / Frontier)

U David Abel with a copy of his family crest, which he purchased while on a visit to Scotland. (Ann Wang / Frontier)

ပြန်လည်သုံးသပ်ချက်များ

တပ်မတော်တွင် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့ကြသည့် အခြားသူများနည်းတူ ဦးဒေးဗစ်အေဘယ်သည်လည်း အထူးတလည် မျိုးချစ်စိတ်ဓာတ် ပြင်းပြသူဖြစ်ပြီး တပ်မတော်က တိုင်းပြည်ကောင်းကျိုးအတွက်သာ အစဉ်တစိုက် ဆောင်ရွက်ခဲ့သည်ဟု ယုံကြည်လျက်ရှိသည်။

“ကျွန်တော်တို့က တိုင်းပြည်လွတ်လပ်ရေးကို အရယူခဲ့တယ်။ ကျွန်တော်တို့က တိုင်းပြည်ပျက်မယ့်အရေးကနေ ကာကွယ်ခဲ့တယ်” ဟု ၎င်းက ပြောကြားသည်။ ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေး ရရှိခဲ့ပြီးနောက် တိုင်းပြည်ကို  ခြိမ်းခြောက်ခဲ့သည့် တော်လှန်ပုန်ကန်သောအုပ်စုများအား တဖြည်းဖြည်း တွန်းလှန်နိုင်ခဲ့သော တပ်မတော်၏ အောင်မြင်မှုများကို ရည်ညွှန်းပြောဆိုခဲ့ခြင်း ဖြစ်သည်။ သို့သော် တပ်မတော်၏နေရာမှာ စစ်တန်းလျားတွင်သာ ဖြစ်ပြီး အာဏာစားပွဲဝိုင်းများတွင် မရှိသင့်သည်ကိုမူ ဦးဒေးဗစ်အေဘယ်က လက်ခံသဘောတူသည်။

နိုင်ငံတစ်နိုင်ငံ၏ လက်နက်ကိုင်တပ်ဖွဲ့များသည် နိုင်ငံရေးအရှုပ်အထွေးများတွင် မပါဝင်သင့်သော်လည်း နိုင်ငံရေးဆိုင်ရာ နားလည်သိရှိမှု ရှိသင့်သည်ဟူသော ဗြိတိသျှ စစ်သေနာပတိချုပ်ဖြစ်သူ ဘားနတ် မောင့်ဂိုမာရီ၏ ပြောကြားချက်ကို ကိုးကားကာ “ကျွန်တော်တို့က (နိုင်ငံရေးမှာ) မပါသင့်ပါဘူး” ဟုလည်း ၎င်းက ဆိုသည်။

အာဏာ မလွှဲပြောင်းမီမှာ တိုင်းပြည်ကို ဘေးကင်းလုံခြုံအောင် ပြုလုပ်ရေးမှာ စစ်အုပ်ချုပ်ရေး၏ တစ်ခုတည်းသော ရည်ရွယ်ချက်ဖြစ်သည်ဟူသော တပ်မတော်၏ ခိုင်မာသော သန္နိဋ္ဌာန်ကို ဦးဒေးဗစ်အေဘယ်ကလည်း အလားတူ  ကိုင်စွဲထားသည်။ မြန်မာနိုင်ငံသည် အဆုံးတွင် ငြိမ်းချမ်းမှု ရရှိလိမ့်မည်ဟုလည်း ၎င်းက ယုံကြည်လျက်ရှိသည်။

“လူတိုင်းက ဒီအရေးကို နားလည်လာနေပါပြီ။ ဒီအရေးက တိုင်းပြည်အရေး ပြည်သူ့အရေးဖြစ်နေလို့ပါ” ဟုလည်း ထပ်လောင်းရှင်းပြသည်။ 

မြန်မာနိုင်ငံမှာ အသွင်ကူးပြောင်းမှုကို ဆက်လက်ဆောင်ရွက်နေချိန်တွင် ဒီမိုကရေစီစနစ်၌  ရယူခြင်းများသာ ရှိသည်ဟု ယုံကြည်နေသူများအတွက် သတိပေးစကားတစ်ရပ်လည်း ၎င်းက ဆိုသေးသည်။

“ဒါက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ လှုပ်ရှားဆောင်ရွက်ခွင့်ဖြစ်ပေမဲ့ ဒီမိုကရေစီစနစ်မှာလည်း  တာဝန်ဝတ္တရားတွေ ရှိပါသေးတယ်” ဟု ၎င်းက ပြောသည်။

“သင့်အနေနဲ့ တိုင်းပြည်ရဲ့ ဥပဒေတွေကို မဖြစ်မနေ လိုက်နာရမှာပါ။ ကျွန်တော့အတွက်ဆိုရင်တော့ (ခရစ်ယာန်တစ်ယောက်အဖြစ်) ဘုရားရှိခိုးကျောင်းတော်ရဲ့ စည်းမျဉ်းဥပဒေသတွေကိုလည်း လိုက်နာရမှာ ဖြစ်သလို မိသားစုရဲ့ စည်းကမ်းဥပဒေတွေကိုလည်း လိုက်နာရမှာပါ” ဟု ပြောကြားသည်။ 

တပ်မတော်၏ ငွေလုပ်စက်များ

မြန်မာ့ဦးပိုင်ကုမ္ပဏီလီမီတက်နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတို့မှာ ကာကွယ်ရေးဝန်ကြီးဌာန၏ ပစ္စည်းဝယ်ယူမှု ညွှန်ကြားရေးမှူးရုံးနှင့် လက်ရှိတပ်မတော်သားများ၊ အငြိမ်းစား တပ်မတော်သားများက ပူးတွဲပိုင်ဆိုင်ထားသည်။

၁၉၉၀ ပြည့်နှစ်တွင် တည်ထောင်ခဲ့သည့် မြန်မာ့ဦးပိုင်ကုမ္ပဏီလီမီတက်၏ အကျိုးစီးပွားများတွင် ကျောက်မျက် ထုတ်လုပ်ရောင်းချရေး၊ အထည်အလိပ် စက်ရုံများ၊ သစ်စက်များ၊ စားသောက်ကုန်များ၊ စူပါမားကက်၊ ဘဏ်လုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေး၊ ဆောက်လုပ်ရေးနှင့် အိမ်ခြံမြေလုပ်ငန်း၊ ကွန်ပျူတာ ရောင်းဝယ်ရေးလုပ်ငန်းများ၊ တယ်လီဖုန်း ဆက်သွယ်ရေးလုပ်ငန်းများ၊ လျှပ်စစ်နှင့် လျှပ်စစ်ပစ္စည်းလုပ်ငန်း၊ စတီးနှင့် ဘိလပ်မြေလုပ်ငန်းများ ပါဝင်သည်။ မြန်မာနိုင်ငံရှိ ပြည်ပတိုက်ရိုက်ရင်းနှီးမြုပ်နှံမှုအများစုမှာ မြန်မာ့ဦးပိုင်ကုမ္ပဏီလီမီတက်နှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်းများ ဖြစ်သည်။

မြန်မာ့ဦးပိုင်ကုမ္ပဏီလီမီတက်က မကြာသေးမီနှစ်များအတွင်း တရုတ်နိုင်ငံ၏ ကာကွယ်ရေးပစ္စည်းထုတ် လုပ်ငန်းဖြစ်သည့် နော်ရင်ကိုနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်သည့် အငြင်းပွားဖွယ်ရာ လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်းမှ ရှယ်ယာအနည်းငယ်အတွက် ဝေဖန်ခံနေရသည်။ ထို့အတူ ယမန်နှစ်ကလည်း မြန်မာနိုင်ငံရှိ တရားမဝင် ကျောက်စိမ်းကုန်သွယ်ရေးလုပ်ငန်းများမှ အကျိုးအမြတ် အများဆုံး ရရှိသူတစ်ဦးအဖြစ် စောင့်ကြည့်လေ့လာရေးအဖွဲ့ ဖြစ်သော ဂလိုဘယ် ဝတ်နက်စ် Global Witness က သတ်မှတ်ခဲ့သည်။ မြန်မာ့ဦးပိုင်ကုမ္ပဏီလီမီတက်သည် စစ်ဘက်ပင်စင်အစီအစဉ် တစ်ရပ်ကိုလည်း ယင်းအစု ထည့်ဝင်ထားသော မြဝတီဘဏ်မှတစ်ဆင့် ကြီးကြပ်ကွပ်ကဲလျက်ရှိသည်။

မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းကိုမူ ၁၉၉၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး စီးပွားရေးလုပ်ငန်း အမျိုးမျိုးတွင် ပါဝင်လျက်ရှိသည်။ ယင်းတို့ထဲတွင် ကုန်သွယ်ရေးကုမ္ပဏီများ၊ စိုက်ပျိုးရေးထုတ်ကုန်များ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ၊ တယ်လီဖုန်း ဆက်သွယ်ရေးလုပ်ငန်းများ၊ ကျောက်မျက်နှင့် သတ္တုရှာဖွေတူးဖော်ရေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ရေးလုပ်ငန်းတို့ ပါဝင်သည်။

ထိုကုမ္ပဏီနှစ်ရပ်စလုံးမှာ တပ်မတော်နှင့်ဆက်စပ်သည့်အတွက် အမေရိကန်၏ အရေးယူပိတ်ဆို့မှုစာရင်းတွင် ကျန်ရှိနေဆဲ ဖြစ်သည်။

အောင်မင်း ဘာသာပြန်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar