နေပြည်တော်၊ ဇွန် ၂၄
ကချင်အထူးဒေသ(၁) ခေါင်းဆောင် ဦးစခုန်တိန့်ယိန်းကို အမျိုးသားလွှတ်တော်အမတ် အဖြစ်ကနေ ရုပ်သိမ်းဖို့ ပြည်ထောင်စုရွေးကောက်ပွဲခုံအဖွဲ့က ဒီနေ့ အမိန့်ချမှတ်လိုက်ပါတယ်။
ဓာတ်ပုံ- Kachin News
ဦးစခုန်တိန့်ယိန်းဟာ ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွင်း တရားမဲ့ ပြုကျင့်တာတွေ သက်သေ အထင်အရှား ရှိခဲ့တဲ့အကြောင်း နေပြည်တော်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးမှာ ဖွင့်လှစ်ထားတဲ့ တရားခွင် အမှတ်-၂ ရဲ့ ကြားနာမှုတွေကတစ်ဆင့် သိရှိရပါတယ်။
ကချင်ပြည်နယ်၊ အမျိုးသားလွှတ်တော်အမတ် (၅)မှာ တစ်သီးပုဂ္ဂလအဖြစ် ရွေးချယ်ခံထားရတဲ့ ဦးစခုန်တိန့်ယိန်းကို ရွေးကောက်ပွဲအတွင်း မမှန်ကန်တဲ့နည်းလမ်းတွေ၊ ဝါဒဖြန့်ချိမှုတွေ၊ ခြိမ်းခြောက်မှုတွေနဲ့ ပြိုင်ဘက်တွေအပေါ် တရားမဲ့ ပြုကျင့်ခဲ့တယ်ဆိုပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားထားတဲ့အမှုဖြစ်ပါတယ်။
နယ်ခြားစောင့်တပ်ရင်း (၃)လည်း ဖြစ်တဲ့ ကချင်ဒီမိုကရေစီသစ်တပ်မတော် (NDA) ခေါင်းဆောင် ဦးစခုန်တိန့်ယိန်းဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အပါအဝင် အခြားအမတ်လောင်းတွေကို သူ့အုပ်ချုပ်တဲ့ နယ်မြေအတွင်း လွတ်လပ်စွာ မဲဆွယ်စည်းရုံးခွင့် မရအောင် နည်းလမ်းအမျိုးမျိုးနဲ့ လုပ်ခဲ့တယ်လို့ တိုင်ကြားသူတွေကဆိုပါတယ်။
ရွေးကောက်ပွဲရဲ့ မဲဆွယ်စည်းရုံးရေးကာလဖြစ်တဲ့ အောက်တိုဘာလအတွင်းကတည်းက ဦးစခုန်တိန့်ယိန်းနဲ့ သူ့ရဲ့သား ဦးစခုန်ယိန်းဆောင်တို့ရဲ့ လက်အောက်ခံ လက်နက်ကိုင်အချို့ဟာ ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်အတွင်း မဲဆွယ်စည်းရုံးရေး သွားရောက်နေတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကိုယ်စားလှယ်လောင်းတွေကို ရိုက်နှက်ဟန့်တားတာတွေ ရှိနေတယ်လို့ သတင်းထွက်ပေါ်ခဲ့ပါတယ်။
အဲဒီမတိုင်မီကလည်း လော်ဝေါ် အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကို ပန်ဝါမြို့မှာ ပါတီ ဆိုင်းဘုတ် မထောင်ဖို့၊ မဲဆွယ် ဟောပြောစည်းရုံးတာတွေ မလုပ်ဖို့ တားမြစ်တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတဲ့အတွက် ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာ ၂၉ ရက်နေ့မှာ ခေါ်ယူသတိပေးခဲ့ဖူးပါတယ်။
ရွေးကောက်ပွဲပြီးချိန်မှာတော့ ဦးစခုန်တိန့်ယိန်းက အမျိုးသား လွှတ်တော်မဲဆန္ဒနယ် အမှတ် (၅) နဲ့ သူ့ရဲ့ သား ဦးစခုန်ယိန်းဆောင်ကတော့ ပြည်နယ်လွှတ်တော် ချီဗွေမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၂)မှာ ရွေးကောက်ခံခဲ့ရပါတယ်။
အဲဒီနောက်မှာတော့ ဦးစခုန်တိန့်ယိန်းကို သူ့လိုပဲ တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဦးယောနာနဲ့ ပြည်သူတစ်ဦးဖြစ်သူ ဦစံဝေခေါင်လွမ်းတို့က ရွေးကောက်ပွဲမှာ တရားမဲ့ပြုကျင့်မှုတွေ ရှိခဲ့တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ တိုင်ကြားခဲ့တာဖြစ်ပြီး သူတို့ အနိုင်ရခဲ့ပါတယ်။ ဒါကြောင့် တိုင်ကြားသူ ဦးယောနာဟာ အမျိုးသား လွှတ်တော်မဲဆန္ဒနယ် အမှတ် (၅)ရဲ့ အမတ်အဖြစ် အစားထိုးထမ်းဆောင်ခွင့် ရရှိသွားပြီ ဖြစ်ပါတယ်။
ရွေးကောက်ပွဲမှာ ဦးစခုန်တိန့်ယိန်းက မဲ ၅,၀၀၀ ကျော်နဲ့ ဦးယောနက မဲ ၃,၀၀၀ ကျော် ရရှိခဲ့ပါတယ်။
တရားခွင်ကို ဦးစခုန်တိန့်ယိန်းရဲ့ ကိုယ်စားလှယ်အဖြစ်တက်ရောက်တဲ့ ဦးခင်မောင်ကျော်နဲ့ ရှေ့နေဦးလှဟန်တို့ကတော့ ဘာဆက်လုပ်မယ်ဆိုတာကို မဆုံးဖြတ်ရသေးဘဲ တိုင်ပင်ဦးမယ်လို့ Frontier ကိုပြောပါတယ်။
ဦးစခုန်ယိန်းဆောင်ကိုတော့ တိုင်ကြားသူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးခေါဘောမ်က တင်ပြတဲ့ သက်သေမခိုင်လုံဘူးဆိုတဲ့ ခုံရုံးအဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့ ကန့်ကွက်ခံရမှုကနေ လွတ်မြောက်သွားပါတယ်။
နှစ်မှုစလုံးမှာ ကန့်ကွက်သူတွေဖက်က ရှေ့နေလိုက်ပေးတဲ့ ဦးတင်ထွန်းသိန်းကတော့ “ကျေနပ်လောက်တဲ့ အဖြေပါပဲ။ ကျွန်တော်တို့အားလုံး ကြိုးစားခဲ့ရတယ်” လို့ဆိုပါတယ်။
အမှုကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးစိုးရယ်က ဥက္ကဋ္ဌနဲ့ ပြင်ပတရားသူကြီးနှစ်ဦးက အဖွဲ့ဝင်အဖြစ်ပါဝင်တဲ့ ခုံရုံးအဖွဲ့က စစ်ဆေးတာဖြစ်ပြီး ခုနစ်လကျော် ကြာမြင့်ခဲ့ပါတယ်။ အခုဆုံးဖြတ်ချက်တွေအပေါ် မကျေနပ်ပါက ၁၄ ရက်အတွင်း အယူခံခွင့်ရှိပါသေးတယ်။
သတင်း-ဉာဏ်လှိုင်လင်း