ဦးကိုနီအသတ်ခံရမှု အမှန်တရား အမြန်ဆုံးပေါ်ထွက်ရန် အတိုင်ပင်ခံတိုက်တွန်း

ရဲမွန်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို လုပ်ကြံသတ်ဖြတ်သည့် အမှုအတွက် အမှန်တရားအမြန်ဆုံးပေါ်ထွက်ရန် သက်ဆိုင်သူအားလုံးဝိုင်းဝန်းကြိုးပမ်းကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်သည်။

ဇန်နဝါရီ ၂၉ ရက်နေ့က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် ရှေ့နေဦးကိုနီနှင့် အငှားယာဉ်မောင်း ကိုနေဝင်းတို့ အသတ်ခံရမှု ၂ နှစ်ပြည့် အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာတွင် ထိုသို့တိုက်တွန်းထားခြင်းဖြစ်သည်။ ၎င်းတို့ ၂ ဦးကို လေးစားဂုဏ်ပြုထိုက်သူများအဖြစ် ပြည်သူများ၏ရင်ထဲတွင် အမြဲအမှတ်ရနေမည်ဟုလည်း သဝဏ်လွှာတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားသည်။

“မြန်မာနိုင်ငံ၏ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သည့် ဆရာဦးကိုနီနှင့် အမှန်တရားနှင့် တရားမျှတမှုအတွက် အသက်ပေး၍ နမူနာပြဆောင်ရွက်ခဲ့သည့် ကိုနေဝင်းတို့ကို ဆုံးရှုံးရခြင်းမှာ မြန်မာနိုင်ငံအတွက် ကြီးမားသည့်ဆုံးရှုံးမှုဖြစ်ပါသည်”ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က သဝဏ်လွှာတွင် ထည့်သွင်းပြောဆိုထားသည်။

ထို ၂ နှစ်ပြည့် အခမ်းအနားသို့ လူဦးရေရာနှင့်ချီကာ တက်ရောက်ခဲ့ကြပြီး မိသားစုဝင်များ၊ ရှေ့နေများ၊ ဘာသာရေးခေါင်းဆောင်များ၊ သံအမတ်ကြီးများ၊ NLD ပါတီ တာဝန်ရှိသူများနှင့် နိုင်ငံရေးသမားများလည်း ပါဝင်ခဲ့သည်။

ရှေ့နေဦးကိုနီ ပြောကြားထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အကြောင်းအရာဟောပြောချက်များကိုလည်း အခမ်းအနားမစတင်မီတွင် တက်ရောက်လာသူများအား အခမ်းအနားကျင်းပရေးကော်မတီက ပြသခဲ့သည်။

အခမ်းအနားတွင် ဗုဒ္ဓဘာသာမှ မြဝတီမင်းကြီးဆရာတော်၊ ခရစ်ဘာသာမှ သိက္ခာတော်ရဆရာ ဦးစောရွှေလင်း၊ အစ္စလာမ်ဘာသာမှ ဦးအေးလွင်နှင့် ဟိန္ဒူဘာသာမှ ဦးစန်းမြင့်နိုင်တို့က ဦးကိုနီနှင့်ကိုနေဝင်းတို့အတွက် ဂုဏ်ပြု အမှတ်တရစကားများ ပြောကြားခဲ့ကြသည်။

ဟိန္ဒူဘာသာရေးခေါင်းဆောင် ဦးစန်းမြင့်နိုင်ကပြောကြားရာတွင် မြန်မာနိုင်ငံအတွက် ရှေ့နေဦးကိုနီကဲ့သို့သော ဥပဒေကျွမ်းကျင်ပညာရှင်များစွာ လိုအပ်ပြီး ပညာရှင်များကိုလည်း ပြည်သူများက ဘာသာရေးမခွဲခြားပဲ တန်ဖိုးထားတတ်ရမည်ဟု တိုက်တွန်းခဲ့သည်။

”ပညာရှင်တွေကို တန်ဖိုးမထားတတ်တဲ့ နိုင်ငံက ဘယ်တော့မှ မတိုးတက်ဘူး”ဟု ၎င်းကပြောသည်။

ရှေ့နေဦးကိုနီနှင့်ကိုနေဝင်းတို့ အသတ်ခံရသည့်အမှုအတွက် ရုံးချိန်းပေါင်း ၁၀၀ ကျော် စစ်ဆေးပြီးဖြစ်ကာ နှစ်ဖက်ရှေ့နေများက အပြီးသတ် လျှောက်လဲချက်ကို မြောက်ပိုင်းခရိုင်တရားရုံးတွင် ပေးကြရမည်ဖြစ်သည်။

ထို့နောက် လေဆိပ်တွင် သေနတ်ဖြင့် ပစ်ခဲ့သည့် ကြည်လင်းနှင့် ပူးပေါင်းကြံစည်သူများအဖြစ် သံသယရှိသူ အောင်ဝင်းဇော်၊ ဇေယျာဖြိုးနှင့် အောင်ဝင်းထွန်းတို့အား တရားရုံးက ယခုလအတွင်း အမိန့်ချမှတ်ဖွယ်ရှိသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.