ဦးကိုနီအမှု အမိန့်ချရက် သတ်မှတ်ပြီးသည့်တိုင် လုပ်ကြံရခြင်း အကြောင်းရင်း မသိရှိရ

ကျော်လင်းထွန်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဥပဒေအကြံပေးဖြစ်သူ ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုပတ်သက်၍ စီရင်ချက်ကို ဖေဖော်ဝါရီ ၁၅ ရက်တွင် အပြီးသတ် အမိန့်ချမှတ်မည်ဟု ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တရားရုံးက သတ်မှတ်လိုက်သည်။ သို့သော် အမှုတွင် နောက်ကွယ်မှ ကြိုးကိုင်စေခိုင်းခဲ့သူဟု သံသယရှိသူ အောင်ဝင်းခိုင်အား ဖမ်းဆီးနိုင်ခြင်း မရှိသေး၍ လုပ်ကြံရခြင်း အကြောင်းအရင်းအား မသိရရှိသေးဟု တရားလွှတ်တော်ရှေ့နေ ဦးနေလက Frontier ကို ပြောကြားသည်။

“အောင်ဝင်းခိုင်ကို မမိတဲ့အတွက်ကြောင့် ဒီအမှုမှာ Cause of Assassination ပေါ့နော်၊ ဘာကြောင့်မို့လို့ လုပ်ကြံတယ်ဆိုတာကို ကံသေကံမ ပြောဖို့ မသိရဘူး ဖြစ်နေတယ်။ ဒါပေမယ့် အမှန်တကယ်ပြစ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ သူတွေအားလုံးဟာ အောင်ဝင်းခိုင်ရဲ့ ဦးဆောင်မှုအောက်မှာဖြစ်တဲ့အတွက် သူမပါပေမယ့် အမှုက ပြည့်စုံတဲ့ အခြေအနေမျိုးတော့ ရောက်ရှိသွားတယ်” ဟု ဦးကိုနီ၏ မိသားစုဘက်မှ လိုက်ပါဆောင်ရွက်ပေးသူ ဦးနေလက ပြောသည်။

သို့ရာတွင် သက်သေများရှိနေသော်လည်း အဓိက သံသယတရားခံအဖြစ် သံသယရှိသူမှာ ၂ နှစ် ကြာမြင့်သည့် တိုင်အောင် လွတ်မြောက်နေရခြင်းအပေါ် မြန်မာနိုင်ငံလွတ်လပ်သောရှေ့နေများအသင်း (ILAM) ၏ ဒုတိယဥက္ကဋ္ဌ (၂) လည်း ဖြစ်သော ၎င်းက အပြင်းအထန်ရှုတ်ချခဲ့သည်။

“အဓိကအားဖြင့်ကတော့ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးဖို့ တာဝန်ရှိတယ်လေ။ ဒီစုံစမ်းစစ်ဆေးမှုနဲ့ အားနည်းတယ်။ မြန်မာပြည်ထဲမှာ ရှိတဲ့သူကို ဘာဖြစ်လို့ရှာမတွေ့ရမှာလဲ။ ဒီစကားကလွဲလို့ တခြားပြောစရာမရှိဘူး။ ရှာတွေ့အောင် မဖမ်းဆီးနိုင်တာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ စုံထောက်အဖွဲ့တွေ ဒါက အင်မတန်အားနည်းတဲ့အချက်ပဲ” ဟု ၎င်းက ပြောသည်။

အမှုအား ၁၀၃ ကြိမ်မြောက်အဖြစ် ယနေ့ ဖေဖော်ဝါရီ ၁ ရက်တွင် ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံး၌ သေနတ်သမား ကြည်လင်း အပါအဝင် ၃ ဦးကို ရုံးထုတ်ခဲ့ပြီး နှစ်ဖက် အပြီးသတ်လျှောက်လဲချက်များကို တင်ပြစေခဲ့ခြင်း ဖြစ်ကာ အပြီးသတ်အမိန့်ချမည့်ရက်ကို သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

တရားလွှတ်တော်ရှေ့နေဦးကိုနီသည့် လက်ရှိအာဏာရ NLD ပါတီ၏ ဥပဒေအကြံပေးအဖြစ် တာဝန်ယူခဲ့သူလည်းဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အကြပ်အတည်းနှင့် ပတ်သက်၍လည်း ဖွဲ့စည်းပုံပါပြဋ္ဌာန်းချက်များအတိုင်း လွှတ်တော်လမ်းကြောင်းမှ ပြင်ဆင်နိုင်သည့် နည်းလမ်းများကို ညွှန်ပြပေးခဲ့ခြင်းများကြောင့် ပါတီတွင်း၌သာမက ပြည်သူများအကြားတွင်ပါ လေးစားခံရသူအဖြစ် ကျော်ကြားခဲ့သည်။

ဦးကိုနီအား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လုပ်ကြံမှုနှင့် ပတ်သက်ပြီး အကြံတူပူးပေါင်းကျူးလွန်သည်ဟု စွပ်စွဲခံထားရသူ ကြည်လင်း၊ အောင်ဝင်းဇော်၊ အောင်ဝင်းထွန်းနှင့် ဇေယျာဖြိုးတို့အား ဖမ်းဆီးကာ ပြစ်မှုကြီး ၄၅/၂၀၁၇ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ (၁) (ခ) ဖြင့် တရားစွဲဆိုထားသည်။

တရားရုံးလုပ်ထုံးလုပ်နည်းအရ စစ်ဆေးချိန် ၂ နှစ်ခန့် ကြာမြင့်ခဲ့သည့် ယင်းအမှု၏ အဓိကကျသော ကွင်းဆက်တရားခံဟု ယူဆနေကြသည့် အောင်ဝင်းခိုင်မှာမူ လွတ်မြောက်နေဆဲဖြစ်ကာ တရားရုံးက ဝရမ်းပြေးအဖြစ် ကြေညာထားသည်။

၎င်းအား မမိသေး၍ လုပ်ကြံမှု၏ နောက်ကွယ်မှ အခြားပါဝင် ပတ်သက်နိုင်သူများကို မဖော်ထုတ်နိုင်သေးသည့်အပြင် လုပ်ကြံရခြင်း၏ အကြောင်းအရင်းကိုလည်း မပြောနိုင်သေးဟု ဥပဒေပညာရှင်များက ရှုမြင်ကြသည်။

“ဒီနေ့ကတော့ Final Argument (အပြီးသတ် လျှောက်လဲချက်) ပေးပြီးသွားတဲ့အခါကျတော့ အမိန့်ချဖို့ပဲ ကျန်တာပေါ့။ အန်ကယ်တို့ဘက်ကတော့ အမှုကို ခိုင်ခိုင်မာမာ တည်ဆောက်ထားပြီးတဲ့ အခါကျတော့ ပွင့်ပွင့်လင်းလင်း ပြောရရင် တရားရုံးကတော့ မှန်ကန်စွာ ဆုံးဖြတ်ပေးလိမ့်မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။ သူတို့ဘက်ကတော့ အယူခံတက်ခွင့်ရှိပါတယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးနေလက ဆိုသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.