အသက်အန္တရာယ် ခြိမ်းခြောက်ခံရသဖြင့် ဦးကိုနီကို လုပ်ကြံခဲ့ဟု ကြည်လင်းထွက်ဆို

ဟိန်းကိုစိုး

ဦးကိုနီကို လုပ်ကြံသတ်ဖြတ်ခြင်းမပြုပါက ၎င်းနှင့် မိသားစု၏ အသက်အန္တရာယ် ကျရောက်မည်ဟု ခြိမ်းခြောက်ခြင်းခံခဲ့ရသည်ဟု ဦးကိုနီအား လုပ်ကြံမှုဖြင့် ဖမ်းဆီးခံထားရသူ ကြည်လင်းက တရားရုံးတွင် ယနေ့ ထပ်မံ ထွက်ဆိုခဲ့သည်။

ဦးကိုနီသတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးတွင် တရားခံပြသက်သေများကို စစ်ဆေးကြားနာမှုတွင် ၎င်းက ထိုသို့ ထွက်ဆိုခြင်းဖြစ်သည်။ ပြီးခဲ့သည့် ရက်သတ္တပတ်က ပြုလုပ်ခဲ့သည့် တရားရုံးချိန်းတွင်လည်း ၎င်းက ထိုနည်းတူ ထွက်ဆိုခဲ့သည်။

၎င်းနှင့် မိသားစု၏ အသက်အန္တရာယ်အား ခြိမ်းခြောက်စေခိုင်းလာသည့်အတွက် လုပ်ကြံမှုကို ပြုလုပ်ခဲ့ခြင်းဖြစ်ကာ ၎င်း၌ အပြစ်မရှိဟု ကြည်လင်းက တရားရုံးတွင် ပြောကြားခဲ့သည်။

ကြည်လင်းအား ထိုသို့ စေခိုင်းသူမှာ မြင့်ဆွေဖြစ်သည်ဟု ကြည်လင်း၏ ရှေ့နေဖြစ်သူက သတင်းထောက်များကို ပြောကြားခဲ့သော်လည်း ကြည်လင်း၏ တရားရုံးထွက်ဆိုမှုတွင်မူ မြင့်ဆွေဟူသည့်အမည်အား ထည့်သွင်း ပြောကြားခဲ့ခြင်း မရှိပေ။

သို့သော် ကြည်လင်းရည်ညွှန်းသူမှာ မြင့်ဆွေသာဖြစ်သည်ဟု ရှေ့နေဖြစ်သူ ဦးကျော်ကျော်ထိုက်က Frontier ကို အတည်ပြုပြောကြားသည်။

“ထုချေတဲ့နေရာမှာ မြင့်ဆွေလို့ မပြောတာက လုပ်ထုံးလုပ်နည်းအရ အကျဉ်းချုပ် ပြောရတာ။ အကျယ်က သူတို့ကို စစ်တဲ့အခါကျရင် ကျယ်ကျယ်ပြန့်ပြန့် သူတို့ပြောလိမ့်မယ်” ဟု ကြည်လင်း၏ အကျိုးဆောင်ရှေ့နေ ဦးကျော်ကျော်ထိုက်က ပြောသည်။

ဦးကိုနီမိသားစု၏ ရှေ့နေဖြစ်သူ ဦးရောဘတ်စန်းအောင်ကမူ ခြိမ်းခြောက်ခိုင်းစေသူ မြင့်ဆွေအဖြစ် ထပ်မံ တင်ပြလာရာတွင်လည်း နှုတ်ပြောသာမက မည်သို့မည်ပုံ ခိုင်းစေသည့် စသည့် တရားရုံးက လက်ခံနိုင်မည့် အချက်အလက်များကို တင်ပြနိုင်ရန်လိုအပ်ပြီး ယင်းအပေါ်တွင် တရားရုံး၏ ဆင်ခြင်တုံ့တရားဖြင့်သာ ဆုံးဖြတ်နိုင်မည် ပြောကြားသည်။

“ဒါကတော့ မရှိတဲ့သူကို လွှဲပြတယ်။ လွှဲပြတော့ အာရုံက အဲဒီဘက်ကို ရောက်သွားကော။ နိုင်ငံရေးလုပ်တဲ့ နေရာမှာ အဲဒီလို လုပ်ကြတယ်။ အဲဒီလိုပြမှ အစစ်ကို ဖျောက်မှာကိုး၊ ကျွန်တော်တို့က အဲဒီလိုပဲသုံးသပ်တယ်။ သေသွားတဲ့ သူကို ပုံချတယ်” ဟု ၎င်းကဆိုသည်။

ကြည်လင်းနှင့် ကြည်လင်းရှေ့နေဖြစ်သူတို့ ရည်ညွှန်းသည့် မြင့်ဆွေဆိုသူသည် ရှေးဟောင်းဘုရားများခိုးယူမှုတွင် ကြည်လင်းနှင့် အတူတကွ လုပ်ကိုင်ခဲ့သူဖြစ်သည်။ ထိုအကြောင်းအရာကို စွဲချက်တင်မည့်အချိန်ကျမှ တရားရုံးတွင် ကြည်လင်းက စတင်ထွက်ဆိုခဲ့ခြင်းလည်း ဖြစ်သည်။

သို့သော် မြင့်ဆွေဆိုသူသည် ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တွင် သေဆုံးခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။ ၎င်းသေဆုံးခြင်းမှာ ရှေးဟောင်း ဘုရားများကို အတုပြုလုပ်ကာ ရောင်းချခြင်းကြောင့် နိုင်ငံခြားသားဝယ်ယူသူများ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရခြင်းဖြစ်သည်ဟု ဦးကိုနီမိသားစု ရှေ့နေများက စုံစမ်းသိရှိရပြီးဖြစ်သည်။

ယနေ့ ဇွန် ၂၈ ရက်နေ့တွင် မြောက်ပိုင်းခရိုင်တရားရုံးသို့ တရားခံများဟု ယူဆခံထားရသည့် ကြည်လင်း၊ အောင်ဝင်းဇော်၊ အောင်ဝင်းထွန်းနှင့် ဇေယျာဖြိုးတို့ဖက်မှ သက်သေခံ ၅၀ ဦးကို တင်သွင်းခဲ့ပြီး လာမည့် ဇွန် ၅ ရက်နေ့မှစတင်ကာ တရားခံပြ သက်သေများကို စတင်စစ်ဆေးမည်ဖြစ်သည်။ အဆိုပါကြားနာစစ်ဆေးမှုအပြီး နောက်ပိုင်းရုံးချိန်းများကို တစ်ပတ်လျှင်နှစ်ကြိမ် ရုံးထိုင်ကြားနာမည်ဟုလည်း သိရသည်။

လက်ရှိတွင် ဦးကိုနီကိုလုပ်ကြံသူ ကြည်လင်းသည် ပုဒ်မ ၃၀၂(၁)(ခ)/၃၄၊ အငှားယာဉ်မောင်း ဦးနေဝင်းကို သေစေမှုအတွက် ပုဒ်မ ၃၀၂ (၂) နှင့် လက်နက်ဥပဒေ ပုဒ်မ ၁၉ (ဃ)၊ (စ) တို့ဖြင့် အမှုရင်ဆိုင်ရမည်ဖြစ်ပြီး၊ အောင်ဝင်းဇော်က လက်နက်မှုမှအပ ဦးကိုနီကိုသတ်ဖြတ်မှု ၃၀၂(၁)(ခ)/၃၄၊ အောင်ဝင်းထွန်းက ပုဒ်မ ၂၁၂ နှင့် ဇေယျာဖြိုးကမူ ၃၀၂(၁)(ခ)/၁၀၉ ပြစ်မှုကျူးလွန်သူကို အားပေးကူညီမှု စသည့် ပြစ်မှုများဖြင့်အမှုရင်ဆိုင်ကြရမည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေးဖြစ်သူ ရှေ့နေကြီးဦးကိုနီသည် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ပြည်ပမှ ပြန်လာစဉ် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ဦးခေါင်းအား သေနတ်ဖြင့် အနီးကပ် ပစ်ခတ်လုပ်ကြံခြင်း ခံခဲ့ရသည်။ သေနတ်ဖြင့် ပစ်ခတ်ခဲ့သူအား လိုက်လံဖမ်းဆီးခဲ့သူ တက္ကစီယာဉ်မောင်း ကိုနေဝင်းမှာလည်း သေနတ်သမား၏ ပြန်ခုခံမှုကြောင့် သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar