ဥပဒေပြုရေးနှင့် တရားရေး ထိပ်တိုက်တွေ့၊ မဲခွဲပြီး လွှတ်တော်အနိုင်ရ

နေပြည်တော်

တရားစီရင်ရေးကဏ္ဍ တိမ်းစောင်းနေမှုအား ပြန်လည် တည့်မတ်နိုင်ရေးအတွက် ပြည်ထောင်စုတရားလွှတ်တော် ချုပ်သို့ တိုက်တွန်းတဲ့အဆိုကို ပြည်သူ့လွှတ်တော်မှ မတ် ၇ ရက်နေ့က လက်ခံဆွေးနွေးစဉ် နှစ်ဖက် အပြန်အလှန် ပြစ်တင်ပြောဆို သတိပေးမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ဒီအဆိုဟာ လွှတ်တော်ဆိုင်ရာဥပဒေနဲ့ မညီသလို အမတ်တွေရဲ့ ဆွေးနွေးချက်တွေဟာလည်း တရားရုံးများရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်၊ အပြုသဘောမဆောင်ဘူး၊ တိကျတဲ့အချက်အလက်တွေမပါဘူးလို့ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးစိုးညွန့်က တုံ့ပြန်ခဲ့တဲ့အတွက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ဦးဝင်းမြင့်က သတိပေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

အဆိုပါအကြောင်းအရာကို ထောက်ခံသူ အမတ်၂၅ ဦးရဲ့ ဆွေးနွေးချက်တွေအပေါ် ဦးစိုးညွန့်ရဲ့ ချေပမှု မိနစ် ၂၀ ကျော်ကြာ အရောက်မှာတော့ နိဂုံးချုပ်ပြီး သဘောထားသာပေးဖို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က နှစ်ကြိမ်တိုင်တိုင် သတိပေးပြောဆိုရတဲ့အထိ ဖြစ်ခဲ့တာပါ။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနဲ့ ရခိုင်အမျိုးသားပါတီတို့က အမတ် နှစ်ဦးသာပါပြီး ကျန်သူတွေက အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေသာဖြစ်ကြတဲ့ အမတ်တွေရဲ့ ဆွေးနွေးမှုများအတွင်း တူညီစွာ ထောက်ပြ ဆွေးနွေးခဲ့တဲ့အချက်တွေကတော့ တရားစီရင်ရေးမဏ္ဍိုင်မှာ အဂတိလိုက်စားမှု၊ အကျင့်ပျက် ခြစားမှုတွေဖြစ်နေပြီး ပြည်သူတို့ရဲ့ ယုံကြည်ကိုးစားမှုကျဆင်းနေတဲ့ အကြောင်းကိစ္စတွေ ဖြစ်ပါတယ်။

အမတ်တွေရဲ့ ဆွေးနွေးမှုအပြီး ဦးစိုးညွန့်က ပြန်လည်ဖြေရှင်းရာမှာတော့ “အထောက်အထား မခိုင်လုံတဲ့ အကျင့်ပျက် ခြစားမှုများကြောင့် တရားစီရင်ရေးကဏ္ဍတိမ်းစောင်းနေတယ်ဆိုတဲ့ အဆိုလောက် တရားရုံးများရဲ့ ဂုဏ်သိက္ခာကို ထိခိုက်နိုင်တာ မရှိတော့ပါဘူး။ ဒါကြောင့် တရားစီရင်ရေးကဏ္ဍ တိမ်းစောင်းနေတယ်ဆိုတဲ့ အဆိုဟာ နည်းဥပဒေနဲ့ ဆန့်ကျင်နေ၍ ကန့်ကွက်ပါတယ်” လို့ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

၂၀၁၁ ခုနှစ်ကနေ ဒီနေ့အထိ အကျင့်ပျက်ခြစားလို့ အရေးယူခံရတဲ့ တရားသူကြီးတစ်ဦးသာရှိပြီး တစ်ဆင့်စကား တစ်ဆင့်ကြားနဲ့ တရားရေးမဏ္ဍိုင် အကျင့်ပျက်နေတယ်ဆိုပြီး ပြောဆိုနေကြတာတွေဟာ အမှားကြာလို့ အမှန်ဖြစ်လာတဲ့သဘောလို့လည်း ဦးစိုးညွန့်က ပြည်သူ့လွှတ်တော်ကို ရှင်းပြခဲ့ပါသေးတယ်။

တရားစီရင်ရေး တည့်မတ်မှန်ကန်စေဖို့မှာ တရားသူကြီးတွေနဲ့သာမကဘဲ ဥပဒေအရာရှိ၊ ရှေ့နေရှေ့ရပ်၊ သက်သေနဲ့ အမှုဖော်ထုတ်စစ်ဆေးရတဲ့ ရဲတပ်ဖွဲ့တို့နဲ့လည်း သက်ဆိုင်တဲ့အတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တစ်ခုတည်းကို တိုက်တွန်းတာဟာ နည်းလမ်းမမှန်ဘူးလို့လည်း သူက ထောက်ပြပါတယ်။

“၎င်းတို့ရဲ့ ပေါ့လျော့မှု၊ လုပ်ငန်းမကျွမ်းကျင်မှု၊ မရိုးသားမှုကြောင့် တရားစီရင်ရေးကဏ္ဍဟာ တိမ်းစောင်းနိုင်ပါတယ်” လို့ ဦးစိုးညွန့်က ပြောခဲ့တာပါ။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ဟာ မည်သူကတိုက်တွန်းသည်ဖြစ်စေ၊ မတိုက်တွန်းသည်ဖြစ်စေ၊ မိမိရဲ့ တာဝန်ဖြစ်တဲ့ တရားရုံးများအပေါ် ပြည်သူများ ယုံကြည်စိတ်ချ ကိုးစားမှုရှိစေရန်နဲ့ မျှတမှုနဲ့ ဂုဏ်သိက္ခာရှိတဲ့ တရားစီရင်ရေး ပေါ်ပေါက်ရန်ဆိုတဲ့ ရည်မှန်းချက်ကို ထားရှိ ဆောင်ရွက်လျှက်ရှိတယ်လို့လည်း သူက ပြောပါတယ်။

ဒါ့အပြင် ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေအရ မဆီလျော်တဲ့အကြောင်းပြချက်၊ အထောက်အထားမခိုင်လုံမှုများ၊ မပြည့်စုံသော အသုံးအနှုန်းများနဲ့ ဂုဏ်သရေကို ထိခိုက်စေသော ဖော်ပြချက်များမပါရှိတဲ့ အဆိုကိုသာ လက်ခံ ဆွေးနွေးခွင့်ပြုရမယ်လို့ ဖော်ပြထားတာကြောင့် ဆွေးနွေးတဲ့အဆိုဟာ ဥပဒေနဲ့ မညီဘူးလို့လည်း ဦးစိုးညွန့်က လွှတ်တော်ကို ဝေဖန်ခဲ့ပါတယ်။

ဒါ့အပြင် ဒီအဆိုကို အတည်ပြုရင် တရားစီရင်ရေးရဲ့ ပုံရိပ်ကိုထိခိုက်ရုံသာမက တိုင်းပြည်ရဲ့ ပုံရိပ်ကိုပါ ထိခိုက်နိုင်တယ်ဆိုပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက သူ့ရဲ့ မိုက်ကရိုဖုန်းကို အပြီးမပိတ်ခင် နောက်ဆုံးစက္ကန့်ပိုင်းအတွင်းမှာ ဦးစိုးညွန့်က သူ့သဘောထားကို ထည့်သွင်း ပြောခဲ့ပါသေးတယ်။

ဦးဝင်းမြင့်ကတော့ “ဒီအဆိုဟာ အဆိုရဲ့ စည်းကမ်းချက်တွေ၊ ကန့်သက်ချက်တွေနဲ့ ညီညွတ်လို့ လွှတ်တော် ဥက္ကဋ္ဌက ခွင့်ပြုတဲ့ အဆိုဖြစ်ပါတယ်။ ဒါကြောင့်မို့ ဥပဒေပြုရေးအာဏာကိုတော့ တရားစီရင်ရေးအာဏာက ဝင်ရောက်စွက်ဖက်တာမျိုး မဖြစ်သင့်ပါဘူး”လို့ ပြန်လည်သတိပေးခဲ့ပါတယ်။

ဒါ့အပြင် “ကိုယ်စားလှယ်တွေက ဆွေးနွေးပိုင်ခွင့်အရ ဆွေးနွေးတယ်။ ဆွေးနွေးပိုင်ခွင့်အရ ဆွေးနွေးတာကို တရားရုံးကို မထီမဲ့မြင်ပြုတယ်လို့လည်း စွပ်စွဲဖို့ မသင့်ပါဘူး။ ဒါကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်အနေနဲ့ အလေးအနက်သတိပြုသင့်ပါတယ်”လို့ ဦးဝင်းမြင့်က ဆက်လက်ပြောကြားခဲ့ပါတယ်။

အဲဒီနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုရှင်ရဲ့ သဘောထားကိုမေးရာမှာတော့ “တရားရုံးအဆင့်ဆင့်ကို ထိန်းကျောင်းနေတဲ့ တရားသူကြီးတစ်ယောက်ဟာ အောက်မှာ ဒီလောက်ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်ကို မီဒီယာလောကမှာရော၊ လွှတ်တော်လောကမှာရော၊ အားလုံးသိတဲ့ဟာကို ငြိမ်နေတယ်ဆိုရင် ဒါအားပေးရာ ရောက်တဲ့သဘော ဖြစ်ပါတယ်”လို့ ဝေါမဲဆန္ဒနယ်အမတ် ဦးတင်ထွေးက ထည့်သွင်းပြောဆိုခဲ့ပြီး အတည်ပြုပေးဖို့ လွှတ်တော်ကို သူက တောင်းဆိုခဲ့ပါတယ်။

အဲဒီနောက် စက်ခလုပ်နှိပ်ပြီး လျှို့ဝှက်မဲခွဲ ဆုံးဖြတ်တဲ့အခါ ထောက်ခံမဲ ၂၈၆ မဲ၊ ကန့်ကွက်မဲ လေးမဲ၊ ကြားနေမဲ ၆၁ မဲနဲ့ အဆိုဟာ အတည်ဖြစ်သွားပါတယ်။

အစည်းအဝေးအပြီး မီဒီယာတွေနဲ့ တွေ့ဆုံစဉ်မှာတော့ အဆိုရှင်ဦးတင်ထွေးက တရားရေးမဏ္ဍိုင်ရဲ့ ဆောင်ရွက်ချက်တွေကို ဆက်လက်စောင့်ကြည့်သွားမှာဖြစ်ပြီး လိုအပ်တဲ့ ဥပဒေပြဋ္ဌာန်းတာတို့ မေးခွန်းနဲ့ အဆိုတွေ တင်သွင်းပြီး အပြန်အလှန် ထိန်းကျောင်းတာတို့ ဆက်လုပ်သွားမယ်လို့ ပြောပါတယ်။

ဒီအဆိုဟာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲအပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဦးဆောင်တဲ့ ပြည်သူ့လွှတ်တော်ပေါ်ပေါက်လာပြီးနောက် တစ်နှစ်ကျော်အတွင်းမှာ တရားစီရင်ရေးနဲ့ ပတ်သက်လို့ ပထမဆုံးအကြိမ် တင်သွင်း၊ ဆွေးနွေး၊ အတည်ပြုခဲ့တဲ့ အဆိုတစ်ခုလည်းဖြစ်ပါတယ်။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar