အောင်မြင်ဖို့ အချိန်ယူရဦးမယ့် ရန်ကုန်ဘတ်စ်ကား စနစ်သစ်

ဖေဖော်ဝါရီ ၉ ရက်နေ့က ရန်ကုန်မြို့တွင် စတင်ပြေးဆွဲပြီဖြစ်သည့် BRT ယာဉ်လိုင်းများသည် ပြည်သူများ၏ စိတ်ပါဝင်စားမှုကို တဖြေးဖြေး ရရှိလာပြီဖြစ်သော်လည်း ရေရှည် အောင်မြင်စွာ ရပ်တည်နိုင်ရန် အချိန်ယူရဦးမည် ဖြစ်သည်

သီရိဟန် ရေးသားသည်။

ဓာတ်ပုံများ – တေဇလှိုင်

ကမ္ဘာအေးဘုရား လမ်းမကြီးသည် ပုံမှန်မောင်းနှင်နေကြသော မော်တော်ကားများဖြင့် ပြည့်ကျပ်လျက် ရှိသည်။  အင်းလျားကန်ဘက်မှ တိုက်ခတ်လာသော လေကလည်း အေးအေးချမ်းချမ်း တိုက်ခတ်နေသည်။ မကြာသေးမီ ရက်ပိုင်းအတွင်းက စတင် ပြေးဆွဲနေသော BRT Lite (Bus Rapid Transit) ကားကို  မြန်မာပလာဇာ အဆောက်အအုံကြီးနှင့် မျက်နှာချင်းဆိုင်ရှိ လမ်းနီလေး ကားမှတ်တိုင်တွင် စောင့်မျှော်နေကြသူများ ရှိနေသည်။

လူအုပ်စုအလိုက် ဘတ်စ်ကားဖြင့် အမြန်သွားလာနိုင်ရေးအတွက် ဆောင်ရွက်ခြင်းကို Bus Rapid Trsnsit-BRT ဟု ခေါ်လေ့ရှိပြီး ကမ္ဘာ့နိုင်ငံအများအပြားတွင် လက်တွေ့ ကျင့်သုံးနေသည့် အများပြည်သူ သယ်ယူပို့ဆောင်ရေး (Public Transpot) နည်းလမ်းတစ်ရပ် ဖြစ်သည်။

Lite BRT စတင်ပြေးဆွဲသည့်နေ့တွင်ပင် ရန်ကုန်မြို့နေ ပြည်သူများ၏ စိတ်ဝင်စားမှု မြင့်တက်ခဲ့သည်။ ယာဉ်အကူမပါဝင်ဘဲ ကတ်ဖြင့် စီးနင်းရသည့် အဆိုပါစနစ်ကို သဘောကျသည်ဟု Facebook ပေါ်တွင် ရေးသားမှုများ၊ BRT စီးရင်း ဓာတ်ပုံတင်သူများလည်း အများအပြား တွေ့ရသည်။ BRT နှစ်လိုင်း ပြေးဆွဲရာတွင် ထောက်ကြံ့လမ်းဆုံတွင် စတင်ပြီး ရှစ်မိုင်လမ်းဆုံတွင် ချော်တွင်းကုန်းဘက်သို့ သွားသည့် လိုင်းတစ်လိုင်းနှင့် လှည်းတန်းဘက်သို့ သွားသည့် လိုင်းတစ်လိုင်း ခွဲထွက်ကာ ကမ်းနားလမ်းနှင့် ဆူးလေဘုရားလမ်းဆုံတွင် ခရီးစဉ် အဆုံးသတ်သည်။

အဆိုပါ BRT ယာဉ်လိုင်းကို ဖေဖော်ဝါရီ ၉  ရက်နေ့က စတင်ပြေးဆွဲနေခြင်း ဖြစ်သည်။

typeof=

“အဓိကက စပယ်ယာ မပါရှိတဲ့အတွက် စိတ်ချမ်းသာရတယ်”  ဟု စင်ကာပူမှ ရန်ကုန်သို့ ပြန်လာသည့် ကိုထင်လင်းသိန်းက BRTကို စောင့်ဆိုင်းရင်း သူ့အမြင်ကို ပြောသည်။ ထိုအချိန်တွင်ပင် ဘတ်စ်ကားတစ်စီး မှတ်တိုင်သို့ ဆိုက်လာပြီး စပယ်ယာက မှတ်တိုင်လမ်းကြောင်းများ အော်မဆုံးခင် ခရီးသည် နှစ်ယောက် အပြေးအလွှား တက်ပြီးသည်နှင့် ဘတ်စ်ကားက ဝူးခနဲ မောင်းထွက်သွားသည်။ “အဲဒီလိုတွေပေါ့။ စပယ်ယာတွေက လူတွေကို ကားပေါ် အတင်းစွတ်တင်၊ ရိုင်းလည်း ရိုင်းတယ်လေ” ဟု ပြောရင်း ကားလာမည့် လမ်းမဘက်ကို သူက မျှော်ကြည့်လိုက်သည်။

ဘတ်စ်ကား ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ  စည်းကမ်းလိုက်နာမှု အားနည်းလာပြီး ကားအချင်းချင်း အပြိုင်မောင်းချိန်တွင် မှတ်တိုင်များတွင် မရပ်တော့ပဲ လမ်းလယ်ခေါင်တွင် ခရီးသည်များအား အဆင်းအတက် ပြုလုပ်ခိုင်းသည်ကိုလည်း ရန်ကုန်မြို့နေ ဘတ်စ်ကားစီးသူအားလုံး ခံစားဖူးကြသည်။

BRT လိုင်းကို တည်ဆောင် ပြေးဆွဲနေသည့် Yangon Bus Public Company Limited (ရန်ကုန် ဘတ်စ်ကား အများပိုင်ကုမ္ပဏီလိမိတက်) ဥက္ကဋ္ဌ ဖြစ်သူ ဒေါက်တာမောင်အောင်က ယခု BRT စနစ်ဖြစ်လာစေရန် ၂၀၁၃ ခုနှစ်ကတည်းက ကြိုးစားခဲ့ရသည်ဟု ပြောကြားသည်။  

“UMFCCI မှာ workshop တွေ လုပ်ခဲ့ပြီး  အများပြည်သူ ယုံကြည်အားထားရတဲ့ ဘတ်စ်ကားစနစ် ဖြစ်ပေါ်လာဖို့ ရည်ရွယ်ခဲ့တယ် “ဟု သူက ပြောသည်။

ဂျပန်နိုင်ငံ YUTRA အဖွဲ့အစည်း၏ မြို့ပြသယ်ယူပို့ဆောင်ရေး လေ့လာတင်ပြမှုတွင် BRT လမ်းကြောင်း ၁၁ ကြောင်း ပြုလုပ်သင့်ကြောင်း ပါရှိသော်လည်း လမ်းကြောင်း လေ့လာတဲ့အချိန်တွင် အချို့လမ်းကြောင်းများသည် မြေယာပိုင်ဆိုင်မှု အရှုပ်အရှင်းများရှိပြီး လမ်းအနေအထား ကျဉ်းမြောင်းခြင်းတို့ကြောင့် အမြန်ဆုံးလုပ်နိုင်မည့် လမ်းကြောင်း ငါးကြောင်းကိုသာ ဆောင်ရွက်ခြင်းဖြစ်သည်ဟု ဒေါက်တာမောင်အောင်က ပြောသည်။

သို့သော် လမ်းကြောင်း ငါးကြောင်းအား တစ်ပြိုင်နက်တည်း စတင်ရန် မဖြစိနိုင်သေးသည့်အတွက် လက်ရှိ အချိန်တွင် လမ်းကြောင်းနှစ်ကြောင်းကိုသာ စတင်ပြေးဆွဲနေခြင်း ဖြစ်သည်။

typeof=

လက်ရှိ ဘတ်စ်ကားလောကတွင် ပုဂ္ဂလိကပိုင်စနစ်က အများစုဖြစ်ပြီး အုံနာကြေးဖြင့် ရပ်တည်ကြခြင်းကြောင့် စည်းကမ်းထိန်းသိမ်းမှုပိုင်းတွင် အားနည်းနေကြပြီး  ဝန်ဆောင်မှုပိုင်းကိုလည်းလည်း ဂရုမစိုက်တော့ဘဲ ပိုက်ဆံရရန်ကိုသာ ရည်ရွယ်နေကြသည်ဟု ဒေါက်တာမောင်အောင်ကပြောသည်။

“ဆရာတို့အနေနဲ့က အရင်းအနှီးများတယ်။ ရေရှည် တည်တံ့ဖို့ဆိုရင် နိုင်ငံတကာမှာ ဆိုရင်လည်း ကုမ္ပဏီကြီးတွေက ဦးဆောင်တယ်။ အစိုးရက ထောက်ပံ့တယ်။ ဒီနည်းအတိုင်း သွားတယ်” ဟု သူက ပြောသည်။

ရန်ကုန် ဘတ်စ်ကား အများပိုင်ကုမ္ပဏီလိမိတက်ကို တည်ထောင်ရန် အစိုးရက ကျပ် ၁၀ ဘီလျံ၊ ရွှေသံလွင်၊ ရွှေတောင်အုပ်စု၊ Diamond Star နှင့် Zeya & Associates and Fishery and Marine Products တို့က တစ်ဦးလ ျှင် ကျပ် ၂ ဒသမ ၅ ဘီလျံစီ ထည့်ဝင်ကြပြီး ကျန် ကျပ် ငါးဘီလျံကို အများပြည်သူများ ထည့်ဝင်ခွင့်ရရှိရန် ရှယ်ယာများ ရောင်းချပေးမည်ဖြစ်သည်။

“ကုမ္ပဏီကြီးတွေကိုလည်း တစ်ဦးချင်းစီကို ကျပ်ရှစ်ဘီလျံ မကျော်အောင် ကန့်သတ်ထားတယ်။ အများစိုးရိမ်နေသလို ခရုနီတွေ ကြီးစိုးမှာစသည်ဖြင့် မဖြစ်စေရပါဘူး” ဟု ဒေါက်တာမောင်အောင်က ပြောသည်။

“သိတဲ့အတိုင်းပဲ အစိုးရကို ပေးရင် ခဏလေးနဲ့ ပျက်စီးသွားလိမ့်မယ်။ ရေရည် တည်တံ့ဖို့ဆို ပုဂ္ဂလိကကို ပေးမှ အဆင်ပြေမှာ” ဟု သူက ဆက်လက်ပြောသည်။

“ပထမတစ်နှစ်ကတော့ လုံးဝမမြတ်ဘူး။ ဒါက စနစ်သစ်ဖြစ်တယ်။ လူတွေက ရင်းနှီးကျွမ်းဝင်မှု မဖြစ်ဘူး။ ပြောချင်တာက ချက်ချင်းမမြတ်ဘူး” ဟု သူက ပြောသည်။

စတင်ပြေးဆွဲမှုဖြစ်သည့်အတွက် ကြိုတင်ကြေညာထားသော်လည်း အခက်အခဲ၊ အားနည်းချက်အချို့ရှိနေဆဲဖြစ်သည်ဟု ဒေါက်တာမောင်အောင်က ပြောသည်။

“ဆရာတို့ အနေနဲ့ တစ်လလောက်ကတည်းက ကြိုတင် ကြေညာတယ်။ ညာဘက် အစွန်ဆုံးလမ်းဟာ အများပြည်သူ ဘတ်စ်ကားလိုင်းဖြစ်တယ်။ ကိုယ်ပိုင်ကားတွေမဝင်ပါနဲ့ဆိုပြီး၊ ဒါပေမဲ့ တကယ်တည်းကျတော့ အဆင်မပြေဘူး။ ဒီလိုမျိုးလေးတွေတော့ ရှိသေးတယ်။ အားနည်းချက်လေးတွေပေါ့။ ဒါတွေကို အရေးယူဖို့၊ ပညာပေးဖို့တွေ စီစဉ်နေတယ်” ဟု သူကပြောသည်။

BRT ယာဉ်မောင်းသူတစ်ဦးဖြစ်သူ ကိုစိုးနိုင်မင်းက “မောင်းရတာ အခက်အခဲကတော့ မရှိပါဘူး။ တစ်လ ကြိုတင် လေ့ကျင့်ပေးတယ်။ တစ်ချက်တစ်ချက် လမ်းကျဉ်းတာမျိုးတော့ ဂရုစိုက်ရတာမျိုးတွေရှိတယ်။ တစ်ချို့ ကားတွေက ဘေးက အတင်းကျော်တာမျိုးတွေ ရှိတယ်” ဟု ပြောရင်း ကားပေါ်တက်လာသည့် ခရီးသည် တစ်ချို့ကို ကတ်ဝယ်ပုံ၊ စက်တွင် ကတ်ပြပုံ၊ ကတ် ငွေဖြည့်မည်ဆိုလျှင်လည်း ကားပေါ်တွင် စက်တစ်ခါတည်းပါဝင်ကြောင်း သူက ဆက်လက် ရှင်းပြနေသည်။ ယာဉ်မောင်း ဝတ်စုံပြည့်ဝတ်ထားသည့် သူက “ဒီလိုင်းက စည်းကမ်းပိုင်းတော့ တင်းကျပ်ထားတယ်။ လစာ ကျပ်သုံးသိန်း၊ ထမင်းတစ်နပ်ကျွေးတယ်။ overtime ကြေးပေးတယ်” ဟု ဆိုသည်။

typeof=

ပုဂ္ဂလိက ယာဉ်လိုင်းတစ်ခုမှ ယာဉ်ပိုင်ရှင် ကိုတရုတ်လေးက အဆိုပါ စနစ်ကို ၎င်းတို့အနေဖြင့် ကြိုဆိုကြောင်းနှင့် နောက်ပိုင်းတွင် ပူးပေါင်းသွားရန်လည်း အစီအစဉ်ရှိသည်ဟု ပြောသည်။

“ဒါက စနစ်အရတော့ အောင်မြင်တယ်လို့ ယူဆလို့ ရမယ်။ လိုအပ်ချက်ကတော့ ပြည်သူတွေနဲ့ လုပ်ငန်းရှင်တွေ တကယ်ပူးပေါင်းဖို့ပဲ။ ဒါမှ ဆက်ရပ်တည်နိုင်မှာ” ဟု သူက ပြောသည်။

“ပြောရရင် အစပိုင်းကတော့ ကျွန်တော်တို့ ယာဉ်ပိုင်ရှင်တွေ လက်မခံဘူး။ ဒီယာဉ်တွေ ဆွဲရင် သူတို့ ယာဉ်လိုင်းတွေ ဘေးထွက်ပေးရမှာလားဆိုပြီး စိုးရိမ်ကြတယ်။ အများစုက မထောက်ခံကြဘူး။

“BRT ယာဉ်စီးခကို ဘယ်စီးစီး ကျပ် ၃၀၀ လို့ သတ်မှတ်ထားတဲ့အတွက် သူတို့အတွက်က ဈေးကွက်စီးပွားရေး မရှိဘူး။ ပုဂ္ဂလိက ယာဉ်လိုင်းများကတော့ လက်ရှိ တိုင်းဒေသကြီးက ချမျတ်ထားတဲ့ ယာဉ်စီးခ ခရီးစဉ်တစ်ခုကို ၅၀ ကျပ်၊ ခရီးစဉ်လေးပိုင်းဆိုလျှင် ၂၀၀ ကျပ်နဲ့ ပြေးဆွဲနေတာကြောင့် နောက်ပိုင်းမှာတော့ ဒီစနစ်တွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပြီဆိုရင် ပုဂ္ဂလိကယာဉ်လိုင်းတွေ အနေနဲ့လည်း  ဖြေလျော့မှုတွေ ရလာမယ်။ အဲဒီအတွက် ကြိုဆိုကြတယ်” ဟု ကိုတရုတ်လေးက ပြောသည်။

အစိုးရအကူးအပြောင်းအချိန်တွင် BRT လိုင်းကို စတင်ခဲ့ခြင်းဖြစ်သော်လည်း အစိုးရသစ်လက်ထက်တွင်လည်း အားပေးမည်ဟု ယုံကြည်ကြောင်း ဒေါက်တာ မောင်အောင်က ပြောသည်။

“ဆရာအနေနဲ့ကတော့ လက်တွဲလုပ်ဆောင်ဖို့ အဆင်သင့်ပါပဲ။ သူတို့ဘက်ကလည်း ထောက်ပံ့ပေးမယ်လို့ ယုံကြည်ပါတယ်။ ဒါက အများပြည်သူအတွက် တကယ် အဆင်ပြေစေမယ့် နည်းလမ်းတစ်ခုပဲလေ” ဟု သူက ပြောသည်။

လက်ရှိ အချိန်မှာတော့ BRT စနစ်ကို နှစ်ခြိုက်လာကြပြီး ရေရှည် အောင်မြင်လာစေချင်သူများ ရှိနေသည်။ အဲကွန်းအသစ်များဖြင့် အေးစိမ့်နေသော ကားပေါ်တွင် အေးအေးဆေးဆေး စီးကြသူများရှိလာပြီး “တကယ်သာ ဒီစနစ် ရှေ့ဆက်ဖြစ်လာရင် ထောက်ကြံ့ဘက်မှာတောင် အိမ်ဝယ်ပြီး အေးဆေးနေလို့ရတယ်။ မြို့ထဲကို BRT စီးလာရုံပဲ” ဟု စိတ်ကူးနေသူများလည်း ရှိနေသည်။

“ဒီစနစ် ရေရှည်ဖြစ်ရင် တကယ်ကောင်းမယ်။ မှတ်တိုင်တွေလည်း စိတ်သွားရင် ကောင်းမယ်။ နောက်ပိုင်းတော့ သူတို့ လုပ်မယ်ပြောပါတယ်။ အခုက စပြေးတာ ဆိုတော့” ဟု ကိုထင်လင်းသိန်းက သစ်လွင်နေသာ အဝါရောင် ကားကြီးဖြင့် ဆေးအသစ်နံ့ မပျောက်သေးသော BRT ကို စောင့်ဆိုင်းနေရင်း ပြောသည်။

“ကျွန်တော်စင်ကာပူ ပြန်ရောက်သွားသလို ခံစားရတယ်”ဟု သူကပြောသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.