အောက်တိုဘာတွင် ALD(ANP) ပါတီ ခေါင်းဆောင်သစ် ရွေးချယ်ဖွယ်ရှိ

ရခိုင်အမျိုးသားပါတီ (ANP) မှ ခွဲထွက်ရန် ပြင်ဆင်နေသည့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (ALD) ခေါင်းဆောင်ပိုင်း အစည်းအဝေးကို လာမည့် အောက်တိုဘာတွင် ပြုလုပ်သွားမည်ဖြစ်ပြီး ပါတီ၏ ခေါင်းဆောင်သစ်ကိုလည်း ရွေးချယ်သွားဖွယ် ရှိနေသည်။

လက်ရှိအချိန်တွင် ALD (ANP) အမည်ဖြင့် ရပ်တည်နေသည့် ယခင် ALD ပါတီ ခေါင်းဆောင်များအနေနှင့် စက်တင်ဘာ ၁၀ ရက်က ရန်ကုန်မြို့တွင် အစည်းအဝေးတခု ကျင်းပခဲ့ပြီးနောက် ရခိုင်အမျိုးသားပါတီ (ANP) မှ ခွဲထွက်၍ သီးခြားပါတီတခုအဖြစ် ရပ်တည်သွားရန် ပမာဏ သဘောတူညီထားခဲ့ကြသည်။

ထို့ပြင် ခွဲထွက်မည့် သီးခြားပါတီ၏ အသေးစိတ်ကိစ္စများကို ရခိုင်ပြည်နယ်ရှိ မြို့တမြို့တွင် အကြမ်းဖျဉ်းသတ်မှတ်ချက်အရ အောက်တိုဘာ ၁၀ ရက်ခန့်တွင် ပြုလုပ်ရန် လျာထားပြီး ဆုံးဖြတ်ချက် ချမှတ်မည်ဖြစ်သည်။

“အဲဒီရက်မှာပဲ ဘယ်သူ့ကို ဥက္ကဋ္ဌတင်မယ်ဆိုတဲ့ကိစ္စလည်း ပါလာမယ်။ အသေးစိတ်တွေကို အဲ့ဒီကျမှ အဓိက ဆုံးဖြတ်ပါမယ်” ဟု ယခင် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်၏ ဒုဥက္ကဋ္ဌဖြစ်သူ၊ လက်ရှိ ANP ပါတီ၏ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ဦးကျော်မြင့်က Frontier ကို ပြောသည်။

ရခိုင်အမျိုးသားပါတီ (ANP) အနေနှင့်မူ လက်ရှိအချိန်ထိ အဆိုပါကိစ္စကို ပါတီတွင်း ဆွေးနွေးမှု မရှိသေးဘဲ တရားဝင်ကြေညာချက်များ ထုတ်ပြန်သွားမည်ဟု မျှော်လင့်ရသည်။

ရခိုင်အမျိုးသားပါတီ (ANP) ကို ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီ (RNDP) နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) တို့ ၂၀၁၄ ခုနှစ်က ပူးပေါင်းဖွဲ့စည်းထားခြင်းဖြစ်ပြီး ပါတီတွင်းခေါင်းဆောင်နေရာများနှင့် ရွေးကောက်ပွဲတွင် ညီမျှမှုမရှိသည့် ကိုယ်စားလှယ် ရွေးကောက်ခြင်းများနှင့်ပတ်သက်၍ မကြေလည်မှုများ ရှိနေခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရရှိပြီးနောက် ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်များ ခန့်အပ်ရာတွင် ANP ပါတီအတွင်း ALD နှင့် RNDP တို့ သဘောထားကွဲလွဲမှု ကြီးကြီးမားမား စတင်ခဲ့သည်။ ALD အနေနှင့် NLD အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် သဘောထားရှိပြီး RNDP အနေနှင့်မူ ဒေါ်အောင်ဆန်းစုကြည်၏ ဝန်ကြီးချုပ်ခန့်အပ်မှုသည် ရခိုင်ပါတီက ခန့်အပ်ခြင်းမဟုတ်၍ ကန့်ကွက်ခဲ့သည်။

ရခိုင်အမျိုးသားပါတီ ဒုဥက္ကဋ္ဌဒေါ်အေးနုစိန်က “ပါတီရဲ့ စည်းမျဉ်းအရ ထွက်ချင်တဲ့ ပါတီဝင်အနေနဲ့ သူ့သဘောဆန္ဒနဲ့အတူ ထွက်ခွင့်ရှိပါတယ်။ ဒါပေမယ့် တခုတော့ ရှိတယ်။ ပါတီကို ပေးသွင်းရမယ့် ငွေကြေးကိစ္စတွေနဲ့ ပတ်သက်လို့တော့ ရှင်းရှင်းလင်းလင်း ဖြစ်ရမယ်” ဟု ဆိုသည်။

ANP ပါတီ၏ ဗဟိုကော်မတီဝင် ၃၉ ဦးရှိပြီး ခုနစ်ဦးမှာ ALD ပါတီမှဖြစ်ပြီး ကျန် ၃၂ ဦးမှာ RNDP မှ အများဆုံးဖြစ်ကာ အခြားနိုင်ငံရေးပါတီနှင့် ပြင်ပပုဂ္ဂိုလ်များလည်း ပါဝင်သည်။ သို့သော် ANP အတွင်းရှိ RNDP အများစု၏ ဆုံးဖြတ်ချက်အရ ဗဟိုကော်မတီဝင် ALD ခုနစ်ဦးထဲမှ ခြောက်ဦးကို ပါတီ၏စည်းမျဉ်းများနှင့် မကိုက်ညီဟုဆိုကာ ထုတ်ပယ်ခဲ့သေးသည်။

သို့သော် ALD ခေါင်းဆောင်များဖက်မှ ထုတ်ပယ်မှုကို ANP ပါတီတခုလုံး၏ သဘောထားမဟုတ်ဘဲ တဖက်သတ် ဆုံးဖြတ်ချက်ဟုဆိုကာ ငြင်းဆန်ခဲ့ပြီး ဗဟိုကော်မတီဝင်အဖြစ် ဆက်လက်ရပ်တည်ခဲ့သည်။

ရခိုင်အမျိုးသားပါတီ ဒုဥက္ကဋ္ဌတဦးဖြစ်သူ ဦးခိုင်ပြည်စိုးက “တကယ်တော့ ALD ပါတီဝင်တွေ ခွဲထွက်မယ်ဆိုတာထက် ANP ကိုမကြိုက်တဲ့သူတွေ ထွက်သွားတာပါ။ ဒါကို ALD အုပ်စုလို့တော့ ပြောလို့မရပါဘူး။ ပြီးတော့ ခု သီးခြားလုပ်ချင်တယ်ဆိုတဲ့ လူတွေက ထုတ်ပယ်ထားပြီးသားသူတွေလည်း ဖြစ်တယ်” ဟု ဆိုသည်။

ANP ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်များတွင် ALD ဖက်မှ လက်ရှိ အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌဦးအေးသာအောင်အပါအဝင် သုံးဦးသာရှိပြီး ဦးအေးသာအောင်တဦးသာ ပါတီမှ ထုတ်ပယ်ခဲ့သည့် ခြောက်ဦးတွင် မပါဝင်ခဲ့ခြင်းဖြစ်သည်။

“ဦးအေးသာအောင်ကတော့ အခုကိစ္စ(သီးခြားရပ်တည်ရေး)နဲ့ ပတ်သက်လို့ ကျနော်တို့နဲ့ တသဘောတည်း ရှိနေပါတယ်” ဟု ANP ပါတီ၏ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ဦးကျော်မြင့်က ဆိုသည်။

ANP ပါတီထဲမှ ALD ပါတီဝင်ဟောင်းများက လက်ရှိအချိန်တွင် ALD (ANP) အမည်ဖြင့် ရပ်တည်လျက်ရှိပြီး ယခု ALD ပါတီဝင်ဟောင်းများ သီးခြားရပ်တည်ရေးကိစ္စကိုမူ “ANP ပါတီအပေါ်မှာ ဘာမှ အကျိုးသက်ရောက်မှု မရှိပါဘူး” ဟု ANP ပါတီ ဒုဥက္ကဋ္ဌ ဦးခိုင်ပြည်စိုးက ဆိုသည်။

သတင်း- မြတ်ကျော်သူ

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.