ရန်ကုန်၊ ဇန်နဝါရီ ၅
ရန်ကုန်သို့ အရေးပေါ်ဆင်းသက်ခဲ့သည့် အိန္ဒိယလေယာဉ်။ ဓာတ်ပုံ-လေကြောင်းရဲတပ်ဖွဲ့
အိန္ဒိယနိုင်ငံ Jet Airways လေကြောင်းလိုင်းမှ ခရီးသည် ၁၅၀ ကျော် ပါဝင်သည့် ခရီးသည်တင် လေယာဉ်သည် ယနေ့ ညနေက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အရေးပေါ် ဆင်းသက်ခဲ့သည်။
အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြိုမှ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ပျံသန်းလာသည့် အဆိုပါ လေယာဉ်သည် မြန်မာနိုင်ငံပေါ် ဖြတ်ကျော်ပျံသန်းနေစဉ် လေယာဉ်ပေါ်မှ အောက်ဆီဂျင်စနစ် ချို့ယွင်းသွားသောကြောင့် မွန်းလွဲ ၁ နာရီ ၅၀ တွင် ရန်ကုန်လေဆိပ်သို့ အရေးပေါ် ဆင်းသက်ခဲ့ရသည်ဟု လေကြောင်းရဲတပ်ဖွဲ့၏ ဖေ့ဘုတ်စာမျက်နှာတွင် ရေးသားထားသည်။
Jet Airways လေကြောင်းလိုင်း၏ သတင်းထုတ်ပြန်ချက်တွင်မူ လေယာဉ်သည် နည်းပညာပြဿနာကြောင့် ရန်ကုန်လေဆိပ်သို့ မွန်းလွဲ ၂ နာရီ ၁၀ မိနစ်တွင် ဆင်းသက်ခဲ့သည်ဟု ဖော်ပြထားသည်။ ခရီးသည်များအား လေဆိပ်ခန်းမသို့ ပြောင်းရွှေ့ထားကာ နယူးဒေလီမှ အစားထိုးလေယာဉ်စေလွှတ်ပြီး ခရီးသည်များကို ပို့ဆောင်ပေးရန် စီစဉ်ထားသည်ဟုလည်း ဖော်ပြထားသည်။
သတင်း- Frontier သတင်းအဖွဲ့