အာရှအဆင့် တာဝေးနှင့် မသန်စွမ်းသူများ စက်ဘီးစီး တံခွန်စိုက်ပြိုင်ပွဲကို နေပြည်တော်၌ ကျင်းပမည်

အာရှအဆင့် တာဝေးနှင့် မသန်စွမ်းသူများ စက်ဘီးစီး တံခွန်စိုက်ပြိုင်ပွဲအား ဖေဖော်ဝါရီလတွင် နေပြည်တော်၌ ကျင်းပသွားမည်ဟု မြန်မာနိုင်ငံ စက်ဘီးစီးအဖွဲ့ချုပ်က ပြောကြားသည်။

ပြိုင်ပွဲအမျိုးအစား အများအပြားတွင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၂၅ နိုင်ငံကျော်မှ အားကစားသမား စုစုပေါင်း ၄၀၀ နီးပါး ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ကစားသမားများတွင် ဟောင်ကောင်မှ အများဆုံး လာရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး ဒုတိယအများဆုံးအနေဖြင့် ဂျပန်နိုင်ငံ၊ တတိယအများဆုံးအနေဖြင့် ထိုင်းနိုင်ငံတို့မှ လာရောက် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

“ဒီလို ဒေသတွင်းအဆင့်မြင့် စက်ဘီးပြိုင်ပွဲတွေကို ကျွန်တော်တို့နိုင်ငံမှာ ဒါပထမဆုံးအကြိမ်အဖြစ် လက်ခံ ကျင်းပတာဖြစ်တဲ့အတွက် မြန်မာနိုင်ငံ စက်ဘီးအားကစားအတွက် အလွန်ကို အရေးပါတဲ့ မှတ်တိုင်တစ်ခု ဖြစ်ပါတယ်။ ဒီပြိုင်ပွဲကြီးကနေတဆင့် ကျွန်တော်တို့နိုင်ငံအတွင်းမှာ စက်ဘီးစီး အားကစားအပေါ် စိတ်ဝင်စားမှုတွေ ပိုမိုတိုးပွားလာပြီး ကျွန်တော်တို့ အမျိုးသားအသင်းအပေါ် ထောက်ခံအားပေးမှု အခိုင်အမာ ရှိလာတာကိုလဲ မြင်တွေ့ရမှာ ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ် (MCF) ဥက္ကဋ္ဌ ဦးခင်မောင်ဝင်း ယမန်နေ့က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ယခုကျင်းပမည့် ၂၀၁၈ ခုနှစ် ACC Road Championship ပြိုင်ပွဲများကို ဖေဖော်ဝါရီ ၆ မှ ၁၂ ရက်နေ့အထိ ကျင်းပသွားရန် စီစဉ်ထားသည်။ နိုင်ငံတကာ စက်ဘီး အဖွဲ့ချုပ် (UCI) လက်အောက်ရှိ စက်ဘီးစီးအားကစား ပြက္ခဒိန်၏ နှစ်ပတ်လည်ပြိုင်ပွဲများထဲမှ တစ်ခုဖြစ်ပြီး အာရှစက်ဘီး အဖွဲ့ချုပ် (ACC) က မြန်မာ စက်ဘီးအဖွဲ့ချုပ်နှင့် ပူးပေါင်း၍ ကျင်းပခြင်းလည်း ဖြစ်သည်။

နေပြည်တော်၌ လက်ခံကျင်းပရခြင်းမှာ နေပြည်တော်တွင် ကောင်းမွန်စွာ ပြုပြင် ထိန်းသိမ်းထားသော ကျယ်ပြန့်သည့် လမ်းကွန်ယက်ရှိခြင်းနှင့် ပွဲအားပံ့ပိုးရန်အတွက် သယ်ယူပို့ဆောင်ရေးဆိုင်ရာ အခြေခံ အဆောက်အဦများ ရှိသည့်အတွက်ဖြစ်ကြောင်း ဦးခင်မောင်ဝင်းက ပြောကြားသည်။

ပြိုင်ပွဲတွင် မြန်မာနိုင်ငံ၏ အမျိုးသားအဆင့် အသင်း ငါးသင်းမှ အမျိုးသမီး-အငယ်တန်း၊ အမျိုးသား-အငယ်တန်း၊ အမျိုးသား ၂၃ နှစ်အောက်၊ အမျိုးသား-လက်ရွေးစင်တန်းနှင့် မသန်စွမ်း စသည့်ပြိုင်ပွဲအမျိုးအစား ငါးမျိုးတွင် ပါဝင်ယှဉ်ပြိုင်ရန် စာရင်း ပေးသွင်းထားပြီးလည်း ဖြစ်သည်။

“ဒီပွဲမှာ အတွေ့အကြုံများပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ စက်ဘီးစီးအားကစားသမားတွေ ဝင်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ အမျိုးသားအသင်းအတွက် ဒေသတွင်းအဆင့်နဲ့ နိုင်ငံတကာ စံနှုန်းတွေကို ထိတွေ့ခွင့်ရမဲ့ အခွင့်အလမ်းကောင်းတစ်ရပ် ဖြစ်ပါတယ်။ ဒီပြိုင်ပွဲဟာ ကျွန်တော်တို့ အမျိုးသား လက်ရွေးစင် စက်ဘီးစီး အားကစားသမားတွေအတွက်လည်း ကမ္ဘာ့တိုက်ကြီးများအဆင့် ပြိုင်ပွဲတွေကို ဝင်ရောက် ယှဉ်ပြိုင်နိုင်ဖို့ ပဏာမခြေလှမ်းတစ်ရပ်လဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ အမျိုးသားအသင်းအနေနဲ့ ဒီပြိုင်ပွဲကနေ ယုံကြည်မှုတွေ၊ အတွေ့အကြုံတွေ အများအပြား ရရှိလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်” ဟု မြန်မာနိုင်ငံ အမျိုးသားအဆင့် စက်ဘီးအသင်း၏ ဒုတိယနည်းပြ ဦးအောင်မျိုးနိုင်က ပြောကြားသည်။

ပထမဆုံးအကြိမ် အာရှစက်ဘီးတံခွန်စိုက်ပြိုင်ပွဲကို မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူတွင် ၁၉၆၃ ခုနှစ်က ကျင်းပခဲ့သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar