အာရ်စီအက်စ်အက်စ်က ဒေသခံ ၂၆၀ ကို ညှင်းပန်းနှိပ်စက်ခဲ့ဟု တအာင်းလူ့အခွင့်အရေးကွန်ရက်မှထုတ်ပြန်

ခွန်ယံ

ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ Restoration Council of the Shan State (RCSS) သည် ၂၀၁၅ မှ ၂၀၁၉ ခုနှစ်အထိ တအာင်းဒေသခံ ၂၆၀ ဦးကို ဖမ်းဆီး၍ ညှင်းပန်းနှိပ်စက်ခဲ့သည်ဟု တအာင်းလူ့အခွင့်အရေးဆိုင်ရာကွန်ရက်က တော်ဝင်နှင်းဆီခန်းမတွင် ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ထုတ်ပြန်သည်။

ယင်းထုတ်ပြန်ချက်တွင် ဖမ်းဆီးနှိပ်စက်ခံရသည့် အမှုပေါင်း ၈၅ မှုရှိကာ နှိပ်စက်ခံရသည့် ဦးရေ ၂၆၀ ဦးရှိကြောင်း ဖော်ပြထားသည်။

ယင်းတို့အနက် သတ်ဖြတ်ခံရသူ ၁၁ ဦးနှင့် သတင်းမရ ပျောက်ဆုံးနေသူ ၁၄ ဦးပါဝင်သည်။

သတင်းစာရှင်းလင်းပွဲသို့ ကိုယ်တိုင်အဖမ်းခဲ့ရသူ ဒေသခံ နှစ်ဦးလည်း တက်ရောက်ရှင်းလင်းခဲ့သည်။

“ကျွန်တော်တို့ကိုဖမ်းပြီး ခြေတွေ လက်တွေ လည်ပင်းတွေကို ကြိုးတုပ်ထားတယ်။ မိုးရေထဲမှာ ရိုက်နှက်တယ်။ ကျွန်တော်က ရွာသားတစ်ယောက်ပါလို့ ပြောပြပေမဲ့ သူတို့က TNLA တအာင်းတပ်ဖွဲ့ရဲ့ထောက်လှမ်းရေးလို့ စွပ်စွဲပြီး နှိပ်စက်တယ်။ ၆ ရက်လောက်ကြာမှ ပြန်လွှတ်ပေးတယ်” ဟု မျှစ်ရောင်းနေရင်း အဖမ်းခံလိုက်ရသည့် အသက် ၄၀ အရွယ် ဒေသခံတစ်ဦးက မီဒီယာများကိုပြောသည်။

ထိုသို့ဖမ်းဆီးနှိပ်စက်ခံရသော ဒေသခံအများစုမှာ ကျောက်မဲ၊ နမ့်ခမ်း၊ နမ့်ဆန်၊ မူဆယ်၊ နမ္မတူနှင့် သီပေါမြို့နယ်တို့မှဖြစ်သည်။

“တအာင်းဒေသမှာ တခြားလက်နက်ကိုင်တပ်ဖွဲ့တွေကလည်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေကြပေမဲ့ အများဆုံးက RCSS ဖြစ်နေတယ်။ ဒါကြောင့် RCSS ကို ဦးတည်ပြီး လက်နက်ကိုင်အဖွဲ့အားလုံးအနေနဲ့ ဒေသခံတွေအပေါ်မှာ လူ့အခွင့်အရေးတွေ မချိုးဖောက်ကြဖို့ တောင်းဆိုရတာဖြစ်ပါတယ်” ဟု တအာင်းလူ့အခွင့်အရေးဆိုင်ရာကွန်ရက်မှ အဖွဲ့ဝင် လွေးပို့ကျိန်ကပြောသည်။

ယခုထုတ်ပြန်ချက်ပါ အချက်အလက်များမှာ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုစာချုပ် NCA လက်မှတ်ထိုးပြီးနောက်ပိုင်း RCSS က ရှမ်းပြည်နယ်မြောက်ပိုင်း၌ စစ်ရေးလှုပ်ရှားချိန်တွင် ဖြစ်ပွားခဲ့သည်များကို စစ်တမ်းကောက်ယူထားခြင်းဖြစ်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.