အသေးစားချေးငွေကဏ္ဍ တိုးတက်ဖို့ဆိုရင်

img_7115_1.jpg

ဧရာဝတီတိုင်း ဒေးဒရဲမြို့နယ်က ရွာတစ်ရွာမှာ PACT Global Microfinance Fund မှ ဝန်ထမ်းတစ်ဦး ငွေရေတွက်နေတာကို ကြည့်ရှုနေတဲ့ ငွေချေးသူတွေကို ၂၀၁၅ ဧပြီလက တွေ့ရစဉ်။ ဓာတ်ပုံ – ဂျော့ရှူဝါ ကာရိုး

ဟန်းစ်ဟာ့စ် ရေးသားသည်။

ဝင်ငွေနိမ့်ပါးတဲ့ ငွေချေးသူတွေကို အဓိကပစ်မှတ်ထားတဲ့ အသေးစားချေးငွေလုပ်ငန်းတွေနဲ့ တခြား ဘဏ္ဍာရေး ဝန်ဆောင်မှုလုပ်ငန်းတွေဟာ ကမ္ဘာ့အသိုင်းအဝိုင်းနဲ့ မြန်မာနိုင်ငံပြန်လည်ထိတွေ့ဆက်ဆံခဲ့တဲ့ ၂၀၁၁ ခုနှစ် အစိုးရအပြောင်းအလဲ ဖြစ်လာပြီးကတည်းက တစ်သီတစ်တန်းကြီး ပေါ်ပေါက်လာတာပါ။

အသေးစားချေးငွေအဖွဲ့အစည်းတွေ MFIs – Microfinance Institutions ထဲမှာ ဘင်္ဂလားဒေ့ရှ်အခြေစိုက် BRAC လို ငွေကြေးလုပ်ငန်းတွေနဲ့ PACT လို အများပိုင် ရန်ပုံငွေနဲ့ လည်ပတ်နေပြီး အမြတ်မယူတဲ့အဖွဲ့တွေလည်း ပါပါတယ်။ PACT အဖွဲ့ဟာ မြန်မာနိုင်ငံအတွင်းမှာ ၁၉၉၇ ခုနှစ်ကတည်းက စတင်အခြေချခဲ့တာဖြစ်ပြီး ၂၀၁၂ ခုနှစ်မှာတော့ ပက်ကမ္ဘာ့အသေးစားချေးငွေရန်ပုံငွေအဖွဲ့ Pact Global Microfinance Fund ဖြစ်လာခဲ့ပါတယ်။

BRAC က သူ့ရဲ့ မှတ်ပုံတင်ရေးလုပ်ငန်းစဉ်ကို ၂၀၁၂ ခုနှစ်အတွင်းမှာ စတင်ခဲ့တာပါ။ အစပိုင်းမှာတော့ ဝန်ကြီးဌာန တော်တော်များများရဲ့ အတည်ပြုချက်တွေကို လိုအပ်တဲ့ အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်း INGO တစ်ရပ်အဖြစ် လျှောက်ထားခဲ့ပါတယ်။ BRAC ရဲ့ INGO တစ်ရပ်အဖြစ် မှတ်ပုံတင်ခြင်းကို ၂၀၁၃ ခုနှစ်မှာ အတည်ပြုပေးခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ အသေးစားချေးငွေလုပ်ငန်း လိုင်စင်တစ်ရပ်ကို ရရှိခဲ့ပါတယ်။ အသေးစားချေးငွေ ဝန်ဆောင်မှုတွေ ဖော်ဆောင်ပေးဖို့ အကျိုးအမြတ်ရယူတဲ့ သီးခြားအဖွဲ့တစ်ဖွဲ့အဖြစ် ဖန်တီးခဲ့ပါတယ်။

“ကျွန်တော်တို့ရဲ့ အနာဂတ်မျှော်မှန်းချက်က ငွေချေးပေးရုံသက်သက်ထက်ပိုတဲ့ အကျိုးကျေးဇူးတွေ ဖော်ဆောင်ဖို့ပဲ ဖြစ်ပါတယ်” လို့ BRAC ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် မစ္စတာ ဖိုင်ဆယ် ဘင်ဆာရက်ချ်ခါဇီက ဆိုပါတယ်။

“အသေးစားချေးငွေလုပ်ငန်းကို အရင်ထုတ်ပေးမှာဖြစ်ပြီး အခြေခံ အဆောက်အအုံတွေကို ကူညီတည်ဆောက်သွားပါမယ်။ ပြီးရင်တော့ ကျွန်တော်တို့ရဲ့ INGO ကနေတစ်ဆင့် ကျန်းမာရေးနဲ့ ပညာရေးကိစ္စရပ်တွေအတွက် တည်ဆောက်သွားမှာပါ။

“အဆုံးမှာတော့ ဘင်္ဂလားဒေ့ရှ်မှာ လုပ်သလိုမျိုး ကူးသန်းရောင်းဝယ်ရေးဘဏ် တစ်ခုကိုလည်း တည်ထောင်ချင်ပါသေးတယ်။ ဒါပေမယ့် မြန်မာနိုင်ငံရဲ့ လက်ရှိ လုပ်ထုံးလုပ်နည်း အနေအထားနဲ့ဆိုရင်တော့ ခရီးရှည်ကြီးတစ်ခုကို ချီတက်ရမှာပါ။ နိုင်ငံခြားဘဏ်လိုင်စင်က လက်လီ ဘဏ်ချေးငွေလုပ်ငန်းတွေကို လုပ်ကိုင်ခွင့် မပြုပါဘူး” လို့လည်း ဆိုပါတယ်။

BRAC အနေနဲ့ မြန်မာ့အသိုင်းအဝိုင်းအတွင်းက အဆင်းရဲဆုံး လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းအတွက် ဝန်ဆောင်မှုတွေ ပေးအပ်နိုင်မှာ မဟုတ်ပါဘူး။

“ရှုပ်ထွေးတယ်လို့ နားလည်ထားကြတဲ့သူတွေရှိပေမဲ့ အသေးစားချေးငွေလုပ်ငန်းဟာ ခိုးကိုးရာမဲ့ဖြစ်နေတဲ့ ဒီလူတွေအတွက် အဖြေတစ်ခု မဟုတ်ဘူးဆိုတာကိုတော့ ကျွန်တော်တို့ ဝန်ခံရမှာပါ။ သူတို့အတွက်တော့ တခြားအစီအစဉ်တွေ ဖော်ဆောင်ရဦးမှာပါ” လို့လည်း မစ္စတာ ခါဇီက ဆိုပါတယ်။

Meridian Capital ရဲ့ ထောက်ပံ့မှုကို ရရှိထားတဲ့ MC Projects Myanmar အဖွဲ့ကလည်း ယာယီမှတ်ပုံတင်ကို မကြာသေးခင်က ရရှိခဲ့ပါပြီ။ သူ့ရဲ့ ဟောင်ကောင်အခြေစိုက် အဓိကရှယ်ယာရှင်က ချေးငွေလုပ်ငန်းတစ်ရပ်မှာ ရင်းနှီး မြုပ်နှံဖို့အတွက် MFIs မှာ ကန်ဒေါ်လာ ၁၀ သန်း မတည်ထည့်ဝင်ထားပါတယ်။ အတိုးနှုန်းကတော့ တစ်နှစ်ကို ၃၀ ရာခိုင်နှုန်းလောက် ရှိပေမယ့် လက်တွေ့မှာတော့ ချေးငွေအများစုကို ၆ လအတွင်းမှာ ပြန်လည်ရရှိမှာပါ။ ချေးငွေတွေက အတော်လေး မြင့်မားပါတယ်။ လူအများကြီး သုံးရတဲ့လုပ်ငန်းစဉ် ဖြစ်တာကြောင့်ပါ။ ဒေါ်လာရာနဲ့ချီလေ့ရှိတဲ့ အသေးစား ချေးငွေတိုင်းအတွက် လုပ်ငန်းကိုင်တွယ်တဲ့ မန်နေဂျာဖြစ်သူက လျှောက်လွှာတွေကို ဆန်းစစ်အကဲဖြတ်ဖို့ ကွင်းဆင်းရပါတယ်။

“ကျွန်တော်တို့က ကိုယ်ရေးကိုယ်တာချေးငွေကိစ္စကို အဓိကထား ဆောင်ရွက်ပြီး သုံးနှစ်လောက်ကြာမှ အမြတ်ရရှိမယ်လို့ မျှော်လင့်ပါတယ်” လို့ MC Projects Myanmar ရဲ့ အမှုဆောင်ချုပ် မစ္စတာ ဖရန့် ရှနိုင်ဒါက ဆိုပါတယ်။

“လုပ်ထုံး လုပ်နည်းတွေသာ ဒီအတိုင်း ဆက်ရှိနေမယ်ဆိုရင် ငါးနှစ်မြောက်မှာ စုစုပေါင်း အရံှုးပမာဏအတွက် ဆက်လက် လျော်ပေးနေရဦးမှာပါ။ လုပ်ထုံးလုပ်နည်းတွေ ပြောင်းလဲသွားတယ်ဆိုရင် ဒီအခြေအနေကလည်း ပိုမိုကောင်းမွန်တဲ့ အနေအထားတစ်ရပ်ကို ပြောင်းလဲသွားမှာပါ” လို့လည်း သူက ဆိုပါသေးတယ်။

MC Projects Myanmar အဖွဲ့ ကြုံတွေ့နေရတဲ့ ကိစ္စရပ်က ချေးငွေစုစုပေါင်းရဲ့ ၅၀ ရာခိုင်နှုန်းကို ကျေးလက်ဒေသတွေက ငွေချေးသူတွေထံ ချေးငှားရမယ်လို့ စီမံကွပ်ကဲသူတွေက ရေးဆွဲထားတဲ့ ပြဋ္ဌာန်းချက်ပဲ ဖြစ်ပါတယ်။

“အဲဒါကို နားလည်ပေးလို့ ရပေမယ့် MFIs ရဲ့ ငွေချေးငှားမှုတွေအတွက် အချိန်ပိုကုန်တဲ့ နည်းလမ်းတစ်ခုစီကို ဦးတည်သွားပြီး အမြတ်အစွန်းရရှိတဲ့ ချေးငွေဖြစ်ဖို့ ပိုမိုခက်ခဲသွားစေပါတယ်။ ပုံမှန်ဆိုရင် MFIs က မြို့တွေမှာ လုပ်ငန်း စလုပ်ပါတယ်။ ပြီးရင်တော့ ကျေးလက်ဒေသတွေကို ဖြန့်ကျက်ဆောင်ရွက်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ကျေးလက် ဒေသတွေကို တန်းသွားရပါတယ်။ ပထမဆုံးနှစ်မှာတော့ ရုံးခွဲနှစ်ခုလောက် ဖွင့်လှစ်သွားမှာပါ။ ရန်ကုန်မှာ တစ်ခု၊ မွန်ပြည်နယ်မှာတစ်ခုပါ” လို့ မစ္စတာရှနိုင်ဒါက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ လုပ်ငန်းစတင်ခဲ့တဲ့ ၁၈ လမြောက်မှာတော့ BRAC က မျှော်လင့်မထားတဲ့ တိုးတက်မှုနှုန်းထားတစ်ခုနဲ့ ကြုံတွေ့ခဲ့ရပြီးပါပြီ။ ရုံးခွဲပေါင်း ၂၄ ခုလောက် ဖွင့်လှစ်ခဲ့ပြီး ၂၀၁၆ ခုနှစ် ပထမလေးလတာ ကာလမတိုင်မီ တခြားရုံးခွဲပေါင်း ၂၀ လောက် ဖွင့်လှစ်ဖို့ စီစဉ်ထားပါတယ်။ ရုံးခွဲအများစုက မြန်မာနိုင်ငံအလယ်ပိုင်းမှာပါ။

“၂၀၁၆ ခုနှစ်ထဲဆိုရင် မန္တလေးကို ရောက်ပါပြီ” လို့ မစ္စတာခါဇီက ဆိုပါတယ်။

BRAC မှာ ပြန်မရသေးတဲ့ချေးငွေ အမေရိကန်ဒေါ်လာ ၂ ဒသမ ၂ သန်းရှိပြီး ချေးငှားထားတဲ့ပမာဏက ပြန်ရဖို့ရှိတဲ့ ငွေပမာဏထက် နှစ်ဆနီးပါး များပါတယ်။ “ဒါက ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်မတည်ငွေပါ။ ချေးငွေရယူဖို့အတွက် စတင်မဆောင်ရွက်မီမှာ နောက်ထပ် ကန်ဒေါ်လာ ၁၀ သန်းလောက် ထည့်နိုင်ပါသေးတယ်” လို့လည်း မစ္စတာခါဇီက ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ နှစ်စဉ် အသေးစားချေးငွေ လိုအပ်ချက်ဟာ ကန်ဒေါ်လာ တစ်ဘီလံျလောက်ရှိတယ်လို့ PACT က ခန့်မှန်းထားပါတယ်။ အမှန်တကယ် လိုအပ်တဲ့ပမာဏရဲ့ ၂၈ ရာခိုင်နှုန်းလောက်ကိုပဲ ချေးငှားနိုင်သေးတာကြောင့် အသေးစား ချေးငွေလုပ်ငန်းသစ်တွေအတွက် ကြီးမားတဲ့ အခွင့်အလမ်းတစ်ခုကို ဖန်တီးထားပါတယ်။

အသေးစားချေးငွေဈေးကွက်ထဲမှာ ပြည်ပလုပ်ငန်းတွေချည်း ရှိနေတာတော့ မဟုတ်ပါဘူး။ Myanmar Finance International Ltd ကလည်း Myanmar Investments International Ltd နဲ့ သူ့ရဲ့ အကျိုးတူ ပူးပေါင်း ဆောင်ရွက်သူဖြစ်တဲ့ Myanmar Finance Co., Ltd နဲ့ အစုစပ်လုပ်ထားပါတယ်။ နိုဝင်ဘာလအလယ်လောက်မှာတော့ ဖွံ့ဖြိုးဆဲနိုင်ငံများဆိုင်ရာ နော်ဝေရင်းနှီးမြုပ်နှံမှုရန်ပုံငွေအဖွဲ့က အသစ်ဖွဲ့စည်းလိုက်တဲ့ MFIL ထဲကို ကန်ဒေါ်လာ ၁ ဒသမ ၄ သန်း ထည့်ဝင်ခဲ့ပါတယ်။

“ကျွန်တော်တို့ရဲ့ စုစုပေါင်း မတည်ငွေက ကန်ဒေါ်လာ ၅ သန်းရှိပါတယ်” လို့ MFIL ရဲ့ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးအောင်ထွန်းက ဆိုပါတယ်။ “ကျွန်တော်တို့ရဲ့ အယူအဆကတော့ ကောင်းမွန်စွာဆောင်ရွက်ပြီး အမြတ်ရမယ့် အကောင်းဆုံးအခြေအနေတွေ ရှိတယ်ဆိုတာပါပဲ” လို့လည်း ထပ်လောင်းပြောကြားခဲ့ပါတယ်။

“အသေးစားချေးငွေလုပ်ငန်းက မြန်မာ့ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါပါတယ်။ ဈေးကွက်ကြီးထွားလာဖို့လည်း မျှော်လင့်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ရဲ့ မတည်ငွေကို ပထမဆုံး အသုံးပြုပါမယ်။ ဒုတိယအဆင့် မှာတော့ ပြည်ပမတည်ငွေတွေကို ဆွဲဆောင်သွားပါမယ်”

မစ္စတာခါဇီရဲ့အဆိုအရ ဈေးကွက်ရဲ့ တိုးတက်မှုအလားအလာတွေ ရှိနေပေမဲ့ ဖောက်သည်ဖြစ်လာမယ့်သူတွေက BRAC ရဲ့ ရုံးတွေမှာ ဝိုင်းအုံနေစရာ မလိုပါဘူး။

BRAC ရုံးခွဲတစ်ခု ဖွင့်ဖို့လုပ်တဲ့အခါမှာ ငါးကီလိုမီတာ အတွင်းမှာရှိတဲ့ အိမ်ထောင်စုတွေကို စစ်တမ်းတစ်ခု ကောက်ယူ ခဲ့ပါတယ်။ “အဲဒါက BRAC ဒီကို ရောက်နေပြီဆိုတဲ့ အကြောင်းကို လူတွေ စသိတဲ့ ပထမဆုံးအကြိမ်ပါ” လို့လည်း မစ္စတာ ခါဇီက ဆိုပါတယ်။

“စုဆောင်းထားတဲ့ အချက်အလက်တွေအားလုံးကို ကျွန်တော်တို့ လေ့လာခဲ့ပါတယ်။ အဲဒါပြီးတဲ့ နောက်မှာတော့ ကောင်းမွန်တဲ့ ငွေကြေးချေးငှားသူတွေ ဖြစ်မယ်လို့ ကျွန်တော်တို့ယူဆတဲ့ လူတွေကို တက်တက်ကြွကြွ စတင်ထိတွေ့ဆက်ဆံသွားမှာပါ။ အဖွဲ့တစ်ဖွဲ့ ဖွဲ့သင့်ပြီ ဆိုတဲ့အကြောင်းကိုလည်း ပြောသွားမှာပါ”

သို့ပေမဲ့ အားကောင်းတဲ့ တိုးတက်မှုနဲ့ ချေးငွေလိုအပ်ချက်က သူ့ရဲ့ကိုယ်ပိုင်ပြဿနာ တစ်သီတစ်တန်းကြီးကိုလည်း ဖန်တီးဦးမှာပါ။

မစ္စတာခါဇီရဲ့အဆိုအရ နည်းဥပဒေကိစ္စရပ်တွေက MFIs ကို အဟန့်အတား ဖြစ်စေပါတယ်။ ပထမဆုံးပြဿနာက MFIs ရုံးတွေကို ပြည်တွင်းဘဏ်တွေကနေ ချေးယူခွင့် မပြုသလို နိုင်ငံတကာဘဏ်တွေကနေ ရယူနိုင်တဲ့ ငွေကြေးမှာလည်း အကန့်အသတ်တွေ ရှိနေပါတယ်။ ပြည်ပငွေကြေးအနေနဲ့ ကန်ဒေါ်လာ ၃ သန်းဖိုးလောက်ရှိတဲ့ ချေးငွေကိုပဲ အမြင့်ဆုံး ၈ ရာခိုင်နှုန်း အတိုးနဲ့ ရယူနိုင်မှာပါ။ ကျပ်ငွေနဲ့ ချေးငှားတဲ့ အမြင့်ဆုံးအတိုးနှုန်းက ၁၃ ရာခိုင်နှုန်းပါ။

“ရေရှည်မှာ ကန်ဒေါ်လာ သန်း ၄၀ ဝန်းကျင်ရှိတဲ့ ငွေကြေးချေးငှားရေးဌာနတစ်ခု စတင်ဖို့ရှိပါတယ်” လို့လည်း မစ္စတာ ခါဇီက ဆိုပါတယ်။ “အဲဒီတော့ ကျွန်တော်တို့ လိုအပ်နေတာနဲ့ ကျွန်တော်တို့ ရနိုင်တဲ့ပမာဏရဲ့အကြားမှာ အများကြီး ကွာဟနေပါတယ်။ ခုချိန်မှာ တစ်ခုတည်းသောနည်းလမ်းက တစ်သီးပုဂ္ဂလရှယ်ယာတစ်ခု ရဖို့ပါ။ အဲဒီမှာတော့ အကန့်အသတ် မရှိပါဘူး”

မစ္စတာရှနိုင်ဒါရဲ့အဆိုအရ ကျပ်ငွေ ၅ သန်းနဲ့ ၁၅ သန်း အကြားရှိတဲ့ အသေးစားစွန့်ဦးတီထွင် စီးပွားရေး လုပ်ငန်းရှင်တွေအတွက် “ငွေကြေးကွာဟချက်” တစ်ရပ် ရှိနေပါတယ်။ “ဘဏ်တွေက ကျပ်ငွေ ၁၅ သန်းထက် နည်းပါးတဲ့ချေးငွေကို ချေးမပေးတဲ့ အဟန့်အတားအားလုံးကြောင့် ဖြစ်ပါတယ်” လို့လည်း သူက ဆိုပါတယ်။

“အသေးစား ချေးငွေပမာဏကို ကျပ် ၅ သန်းလို့ သတ်မှတ်ထားပါတယ်။ ဘဏ်တွေ၊ ဒါမှမဟုတ် ကျွန်တော်တို့တွေကနေ ဝန်ဆောင်မှု မပေးတဲ့သူတွေဟာ တရားမဝင် ငွေကြေးဈေးကွက်ထဲကနေ ငွေရှာနေရပါတယ်။ သူတို့အနေနဲ့ အတိုးနှုန်းအရမ်းများတဲ့ မြီရှင်တွေ၊ ဒါမှမဟုတ် သိပ်ပြီးတော့ သင့်လျော်မှုမရှိတဲ့ ချေးငှားသူတွေနဲ့ မဖြစ်မနေ ဆက်ဆံတော့တာပါပဲ”

ယုံကြည်အပ်နှံငွေနဲ့ ချေးငွေဆိုင်ရာ နည်းဥပဒေ မလုံလောက်မှုက အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းတွေ တိုးတက်လာမှုကို နှေးကွေးနေစေပါတယ်လို့လည်း မစ္စတာခါဇီက ဆိုပါတယ်။

faisal.jpg

BRAC ရဲ့ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် ဖိုင်ဆယ် ဘင် ဆာရက်ချ် ခါဇီကို ရန်ကုန်မြို့ရှိ သူ့ရုံးခန်းမှာ  တွေ့ရစဉ်။ BRAC က ကန်ဒေါ်လာ သန်း ၄၀ ပမာဏအထိ တိုးချေးနိုင်လိမ့်မယ်လို့ မျှော်လင့်နေပါတယ်။ ဓာတ်ပုံ – ဟန်းစ်ဟာ့စ်

အသေးစားချေးငွေလုပ်ငန်းကဏ္ဍ ဖွံဖြိုးလာမယ့် အနေအထားကို ဟန့်တားနေတာက ငွေကြေးဆိုင်ရာ နည်းဥပဒေရပ်ဝန်းမှာ အတွေ့အကြုံ နည်းပါးခြင်းပဲ ဖြစ်တယ်လို့ မစ္စတာရှနိုင်ဒါက ဝေဖန်ခဲ့ပါတယ်။

“ဘဏ္ဍာရေးဝန်ကြီးဌာနက စည်းကြပ်သူတွေဟာ သတိရှိရှိနဲ့ ဆောင်ရွက်နေကြတာဖြစ်ပြီး သင်ကသာ လွတ်လပ်မှုများစွာ ပေးလိုက်ရင် အဲဒါနေရာလွတ်တွေကို တစ်စုံတစ်ယောက်က လွဲမှားစွာ အသုံးချသွားနိုင်တယ်ဆိုတဲ့ အယူအဆ ရှိပုံ ရပါတယ်” လို့ မစ္စတာရှနိုင်ဒါက ဆိုပါတယ်။

ဒါ့အပြင် “ဒါဟာ သူတို့အတွက် စွမ်းရည်သစ် သင်ယူတဲ့ တိုးတက်နှုန်း တစ်ခု ဖြစ်ပါတယ်။ သူတို့က အသေးစားချေးငွေလုပ်ငန်းနဲ့ပတ်သက်ပြီး အတွေ့အကြုံ အတော်လေးနည်းပါးတဲ့ ဝန်ဆောင်မှု ရယူသူတွေအတွက် အကောင်းဆုံးဖြစ်ချင်တယ်။ ဒါပေမယ့် ဒီအချိန်ဟာ ဈေးကွက်ထဲကို ဝင်ရောက်ဖို့အတွက် အကောင်းဆုံး အချိန်ပါ။ လာမယ့်နှစ်တွေမှာ လုပ်ထုံးလုပ်နည်းဥပဒေရပ်ဝန်း ပြောင်းလဲသွားပြီး နိုင်ငံတကာ အတိုင်းအတာနဲ့ ယှဉ်နိုင်တဲ့ အကောင်းဆုံး လုပ်နည်းလုပ်ဟန်တွေကို ပြဋ္ဌာန်းသွားမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်” လို့လည်း ထပ်လောင်း ပြောကြားပါတယ်။

သတင်းကောင်းတွေလည်း ရှိပါတယ်။ မြန်မာ့ငွေကြေး ချေးငှားသူတွေရဲ့ ပြန်လည်ပေးဆပ်လိုစိတ်အပေါ်မှာ ဝမ်းသာ အံသြ ဖြစ်ရတယ်လို့ မစ္စတာခါဇီက ဆိုပါတယ်။ သူအလုပ်လုပ်ခဲ့တဲ့ လိုက်ဘေးရီးယားလို ပဋိပက္ခလွန်နိုင်ငံတွေမှာ ကြွေးဆပ်ဖို့ ပျက်ကွက်တဲ့ပမာဏကို ၅ ရာခိုင်နှုန်းအောက် ရရှိဖို့ အတော်လေး ခက်ခဲပါတယ်။ မြန်မာနိုင်ငံမှာ BRAC က အမျိုးသမီးတွေကို စွမ်းရည်မြှင့်တင်ဖို့အတွက် သူတို့ကိုပဲ သီးသန့်ငွေချေးနေတာဖြစ်ပြီး ပိုပြီးကောင်းတဲ့ ငွေကြေး ချေးငှားသူတွေ ဖြစ်တာကြောင့် ကြွေးဆပ်ဖို့ ပျက်ကွက်တဲ့ပမာဏက သုညရာခိုင်နှုန်း ရှိနေပါတယ်။

“ဒါက အရမ်းကို စိတ်ဝင်စားဖို့ ကောင်းပါတယ်” လို့ မစ္စတာ ခါဇီက ဆိုပါတယ်။ “သူတို့က ကျွန်တော်တွေ့ဖူးသမျှထဲမှာ စိတ်အချရဆုံး ဖောက်သည်တွေ ဖြစ်ပါတယ်။ ဒါဟာ BRAC တစ်ခုတည်းအတွက် မဟုတ်ပါဘူး။ တခြား MFI တွေလည်း အခုလို အတွေ့အကြုံမျိုးကို ရရှိနေကြပါတယ်”

ခုလို အံ့သြဖွယ်ကောင်းတဲ့ အပြုအမူနဲ့ ကြုံတွေ့ရတဲ့ အကြောင်းတချို့ကလည်း မစ္စတာခါဇီက ရှင်းပြခဲ့ပါတယ်။

“ပထမဆုံးအချက်ကတော့ မြန်မာနိုင်ငံဟာ တရားမဝင် ငွေကြေးချေးငှားမှုတွေကိုတောင် ပြန်ဆပ်တဲ့ အတွေ့အကြုံ ရှိပါတယ်” လို့ သူက ဆိုပါတယ်။

“မြန်မာနိုင်ငံမှာ ထိန်းချုပ်မှု အလွန်များတဲ့ စီးပွားရေးစနစ်တစ်ရပ်နဲ့ ဖိနှိပ်ချုပ်ချယ်တဲ့ အတိတ်ကာလတစ်ရပ်လည်း ရှိနေပါတယ်။ ဒါကြောင့် ကြွေးဆပ်ဖို့ ပျက်ကွက်တာက လူတွေအတွက် ခြိမ်းခြောက်မှု တစ်ခုဖြစ်ပါတယ်။ တတိယအချက်ကတော့ မြန်မာနိုင်ငံက ဘာသာရေး အလွန်ကိုင်းရှိုင်းတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ သူတို့သာ ကြွေးဆပ်ဖို့ ပျက်ကွက်ခဲ့မယ်ဆိုရင် သေဆုံးပြီးတဲ့နောက်မှာ ဆိုးဆိုးရွားရွားပုံစံနဲ့ ငရဲပြန်ကျမှာကို ကြောက်ကြပါတယ်။ ကြွေးဆပ်ဖို့ ပျက်ကွက်တာက ကံကြွေးတစ်ခုပါ” လို့ ရှင်းပြခဲ့ပါတယ်။ 
အောင်မင်း ဘာသာပြန်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar