ရန်ကုန်၊ နိုဝင်ဘာ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ အစိုးရအဖွဲ့က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် အမှုဖွင့်ခံထားရသည့် အလဲဗင်းမီဒီယာဂရု(ပ်)၏ အမှုဆောင်အရာရှိချုပ်နှင့် အယ်ဒီတာချုပ်တို့သည် အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးသို့ ယနေ့ နေ့လယ် ၁ နာရီခန့်တွင် သွားရောက်ခဲ့ကြောင်း သတင်းရရှိသည်။
အာမခံ မရရှိနိုင်သည့် ပုဒ်မဖြင့် တရားစွဲဆိုထားခြင်းကြောင့် ယခုအခါ ရဲတပ်ဖွဲ့ဘက်က အလိုရှိနေသည့် အမှုဆောင်အရာရှိချုပ် ဒေါက်တာသန်းထွဋ်အောင်နှင့် အယ်ဒီတာချုပ် ဦးဝေဖြိုးတို့အား နိုဝင်ဘာ ၁၀ ရက်နေ့တွင် အမှုဖွင့်ထားသည့် တာမွေရဲစခန်းသို့ လာရောက်ဖြေရှင်းရန် ရဲတပ်ဖွဲ့ ဆင့်ခေါ်ခဲ့သော်လည်း လာရောက်ခဲ့ခြင်းမရှိပဲ ယနေ့မှ ရဲစခန်းသို့ ရောက်ရှိလာခြင်းဖြစ်သည်။
၎င်းတို့ နှစ်ဦးအား တာမွေတရားရုံးသို့ ဆက်လက်ပို့ဆောင်ခဲ့ပြီးနောက် ညနေ ၄ နာရီ ၁၅ မိနစ်ခန့်တွင် အင်းစိန်ထောင်သို့ ခေါ်ဆောင်သွားသည်။
img_7529.jpg
title=
“အမှန်တရားအတွက် အလဲဗင်းနဲ့အတူ ပြန်လာခဲ့မယ်။ အားလုံးအမှန်တရားဘက်က ရပ်တည်ပေးကြပါ” ဟု ကိုဝေဖြိုးက တာမွေရဲစခန်းမှအထွက် သတင်းထောက်များအား အော်ဟစ် ပြောဆိုသွားခဲ့သည်။
ထို့ပြင် ဒေါက်တာသန်းထွဋ္ဋ်အောင်ကလည်း ပုဒ်မ ၆၆(ဃ) မရှိသင့်တော့ဟု ပြောကြားခဲ့သည်။
အလဲဗင်းမီဒီယာဂရု(ပ်)က ထုတ်ဝေပြီး လူသိများသည့် သတင်းစာဖြစ်သော Daily Eleven သတင်းစာ၏ ယခုလ ၆ ရက်ထုတ် သတင်းစာတွင် ဖော်ပြခဲ့သည့် “ရွေးကောက်ပွဲ တစ်နှစ်ကြာသော်” အယ်ဒီတာအာဘော်၌ အမည်ဖော်ပြမထားသော ဝန်ကြီးချုပ်တစ်ဦး ဝတ်ဆင်သည့် ဒေါ်လာတစ်သိန်းခန့် တန်သည်ဆိုသည့် ဖာတစ်ခ် ဖီးလစ် Patek Phillipe နာရီကိစ္စနှင့်ပတ်သက်ပြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ ရန်ကုန်တိုင်းဒေသကြီး၊ အစိုးရအဖွဲ့က အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။
သတင်း – ထွန်းခိုင်