အလုပ်ရှာနေတဲ့ လူငယ်တွေအတွက် တောက်ပနေတဲ့ အနာဂတ်

သီရိဟန် ရေးသားသည်။

မြန်မာနိုင်ငံရဲ့ စီးပွားရေး အခင်းအကျင်းဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ ပြောင်းလဲလာခဲ့ပြီးနောက် အလုပ်အကိုင်အခွင့်အလမ်းတွေလည်း တဖြည်းဖြည်း ပွင့်လန်းလာပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေး တိုးတက်လာမှုနဲ့အတူ လုပ်ငန်းတိုင်းဟာ အရည်အချင်းရှိတဲ့ လုပ်သားတွေ လိုအပ်မှုနှုန်း မြင့်မားလာနေပါတယ်။

ကုမ္ပဏီတွေအနေနဲ့လည်း အတွေ့အကြုံရှိပြီးသူတွေအတွက်သာမက အတွေ့အကြုံမရှိသေးတဲ့ လူငယ်တွေအတွက်ပါ အခွင့်အလမ်းတွေ ဖန်တီးပေးလာကြပြီလို့ ကျွမ်းကျင်သူတစ်ဦးက ပြောပါတယ်။

“ကုမ္ပဏီအများစုဟာ အခုအချိန်မှာ အလုပ်သင် အခွင့်အလမ်းတွေနဲ့ အငယ်တန်း ရာထူးတွေကို ရည်မှန်းချက် မြင့်မားတဲ့ လူငယ်ဝန်ထမ်းတွေအတွက် စတင်ဖန်တီးပေးနေကြပြီ ဖြစ်ပါတယ်” လို့ အွန်လိုင်း အလုပ်ရှာဖွေရေး လုပ်ငန်းတစ်ခုဖြစ်တဲ့ Jobnet.com.mm က မန်နေဂျင်းဒါရိုက်တာဖြစ်သူ Matt De Luca က Frotier ကို ပြောပါတယ်။

ဒါကြောင့် အတွေ့အကြုံမရှိသေးတဲ့ လူငယ်တွေဟာ အတွေ့အကြုံရှိပြီးသား လူလတ်ပိုင်းတွေနဲ့အတူ လုပ်ကိုင်ရင်း အတွေ့အကြုံတွေ ရရှိနိုင်လာကြပါတယ်။

“အတွေ့အကြုံတွေ အများကြီးရပါတယ်။ အခက်အခဲဆိုတာကတော့ deadline ပေါ့။ ကျောင်းတစ်ဖက်နဲ့ မှီအောင် ရေးရတာဆိုတော့ နဲနဲအခက်အခဲလေးတွေ ရှိပါတယ်။ ကျောင်းပြီးတဲ့အခါ အလုပ်ခွင်ထဲဝင်ရင် စိမ်းမနေတော့ပဲ  ပိုပြီးအဆင်ပြေပါတယ်” လို့ အမျိုးသား စီမံခန့်ခွဲမှုပညာ ဒီကရီကောလိပ်မှာ သတင်းအတတ်ပညာ ဘာသာရပ်ကို သင်ယူနေတဲ့ မငုဝါသင်းသင်းက Frontier ကိုပြောပါတယ်။

လူငယ်တွေအတွက် အလုပ်အကိုင်အခွင့်အလမ်း အရနိုင်ဆုံးကဏ္ဍတွေကတော့ အင်ဂျင်နီယာ၊ မားကတ်တင်း၊ အရောင်းပိုင်း၊ စာရင်းအင်းပိုင်းနဲ့ HR ပိုင်း စတာတွေနဲ့ ပတ်သက်တဲ့ အပိုင်းတွေမှာ အလုပ်ခေါ်ကြတာ အများအပြား တွေ့နိုင်ပြီး အရှိန်အဟုန်နဲ့ တိုးတက်နေတာ တွေ့ရတယ်လို့ Matt De Luca က ပြောပါတယ်။

“ဒီနှစ်အတောအတွင်းမှာ အရမ်းစိတ်ဝင်စားဖို့ ကောင်းလာပါပြီ။ HR ပိုင်းရဲ့ ပရောဖက်ရှင်နယ်ဆန်မှုနဲ့ လုပ်ခလစာနှုန်းထားတွေကိုလည်း တဖြည်းဖြည်း ထိန်းညှိလာတာကို မြင်တွေ့နိုင်ပါတယ်။ ဒါ့အပြင် ကုမ္မဏီ အများစုဟာ အွန်လိုင်းချန်နယ်တွေကတဆင့် အလုပ်ခေါ်လာကြပြီး လူသားအရင်းအမြစ် အရွေ့တစ်ခုဟာ မြန်မြန်နဲ့ ပွတ်တိုက်မှု နည်းပါးစွာ ရွေ့လျားနေတယ်” လို့လည်း သူက ပြောပါတယ်။

အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ်က ကျောင်းသားကျောင်းသူတွေကတော့ သူတို့ကိုယ်တိုင် ဦးစီးပြီးတော့ အလုပ်အကိုင်အခွင့်အလမ်းပြပွဲကို ဇူလိုင်လအစောပိုင်းက သူတို့ကျောင်းမှာ ကျင်းပခဲ့ပါတယ်။ ဒီပြပွဲဟာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ကုမ္မဏီတွေကလည်း တက်တက်ကြွကြွနဲ့ ဝင်ရောက်ပြသပြီးတော့ အလုပ်ရှာနေတဲ့ ကျောင်းသား ကျောင်းသူတွေကို စွဲဆောင်ခဲ့ကြပါတယ်။

ကျောင်းကနေ အသက်မွေးဝမ်းကျောင်းဘာသာရပ်တွေဖြစ်တဲ့ သတင်းအတတ်ပညာနဲ့ ခရီးသွားလုပ်ငန်းတို့လို့ ဘာသာရပ်တွေနဲ့ ကျောင်းပြီးခါနီး ကျောင်းသူ၊ ကျောင်းသားတွေအနေနဲ့လည်း အလုပ်သင်ဆင်းဖို့ အတွက် ရှာဖွေဖို့ အခွင့်အလမ်းတစ်ခုဖြစ်သလို အလုပ်ရှင်တွေအနေနဲ့ ကျွမ်းကျင်မှုတွေအပြင် Commitment ပြည့်ဝတဲ့သူ၊ စိတ်ရှည်မှု အားကောင်းသူ၊ နဂိုအရည်အချင်းရှိသူစတဲ့ အချက်တွေကို ရှာဖွေကြပါတယ်။

“ကျွမ်းကျင်မှုဟာ သင်လို့ရနိုင်ပေမဲ့ စိတ်နေစိတ်ထားကိုတော့ ပုံဖော်ဖို့ ခက်ခဲပါတယ်။ ဒါဟာလည်း လိုအပ်တဲ့ အချက်တစ်ချက်ဖြစ်တယ်” လို့ Matt De Luca က ဆိုပါတယ်။

jtms_humanresource-1.jpg

ဓာတ်ပုံ-သိမ့်မွန်စိုး (J)

ယနေ့ခေတ်မှာ လူငယ်တွေအနေနဲ့ တက္ကသိုလ်က ကျောင်းပြီး ဘွဲ့ရတဲ့အခါ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးနေကြတယ်လို့ ထင်ကြေးပေး ပြောကြားမှုတွေကိုတော့ မငုဝါသင်းသင်းက လက်မခံပါဘူး။

“အလုပ်အကိုင် ရှားပါးတယ်ဆိုတာ လူတစ်ယောက်ရဲ့စွမ်းရည်ပေါ်မှာပဲ မူတည်တယ်လို့ ထင်ပါတယ်။ လူက တော်နေတယ်ဆိုရင် အလုပ်ရှင်ကတော့ ကိုယ့်ကိုခေါ်မှာပဲ။ ကိုယ့်ဘက်က ပြည့်စုံအောင် လုပ်ထားဖို့ လိုအပ်ပါတယ်” လို့ သူကဆိုပါတယ်။

နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှုတွေကြောင့် ကျေးလက်ဒေသက လူငယ်တွေဟာလည်း အနာဂတ်အတွက် ရည်မှန်းချက်တွေနဲ့ မြို့ပေါ်တက်ပြီး လာရောက် အလုပ်လုပ်ကိုင်ကြပါတယ်။ ကျေးလက်ဒေသတွေကနေ မြို့ပြကို ရွှေ့ပြောင်း လာရောက် အလုပ်လုပ်ကိုင်ကြသူတွေ များလာပေမယ့် ကျွမ်းကျင်မှုနည်းပါးတဲ့အတွက် ကောင်းမွန်တဲ့အလုပ်တွေရရှိဖို့ ခက်ခဲနေပါသေးတယ်။

“လူအများအပြားဟာ ရန်ကုန်ကို နှစ်တိုင်းလိုလို ရွေ့ပြောင်းလာနေကြပါတယ်။ ခန့်မှန်းခြေငါးသိန်းရှိလောက်ပြီ။ အဓိကအနေနဲ့ ကော်လံပြာ အလုပ်သမားအင်အားစု ကွာဟမှုကို ဖြည့်ပေးတယ်” လို့ Matt De Luca က ဆိုပါတယ်။

နှစ်စဉ် လူဦးရေတိုးနှုန်းအပေါ် အခြေပြုပြီး လုပ်သားအင်အားတိုးနှုန်းကို တွက်ချက် ခန့်မှန်းမှုတွေအရ ၂၀၁၃ ခုနှစ်မှာ အလုပ်လက်မဲ့နှုန်းဟာ လူဦးရေရဲ့  ၄ ဒသမ ၀၁ ရာခိုင်နှုန်း ရှိတယ်လို့ သိရပါတယ်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.