နေပြည်တော်၊ ဇန်နဝါရီ ၁၅
စီးပွားရေးအရ တွက်ခြေမကိုက်သော၊ အနာဂတ်တွင် အောင်မြင်ရန် အခွင့်အလမ်းနည်းပါးသော အစိုးရ စက်ရုံများနှင့် ပတ်သက်ပြီး မူဝါဒသစ် ချမှတ်ဆောင်ရွက်သင့်ကြောင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြည်ထောင်စုလွှတ်တော်တွင် ယနေ့ ပြောကြားသည်။
၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှုစာရင်းတွင် ကျပ် သန်း ၈၃,၇၆၁ ဒသမ ၇၃၃ စာရင်းပြထားသော စက်မှုဝန်ကြီးဌာန၏ စီမံကိန်းများနှင့် စပ်လျဉ်းပြီး ပြည်ထောင်စု လွှတ်တော်၌ ဆွေးနွေးစဉ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်ဖြစ်သူ ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှု အရှုံးအတွက် ကျပ်သန်း ၂၃,၃၉၆ ဒသမ ၀၆၉ တောင်းခံလာသော အမှတ်(၁) အကြီးစားစက်မှုလုပ်ငန်းလက်အောက်ရှိ သာဂရ၊ ဆင်တဲ၊ မလွန် စက်ရုံတို့သည် စွမ်းအားပြည့် လည်ပတ်နိုင်မှု မရှိခြင်း၊ ထုတ်ကုန်များ၏ ရောင်းဈေးမှာ ပြင်ပဈေးကွက်တွင် မယှဉ်နိုင်ခြင်းကြောင့် စီးပွားရေး တွက်ခြေမကိုက်သဖြင့် လုံးဝ ရပ်တန့်သင့်သော စီမံကိန်းများ ဖြစ်ကြောင်း ၎င်းကပြောသည်။
ထို့ပြင် မြင်းခြံနှင့် ပင်းပက်စက်ရုံများသည်လည်း တည်နေရာနှင့် နည်းပညာ အခက်အခဲများကြောင့် စီးပွားရေးအရ မအောင်မြင်နိုင်သလို အနာဂတ်တွင်လည်း အောင်မြင်ရန် အခွင့်အလမ်း အလွန်နည်းပါးသော စက်ရုံများ ဖြစ်ကြောင်း၊ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ထိုစက်ရုံနှစ်ရုံကို အစိုးရသစ်က ဆက်လက်လုပ်ကိုင်မည်ဆိုလျှင် စီမံကိန်းစစ်ဆေးရေး ပညာရှင်များနှင့် အသေအချာဆွေးနွေးကာ ပြတ်သားသော မူဝါဒအသစ်များ ချမှတ်သင့်ကြောင်း ဒေါ်စန္ဒာမင်းက ပြောသည်။
၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွက် ကျပ်သန်း ၂၈,၂၉၇ ဒသမ ၉၂၉ အရှုံးပြထားသည့် အမှတ်(၂) အကြီးစား စက်မှုလုပ်ငန်းနှင့် ပတ်သက်၍ “ကျောက်ဆည် မှန်စက်ရုံကို ကြည့်ရင် ဝင်ငွေက ကျပ်သန်း ၉,၂၅၉ ဖြစ်ပြီး ကုန်ကျစရိတ်က ၁၉,၉၄၅ ဆိုတော့ အရှုံးက ကျပ်သန်း ၁၀,၆၈၆ ဖြစ်နေပါတယ်။ ကျန်စက်ရုံတွေ အားလုံးလည်း အရှုံးပြနေတာကြောင့် ဆက်လက် မလုပ်သင့်တော့တဲ့ စီမံကိန်းစက်ရုံတွေဖြစ်လို့ ပုဂ္ဂလိကသို့သာ ငှားရမ်း လုပ်ဆောင်သင့်ပါတယ်” ဟု ၎င်းကပြောသည်။
စက်မှုဝန်ကြီးဌာနအနေဖြင့် အမြတ်ရကြောင်း ဖော်ပြနိုင်သည့် တစ်ခုတည်းသော လုပ်ငန်းမှာ မြန်မာ့ဆေးဝါးလုပ်ငန်းဖြစ်ပြီး ထိုလုပ်ငန်းတွင်ပင် ဝင်ငွေနှင့် အသုံးစရိတ်က တန်းတူနီးပါး ရှိနေသည်ဟု ၎င်းက ပြောသည်။ ၂၀၁၄-၁၅ မှ ၂၀၁၆-၁၇ အထိ မြန်မာ့ဆေးဝါးလုပ်ငန်း၏ ဝင်ငွေနှင့် အသုံးစရိတ်သည် တန်းတူနီးပါးရှိခဲ့ရာ ၂၀၁၆-၁၇ တွင် ဝင်ငွေ ကျပ်သန်း ၃၅,၈၅၁ ဒသမ ၈၉၄ နှင့် အသုံးစရိတ်က ကျပ်သန်း ၃၅,၅၅၇ ဒသမ၅၅၀ သာရှိသောကြောင့် အနာဂတ်တွင် စီးပွားရေး တွက်ခြေကိုက်မှု ရှိမရှိ ပြန်လည် သုံးသပ်သင့်ကြောင်း ၎င်းကပြောသည်။
“အစိုးသစ်အနေဖြင့် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှာ စက်မှုဝန်ကြီးဌာနရဲ့ စီမံကိန်းများကို ဆက်လက် ဆောင်ရွက်မည်ဆိုလျှင် တစ်နိုင်ငံလုံးအတွက် လုပ်ငန်းစစ်ဆေးရေးအဖွဲ့ ပြန်လည် ဖွဲ့စည်းပြီး ထိုအဖွဲ့က စစ်ဆေးပြီးကာမှသာ ယခုပေးအပ်ထားသော (လွှတ်တော်က ခွင့်ပြုထားသော) ဘဏ္ဍာငွေများနှင့် စီမံကိန်းများကို ဆက်လက်လုပ်ဆောင်သင့်ပါတယ်” ဟု ဒေါ်စန္ဒာမင်းက ပြောသည်။
သတင်း- စိုးသန်းလင်း