မတ်၅ရက်က ရေဝေးသုသာန်တွင် ပြုလုပ်ခဲ့သော ဈာပနအခမ်းအနားသို့ တက်ရောက်လာသူများကို မြင်တွေ့ရစဉ်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

အရေးတော်ပုံကြားက ကြွေလွင့်သွားသော ကြယ်ပွင့်များ

ယခုဈာပနအခမ်းအနားမှာ အများနှင့်မတူ တမူထူးခြားနေသည်။ ပရိသတ်က ဝမ်းနည်းကြသည်။ သို့သော် လက်ခုပ်လည်းတီးကြသည်။ အခိုင်အမာ သန္နိဋ္ဌာန်ချသည့် ကြွေးကြော်သံများကိုလည်း ကြားနေရသည်။​ ယင်းမှာ မတ်၃ရက်က ကျဆုံးသွားသည့် ဆန္ဒပြလူငယ်သုံးဦး၏ နောက်ဆုံးခရီးဖြစ်နေသည်။

ဖရွန်းတီးယားမြန်မာ

ရေဝေးသုသာန်နယ်မြေ တစ်ခုလုံးဟာ မတ်၅ရက် နေ့လယ်မှာ လက်ခုပ်တီးသံတွေဖုံးလွှမ်းနေခဲ့ပါတယ်။ ဘယ်လိုလူတွေရဲ့ နောက်ဆုံးခရီးမှာ ဒီလိုလက်ခုပ်တီးသံတွေရှိဖူးခဲ့ပါသလဲ။ သေဆုံးသွားသူ တွေအတွက် ဘာကြောင့် လက်ခုပ်တွေ တဖြောင်းဖြောင်းတီးကြလဲ။ သေချာတာကတော့ ကျယ်လောင်မြည်ဟီးနေတဲ့ လက်ခုပ်တီးသံတွေဟာ ဝမ်းသာအားရ ထွက်ပေါ်လာတာမဟုတ်ပါဘူး။  သုသာန်ခန်းမအတွင်းက လူတစ်ယောက်ချင်းစီရဲ့ မျက်ရည်တွေဟာ ဒါကိုသက်သေခံနေပါတယ်။ 

မတ်၃ရက်နေ့မှာ စစ်အစိုးရ၊ လုံခြုံရေးအဖွဲ့တွေရဲ့ ဆန္ဒပြသူတွေကို အကြမ်းဖက်ပစ်ခက် ဖြိုခွင်းမှုတွေကြောင့် မြန်မာတစ်နိုင်ငံလုံးက ဆန္ဒပြသူ၂၀ထက်မနည်း သေဆုံးခဲ့ရတယ်လို့ ပြည်တွင်းသတင်းတွေက ဆိုပါတယ်။ ရန်ကုန်တိုင်း မြောက်ဥက္ကလာပ မြို့နယ်မှာတော့ စစ်တပ်ရဲ့ တရစပ်ပစ်ခတ်မှုတွေအောက်မှာ လူခုနှစ်ဦး အသက်ဆုံးရှုံးခဲ့ရပြီး သူတို့ထဲက လူငယ်သုံးဦးကို မတ်၅ရက်နေ့မှာ မီးရှို့သဂြိုလ်ပြီး အမျှဝေခဲ့ပါတယ်။ 

ရေဝေးသုဿန်သွားရာ လမ်းတစ်လျှောက်မှာ အိမ်တိုင်း အလံအနီတွေလွှင့်ထူထားပါတယ်။ ရာနဲ့ချီတဲ့ အသုဘရှုပရိသတ်ဟာ  လက်သုံးချောင်းကိုမြဲနေအောင်ထောင်ထားကြပါတယ်။ ဈာပနခန်းမထဲက လူအုပ်ကြီးဟာ ပတ်ဝန်းကျင်က ဝမ်းနည်းကြေကွဲဖွယ်မြင်ကွင်းတွေ၊ ကျန်ရစ်သူမိသားစုဝင်တွေရဲ့ ယူကျုံးမရ ရှိုက်ကြီးတငင်ငိုကြွေးသံတွေကို ခံနိုင်ရည်မရှိခဲ့ကြပါဘူး။ လူပေါင်းများစွာဟာ မျက်ရည်တွေ တအိအိပြိုဆင်းလာတာကို အချင်းချင်းမြင်တွေ့ရပေမဲ့ တစ်ယောက်နဲ့တစ်ယောက် နှစ်သိမ့်နိုင်ဖို့ရာ မစွမ်းသာတော့ပါ။

ရေဝေးသုသာန်တွင် မတ်၅ရက်က ပြုလုပ်ခဲ့သည့် ဈာပနအခမ်းအနားတစ်ခုအတွင်း ကွယ်လွန်သူတစ်ဦးအတွက် အမှတ်တရ ပန်းပွင့်ချထားခဲ့သော အမျိုးသမီးတစ်ဦးကို မြင်တွေ့ရစဉ်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

“ဒီကလေးတွေကို ကိုယ်လည်းမသိဘူး။ ကိုယ့်ဆွေမျိုးလည်း မဟုတ်ဘူးလေ။ အခုမှမြင်ဘူးတာ ဟုတ်တယ်မလား ငါပြောတာ။ ဒါပေမဲ့ကွာ ငါတို့ပြည်သူတွေကို ဒီလောက်တောင် ရက်စက်ရလားကွာ၊ ခလေးတွေပါကွာ”

အပြာရောင်ဝန်ထမ်းဝတ်စုံဆင်မြန်းထားတဲ့ သုဿာန်ဝန်ထမ်း ကိုမောင်ဦးက အဆက်မပြတ် စီးကျနေတဲ့ မျက်ရည်တွေကို သူ့လက်ခုံနဲ့ ခပ်ကြမ်းကြမ်းသုတ်ပစ်လိုက်ပါတယ်။ သူ့တစ်သက်မှာ ရုပ်ပျက်ဆင်းပျက် အလောင်းပေါင်း မရေမတွက်နိုင်အောင် မီးသဂြိုလ်တိုက်ထဲပို့ခဲ့ပြီးပါပြီ။  ဒီလို လူအုပ်နဲ့အတူတော့ ပြင်းပြင်းထန်ထန် လိုက်မငိုခဲ့ဖူးပါဘူး။

မတ်၅ရက်နေ့မှာ မီးသဂြိုလ်ခဲ့သူတွေက ကိုဖိုးချစ် (၂၂နှစ်) ၊ ကိုဇွဲထက်စိုး(၂၆)၊ ကိုအာကာမိုး(၂၅)နှစ် တို့ဖြစ်ကြပါတယ်။ သုံးယောက်လုံးဟာ မတ်၃ရက်နေ့က စစ်တပ်ရဲ့ အကြမ်းဖက်ပစ်ခက်မှုကြောင့် လမ်းမပေါ်မှာ အသက်ဆုံးပါးသွားခဲ့ကြသူတွေ ဖြစ်ပါတယ်။

မြောက်ဥက္ကလာပမြို့နယ်ဟာ ရန်ကုန်ရဲ့ ဆင်ခြေဖုံးဒေသတစ်ခုဖြစ်ပြီး ဒီရက်မတိုင်ခင်က စစ်အာဏာသိမ်းဆန့်ကျင်ရေးဆန္ဒပြပွဲတွေကို အခုလိုဆိုးဝါးလွန်းလှတဲ့ အသေပစ်ခတ်ဖြိုခွင်းမှုတွေ မရှိခဲ့ပါဘူး။

မတ်၃ရက်မှာ မြောက်ဥက္ကလာပမြို့နယ် သပိတ်ကို မနက်ပိုင်းမှာ အင်အားသုံးဖြိုခွင်းပြီးနောက် စစ်တပ်နဲ့ရဲတွေဟာ ဖမ်းဆီးထားတဲ့ လူငယ်အယောက်၆၀ကျော်ကို စစ်ကားတွေနဲ့တင်ဆောင်ပြီး ပြန်လည်ဆုတ်ခွာဖို့ ကြိုးပမ်းခဲ့ပါတယ်။

အဲဒီအချိန်မှာ ဆန္ဒပြသူတွေဟာ ဖမ်းခံထားရသူတွေကို ပြန်လွှတ်ပေးဖို့ စုဝေးတောင်းဆိုခဲ့ကြပါတယ်။ ညနေ၅နာရီအကျော်မှာတော့ ပြန်လည်ဆုတ်ခွာတဲ့ စစ်ကားတန်းဟာ ဆန္ဒပြသူတွေကို အစပိုင်းမှာ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ဖြိုခွင်းခဲ့ပေမဲ့ သိပ်မကြာခင်မှာပဲ ကျည်အစစ်တွေသုံးပြီး စတင်ပစ်ခတ်ပါတော့တယ်။

ဒီလိုခြောက်လှန့်ပြီး ပစ်ခတ်ပေမဲ့ ဆန္ဒပြသူတွေဟာ ကြောက်လန့်မှုကင်း ကုန်ကြပါပြီ။ သေစေနိုင်တဲ့ ကျည်ဆန်အစစ်နဲ့ပစ်ခတ်ခံရပေမဲ့ ဆန္ဒပြပြည်သူတွေမှာ မျက်ရည်ယိုဗုံးကာကွယ်ဖို့ မျက်နှာဖုံးတွေ၊ အဓိကရုဏ်းအကြမ်းဖက်အကာအကွယ်ပစ္စည်းကိရိယာတွေမရှိသလို အများစုဟာ ဖိနပ်တောင် မစီးနိုင်ကြတော့ဘဲ ဆန္ဒပြင်းပြစွာနဲ့ ဖမ်းခံရသူတွေကို ပြန်လွှတ်ပေးဖို့ အော်ဟစ်ဆန္ဒပြခဲ့ကြတာပါ။

မတ်၃ရက် အကြမ်းဖက်ဖြိုခွင်းခံရမှုအပြီး မြောက်ဥက္ကလာပဆေးရုံကြီးသို့ ရောက်ရှိလာသူလူငယ်တစ်ဦး၏ ရုပ်အလောင်းနှင့် အနီးတွင်ငိုကြွေးနေသူ အမျိုးသားကြီးတစ်ဦး။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

ပစ်ခတ်မှုအတွင်း အဆက်မပြတ်ပစ်ခတ်တဲ့ သေနတ်သံတစ်ချို့ကြားရပြီး ဆီမီးအော်တိုမက်တစ်ရိုင်ဖယ်လို အသံထွက်တဲ့ ပစ်ခတ်သံတွေကိုလည်း ကြားခဲ့ရပါတယ်။ လူငယ်တစ်ချို့ ကျည်ဆန်ထိမှန်ပြီး လဲကြသွားတဲ့အခါမှာတော့ ဆန္ဒပြသူတွေကို လဲသူကိုထူဖို့အတွက် ရှေ့ကိုပြေးတက်ကြပါတယ်။ ဒါပေမဲ့ စစ်အစိုးရရဲ့ လက်နက်ကိုင်လုံခြုံရေးအဖွဲ့တွေက ဆက်လက်ပစ်ခတ်ခဲ့ပါတယ်။

“ကျွန်တော့်အထင် စစ်သားတွေက လန့်နေပြီ။ လူအုပ်က သူတို့နဲ့အရမ်းနီးလာတဲ့ အချိန်သူတို့ အုပ်လိုက်ကြီး ကားပေါ်ပြေးတက်တယ်။ ကားနဲ့ မောင်းပြေးနေပြီး ခပ်ဝေးဝေးလည်းရောက်ရော ကားပေါ်ကဆင်းပြီး ပစ်တာပဲ”လို့ အဲဒီနေ့ဖြစ်စဉ်မှာ ခြေထောက်ကို ကျည်အစစ်ထိမှန်ပြီး ဒဏ်ရာရခဲ့သူ အမျိုးသားတစ်ဦးက ဖရွန်းတီးယားမြန်မာကို ပြောပါတယ်။

ဒီလိုပစ်ခတ်မှုအပြီးမှာတော့ ဆန္ဒပြသူတွေစုဝေးခဲ့ရာ လမ်းမကြီးဟာ အနိဋ္ဌာရုံမြင်ကွင်းအဖြစ် ပြောင်းလဲသွားပါတော့တယ်။ ကျည်အစစ်နဲ့သေတဲ့အထိ ပစ်ခတ်ခံခဲ့ရပေမဲ့ ဆန္ဒပြသူတွေမှာ ရန်ပြုစရာမပြောနဲ့ သေစေနိုင်တဲ့စစ်ပွဲသုံးလက်နက်တွေကို ကာကွယ်စရာပစ္စည်း မယ်မယ်ရရ မရှိခဲ့ပါဘူး။

ရက်စက်လွန်းလှတဲ့ ညနေပိုင်း ပစ်ခတ်နှိမ်နင်းမှုအတွင်း လူငယ်လေးဦးကျဆုံးသွားခဲ့ပါတယ်။ ဒါ့ပြင် စက်သေနတ်နဲ့တရစပ်ပစ်ခတ်ချေမှုန်းမှုကြောင့် ဆန္ဒပြသူ ၆၀ကျော် ဒဏ်ရာရရှိခဲ့ကြပြီး သူတို့အထဲက ၁၈ဦးကတော့ အင်မတန်စိုးရိမ်ရတဲ့ အခြေအနေကို ရောက်ရှိသွားပါတယ်။ 

မြောက်ဥက္ကလာပဆေးရုံကြီးက ဆရာဝန်တွေဟာ အရင်က ငြိမ်းချမ်းစွာအမိန့်ဖီဆန်ခြင်း (CDM) လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြပေမဲ့ ဒဏ်ရာရသူအရေအတွက် စိုးရိမ်စရာကောင်းလောက်အောင် များပြားလွန်းတာကြောင့် ဆေးရုံကြီးကို ပြန်လည်ခြေချပြီး လူနာတွေရဲ့အသက်ကို သေမင်းနဲ့စစ်ခင်း ကယ်တင်ဖို့ ကြိုးစားကြပါတော့တယ်။ ထပ်သိရတဲ့ သတင်းအရ နောက်ထပ်ဆန္ဒပြသူတစ်ဦး ထပ်မံသေဆုံးသွားခဲ့ပြီး မတ်၃ရက်နေ့ မြောက်ဥက္ကလာပအကြမ်းဖက်ဖြိုခွင်းမှုဖြစ်စဉ်အတွင်း သေဆုံးသူဦးရေဟာ ခုနှစ်ဦးရှိသွားပါပြီ။

လွန်ခဲ့တဲ့ရက်သတ္တပတ်က မြောက်ဥက္ကလာပရဲ့ လမ်းမကြီးတွေပေါ်မှာ ပြေးလွှားရင်း စစ်အာဏာရှင်စနစ်ကို ရဲရဲတောက်ဆန့်ကျင်ကြွေးကြော်ဆန္ဒထုတ်ဖော်တဲ့ လူငယ်လေးသုံးဦးဟာ အခုအချိန်မှာတော့ ရေဝေးသုသာန်က အသုဘသဘင်ခန်းမကြီးမှာ မလှုပ်မယှက်နဲ့ လောကကြီးရဲ့ ငိုကြွေးသံကို မကြားနိုင်ကြတော့ပါဘူး။

အသက်မဲ့နေသော ကိုဇွဲထက်စိုး၏ ရုပ်ကလာပ်အနီး သမီးငယ်ကို ချီလျက် ငိုကြွေးနေသော ၎င်း၏ ဇနီးသည်ကို မြင်တွေ့ရစဉ်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

ငြိမ်သက်နေတဲ့ သူတို့ရဲ့ နဖူးပေါ်မှာ “စစ်အာဏာရှင်စနစ် အလိုမရှိ” ဆိုတဲ့ စာတန်းကို ရေဝေးက အလောင်းပြင်ဝန်ထမ်းတွေက ပတ်ပေးထားကြပါတယ်။ ရဲရဲနီနေတဲ့ ခွပ်ဒေါင်းအလံတွေကိုလည်း အလောင်းစင်ပေါ် ခြုံအုပ်လွှမ်းပတ်ထားကြပါတယ်။

အစပိုင်းမှာ အသုဘရှုသူတွေဟာ တစ်ယောက်တစ်ပေါက် လှုပ်လှုပ်ရှားရှား၊ ဆူဆူညံညံဖြစ်နေကြပေမဲ့ တစ်ယောက်က စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးကြွေးကြော်သံတွေကို ဦးဆောင်ပြီး တိုင်တည်ပေးလိုက်တဲ့ အခါမှာ အားလုံးရဲ့အသံတွေဟာ အထက်ဘဝဂ်ထိ ညံတက်သွားအောင် ဟိန်းထွက်လာပါတော့တယ်။ အာခေါင်ခြစ်ပြီး အော်ဟစ်လိုက်တဲ့ ကြွေးကြော်သံတွေဟာ ခန်းမတစ်ခုလုံးကို ဖုံးလွှမ်းသွားပါတော့တယ်။

“ဒီမိုကရေစီရရှိရေး ဒို့အရေး၊ ဒို့အရေး”

“အာဏာရှင်စနစ်ကျဆုံးရေး ဒို့အရေး၊ ဒို့အရေး”

“ငါတို့ပေးတဲ့ အခွန်တွေနဲ့ ကျည်ဆန်လုပ်ပြီး ပြန်မပစ်နဲ့”

ကြွေးကြော်သံ တစ်ခုစီတိုင်းမှာ နာကျည်းချက်တွေ ဖုံးလွှမ်းပြည့်နှက်လို့နေပါတယ်။ ဒီကြွေးကြော်သံတွေ အဆုံးမှာတော့ အသုဘရှုသူတွေဟာ လက်ခုပ်တွေ တဖြောင်းဖြောင်း မြည်အောင်တီးပြီး ကျဆုံးသွားသူတွေကို ဂုဏ်ပြုခဲ့ကြပါတယ်။ ဒါ့ပြင် အဆိုတော်ထူးအိမ်သင် ရေးစပ်ခဲ့တဲ့ “သွေးသစ္စာ” (အရေးကြီးပြီဟုလည်း မှတ်မိကြသည်) သီချင်းကိုလည်း သံပြိုင်ဟစ်ကြွေး သီဆိုခဲ့ကြပါတယ်။

ဘယ်လိုပဲ အားတက်အောင် နှစ်သိမ့်ကြပါစေ မသဲဆုတစ်ယောက် အသက်မဲ့နေတဲ့ ခင်ပွန်းသည် ကိုဖိုးချစ်ရဲ့ ရုပ်အလောင်းဘေးမှာ ရှိုက်ကြီးတငင် ငိုကြွေးနေပါတယ်။ အိုးတိုက်ခွဲပြာရောင်းရင်း ဇနီးနဲ့သားကို ရှာကျွေးနေရတဲ့ ကိုဖိုးချစ်ရဲ့ နေ့မြင်ညပျောက်အဖြစ်က မသဲဆုအတွက်တော့ ဖြေဆည်နိုင်စရာမရှိတဲ့ ကြမ္မာဆိုးကြီးပါပဲ။ ဒါပေမဲ့ ရှိသမျှအားနဲ့ လက်ခုပ်တီးပြီး ခင်ပွန်းသည်ကို အားပေးရင်း “ကိုဖိုးချစ်ရေ နင်ထအော်ပါဦး”လို့ မသဲဆု တစ်ချက်တစ်ချက် ညည်းတွားလိုက်ပါတယ်။

ဖေဖော်ဝါရီလအစောပိုင်းကာလတွေက ငြိမ်းချမ်းတဲ့ဆန္ဒပြပွဲတွေဟာ ဖေဖော်ဝါရီ၂၈ရက်နောက်ပိုင်း လုံးဝအသွင်ပြောင်းသွားပါတော့တယ်။ အများပြည်သူ ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒပြခဲ့ကြတဲ့နေရာတွေဟာ အခုအချိန်မှာတော့ သတ်ကွင်းအဖြစ် ပြောင်းလဲသွားခဲ့ပါပြီ။

မတ်၅ရက်က ရေဝေးသုသာန်တွင် ပြုလုပ်ခဲ့သည့် ဈာပနအခမ်းအနားသို့ တက်ရောက်လာသူများက ကျဆုံးသွားသည့်လူငယ်များကို ဂုဏ်ပြုသည့်အနေဖြင့် လက်သုံးချောင်းထောင်သည့် သင်္ကတများဖြင့် အလေးပြုကြသည်။ (ဓာတ်ပုံ | ဖရွန်းတီးယားမြန်မာ)

ဖေဖော်ဝါရီ၂၈ရက်က စတင်ခဲ့တဲ့ ကျည်ဆန်အစစ်နဲ့ဆန္ဒပြသူတွေကို အသေပစ်ခတ်ဖြိုခွင်းမှုကြောင့် ရန်ကုန်အပြင် နိုင်ငံတစ်ဝန်း အသေအပျောက်များခဲ့ပါတယ်။ မတ်၃ရက်ဟာလည်း ဆန္ဒပြသူတွေ အသေအပျောက်အလွန်များခဲ့ရတဲ့ နေ့တစ်ရက်ဖြစ်ခဲ့ပြီး မြို့ကြီးတွေဖြစ်တဲ့ မုံရွာ၊ မန္တလေးနဲ့ တခြားမြို့တွေမှာ ငြိမ်းငြိမ်းချမ်းချမ်းဆန္ဒပြသူတွေကို စစ်တပ်နဲ့ရဲတပ်ဖွဲ့က ပစ်ခတ်ဖြိုခွင်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ကမ္ဘာ့ကုသလသမဂ္ဂကတော့ မတ်၃ရက်ကို သွေးအစွန်းဆုံးနေ့အဖြစ် ခေါ်ဆိုသုံးစွဲခဲ့ပြီး အဲဒီတစ်ရက်တည်း စစ်တပ်နဲ့ရဲက ပစ်ခတ်ဖြိုခွင်းလို့သေဆုံးသူ ၃၈ဦးအထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)ကတော့ မတ်၅ရက်အထိ ဆန္ဒပြပွဲတွေမှာ စစ်တပ်နဲ့ရဲက ကျည်အစစ်နဲ့ ပစ်ခတ်ဖြိုခွင်းလို့ သေဆုံးသူ ၅၀ရှိပြီး အဖမ်းဆီးခံထားရသူပေါင်း ၁,၅၀၀ကျော်ရှိပြီလို့ ဆိုပါတယ်။

မတ်၄ရက်နဲ့ မတ်၅ရက်တွေမှာတော့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲအတွင်း ကျဆုံးသွားသူတွေရဲ့ ဈာပနအခမ်းအနားတွေကို မြို့နယ်အသီးသီးမှာ ပြုလုပ်ခဲ့ကြပါတယ်။

နေရာဒေသ ကွာခြားပေမဲ့ အသုဘယာဉ်တန်းသွားရာတစ်လျှောက် လူအများအပြားက ကျဆုံးသွားတဲ့ သူရဲကောင်းတွေရဲ့ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်ခဲ့ကြပြီး အာဏာရှင်ဆန့်ကျင်ရေး သင်္ကေတဖြစ်တဲ့ လက်သုံးချောင်ထောင် အလေးပြုရင်း ဦးညွတ်တဲ့မြင်ကွင်းတွေကတော့ အားလုံးမှာ တူညီနေတဲ့ မြင်ကွင်းတစ်ခုပါပဲ။

ရေဝေးသုသာန်အတွင်း အသက်မဲ့နေတဲ့ လူငယ်သုံးဦးရဲ့ အလောင်းစင်ဘေးမှာ မိသားစုဝင်တွေ၊ လူချင်းမသိကျွမ်းပေမဲ့ သွေးသားချင်းဆုံးရှုံးလိုက်ရသလို ဝမ်းနည်းငိုကြွေးနေသူတွေနဲ့ ပြည့်နှက်နေပါတယ်။ အော်ဟစ်သံတွေ၊ ငိုကြွေးသံတွေအဆုံးမှာတော့ ရေဝေးသုသာန်ရဲ့ မီးခိုးတိုင်ပေါ်က အခိုးအငွေ့တွေဟာ လွတ်မြောက်ရာကို တရွေ့ရွေ့နဲ့ ခရီးနှင်သွားပါတော့တယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar