ရန်ကုန်၊ မေ ၃၁
လူမှုကွန်ရက်တွင် ပြန့်နှံ့နေသည့် အရပ်ဝတ် အမျိုးသားလေးဦးအား တပ်မတော်သားများက ကိုယ်ထိလက်ရောက် ပြုမှုနေမှုနှင့် ပတ်သက်ပြီး စိစစ်လျက်ရှိသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ယနေ့သတင်းထုတ်ပြန်သည်။
“ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်အတွင်း ဖမ်းဆီးရမိခဲ့သည့် အရပ်ဝတ် အကြမ်းဖက်သောင်းကျန်းသူ ၄ ဦးကို တပ်မတော်သားတချို့မှ ကိုယ်ထိလက်ရောက် ပြုမူနေသည့် လူမှုမီဒီယာပါ ဖြစ်စဉ်နှင့်ပတ်သက်၍ တာဝန်ရှိသူများမှ စိစစ်လျက်ရှိကြောင်းနှင့် ဖြစ်စဉ်မှန်ကန်ပါက ဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အတည်မပြုနိုင်သေးသည့် အဆိုပါဗီဒီယိုမှာ လူမှုကွန်ရက် Facebook ပေါ်တွင် ပြီးခဲ့သည့် စနေနေ့ နံနက်ပိုင်းတွင် စတင်ပေါ်ထွက်လာပြီးနောက် လျှင်လျှင်မြန်မြန် ပြန့်နှံ့သွားခဲ့သည်။ ဗီဒီယိုပေါ်ထွက်လာသည့်အချိန်မှာ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးကို နေပြည်တော်တွင် ကျင်းပနေချိန် ဖြစ်သည်။
၁၇ မိနစ်ကြာမြင့်သည့် ဗီဒီယိုထဲတွင် စစ်ယူနီဖောင်းဝတ်ဆင်ထားသူများက လက်ထိပ်ခတ်ထားသည့် အရပ်သားအဝတ်အစားဖြင့် အမျိုးသား သုံးဦးအား ကန်ကျောက်နေမှုများ ပါဝင်သည်။ ထို့ပြင် ဖမ်းဆီးထားသူ အများအပြားကိုလည်း ဗီဒီယိုထဲတွင် မြင်တွေ့ရသည်။
စစ်ယူနီဖောင်းဝတ်ဆင်သူများက ဖမ်းဆီးထားသူများအား တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) မှ ဟုတ်မဟုတ်ကို မေးမြန်းနေသည်ကိုလည်း တွေ့ရသည်။
အဆိုပါဗီဒီယိုနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် မြန်မာအစိုးရကို လူ့အခွင့်အရေးအဖွဲ့များက တောင်းဆိုထားသည်ဟု အေအက်ဖ်ပီက ရေးသားထားသည်။
“ဗီဒီယိုထဲမှာ ရိုက်နှက်ခံနေရသူတွေအတွက် ကျွန်တော်တို့ အလွန်ကို စိုးရိမ်ပူပန်မိပါတယ်” ဟု Fortify Rights မှ မက်သရူးစမတ်က ပြောကြားသည်။
“ဒီလူတွေရဲ့ အသက်အန္တရာယ်ကို ကာကွယ်ပေးဖို့အတွက် မြန်မာအာဏာပိုင်တွေအနေနဲ့ ဆောင်ရွက်သင့်ပါတယ်” ဟု ၎င်းကဆက်လက်ပြောကြားသည်။
ဗီဒီယိုထဲတွင် ပါဝင်သည့် စစ်ယူနီဖောင်းဝတ်ဆင်ထားသူများမှာ ရှမ်းပြည်နယ်တွင် TNLA အား တိုက်ခိုက်နေသည့် အမှတ် ၈၈ ခြေလျင်တပ်ရင်းမှ ဖြစ်သည်ဟုလည်း Fortify Rights အဖွဲ့က ပြောကြားကြောင်း အေအက်ဖ်ပီက ရေးသားထားသည်။
ဗီဒီယိုထဲတွင် စစ်ယူနီဖောင်းဝတ်ဆင်ထားသူများက ဖမ်းဆီးခံထားရသူများကို သတ်ပစ်မည်ဟု ခြိမ်းခြောက်မှုများလည်း ပါဝင်သည်။
ယခုကဲ့သို့ ရိုက်နှက် နှိပ်စက်မှုများမှာ ဖြစ်ပေါ်နေကျ ဖြစ်ရပ်များဖြစ်သည်ဟု Human Rights Watch အဖွဲ့မှ Phil Robertson က အေအက်ဖ်ပီကို ပြောကြားသည်။
“မြန်မာ့တပ်မတော်ရဲ့ကတိတွေအပေါ်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ယုံကြည်မှုမရှိနိုင်တာရဲ့ အကြောင်းရင်းတွေထဲမှာ ဒါက အဓိကအချက်ဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။
အဆိုပါဗီဒီယိုမှာ လွန်ခဲ့သည့်တစ်နှစ်ခန့်က ရိုက်ကူးထားခြင်းဖြစ်သည်ဟု TNLA တာဝန်ရှိသူတစ်ဦးက အေအက်ဖ်ပီကို ပြောကြားသည်။
ထိုဗီဒီယိုအပြင် ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ မိုင်းခေါင်ကျေးရွာ၊ တပ်မတော်တပ်စခန်း၏ အရှေ့မြောက်ဘက် သုံးမိုင်ခန့် အကွာ၌ သေနတ်ဒဏ်ရာများဖြင့် အရပ်သား သုံးဦး၏ အလောင်းများမြှုပ်နှံထားမှုကိုလည်း စုံစမ်းစစ်ဆေးနေသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက မေ ၃၀ ရက်နေ့က သတင်းထုတ်ပြန်ခဲ့သေးသည်။
“တပ်စခန်းမှ တပ်မတော်သားများ ပါဝင်ပတ်သက်မှု ရှိ/မရှိ လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် မေ ၂၉ ရက်မှစတင်၍ သက်ဆိုင်ရာ တာဝန်ရှိသူများက စိစစ်လျက်ရှိကြောင်း သတင်းရရှိသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါသေဆုံးသူသုံးဦးမှာ အနီးနားရှိ စစ်ရှောင်ဒုက္ခသည်စခန်းမှ ဖြစ်ကြသည်ဟု ကချင်အရေး တက်ကြွလှုပ်ရှားသူ ဒေါ်ခွန်ဂျာက ပြောကြားသည်။
“သူတို့ကို တပ်မတော်က ဖမ်းသွားတာ နောက်ဆုံးမြင်လိုက်တာပဲ” ဟု ၎င်းက အေအက်ဖ်ပီကို ပြောကြားသည်။
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် တိုက်ပွဲများဖြစ်ပွားနေသည့် ဒေသများတွင် နယ်မြေခံလူထုအား တပ်မတော်သားများက နှိပ်စက်မှုများရှိသည်ဟူသည့် သတင်းများမှာ အမြဲတစေ ပေါ်ထွက်နေလေ့ရှိသော်လည်း နောက်ပိုင်းကာလများတွင် အဆိုပါစွပ်စွဲချက်အချို့ကို တပ်မတော်ဘက်က စုံစမ်းစစ်ဆေးအရေးယူမှုအချို့ရှိလာခဲ့သည်။
ပြီးခဲ့သည့်နှစ်က ရွာသားများအား ဖမ်းဆီးစစ်ဆေးနေစဉ် သေဆုံးခဲ့မှုအတွက် တပ်မတော်သား ခုနှစ်ဦးကို အလုပ်နှင့် ထောင်ဒဏ် ငါးနှစ်စီ ချမှတ်ခဲ့သည်။