အရင်အစိုးရလက်ထက် စီးပွားရေးစာချုပ်တွေ ပြန်ပယ်ဖျက်ရင် ဘယ်လို ဖြစ်လာနိုင်မလဲ

စည်သူအောင်မြင့် ရေးသားသည်။

ပြီးခဲ့တဲ့ မေလ ၁၂ ရက်က ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ဧရာဝတီတိုင်းက ပြည်သူ့လွှတ်တော် အမတ် ဒေါက်တာစံရွှေဝင်း တင်သွင်းထားတဲ့ ရန်ကုန် လမ်းမတော်မြို့နယ်၊ ဗိုလ်ချုပ်လမ်းနဲ့ ပြည်လမ်းထောင့်က ကျန်းမာရေးဝန်ကြီးဌာနပိုင် နေရာမှာ စင်ကာပူ Parkway pantai ကုမ္ပဏီ နဲ့ မြန်မာ AMP Construction တို့ ပူးပေါင်းပြီး Parkway Yangon ပုဂ္ဂလိက ဆေးရုံဆောက်ဖို့ နှစ်ရှည် မြေငှားရမ်းပေးထားတာကို ပြန်ရုပ်သိမ်းပေးဖို့ အဆိုကို ကန့်ကွက်သူ မရှိ အတည်ပြုပေးလိုက်ကြပါတယ်။

ဒါဟာ အရင် သမ္မတဦးသိန်းစိန် အစိုးရလက်ထက်က စာချုပ်ချုပ်ဆိုထားပြီးသား၊ စာချုပ်အရ ဒေါ်လာ ၂ သန်းခွဲကျော် ပေးသွင်းထားပြီးသား သဘောတူညီချက်ကို ရပ်ဆိုင်းဖို့ ဆုံးဖြတ်လိုက်တဲ့ ပထမဦးဆုံး ဆုံးဖြတ်ချက်လည်း ဖြစ်ပါတယ်။

ဒီ ပြဿ     နာ ဘယ်လို ဖြစ်ရတာပါလဲ၊ အင်န်အယ်လ်ဒီ အစိုးရရဲ့ ဒီ ပြဿ     နာကို ကိုင်တွယ်ပုံကြောင့် နောင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စတွေကို ထိခိုက်နိုင်သလား၊ ဒီလို ပြဿ     နာမျိုးကို ဘယ်လို ဆက်ပြီး ကိုင်တွယ်သင့်သလဲ ဆိုတာ ဒီတစ်ပတ် ဆွေးနွေး တင်ပြသွားပါ့မယ်။

လွှတ်တော်တွင်းမှာ ဒေါက်တာစံရွှေဝင်း တင်သွင်းတဲ့ အဆို အပြည့်အစုံကတော့ “ကျန်းမာရေးဝန်ကြီးဌာနပိုင်မြေ ၄ ဒသမ ၃ ဧကသည် ရန်ကုန်ပြည်သူ့ဆေးရုံကြီးရဲ့ အနာဂတ် တိုးချဲ့လုပ်ငန်းများအတွက် မလွဲမသွေအသုံးပြုရမည့် မြေနေရာဖြစ်ပါလျက် ပုဂ္ဂလိကဆေးရုံ တည်ဆောက်ရန် ခွင့်ပြုငှားရမ်းခြင်းနဲ့ ၎င်းငှားရမ်းမှုနဲ့ ရင်းနှီးမြှုပ်နှံမှုကို ခွင့်ပြုခဲ့သော ပြည်ထောင်စုအစိုးရနဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်တို့ရဲ့ ဆောင်ရွက်ချက်များဟာ ပွင့်လင်းမြင်သာမှု အားနည်းခြင်း၊ ကျိုးကြောင်းဆီလျော်မှု မရှိတဲ့အပြင် အများပြည်သူတို့ရဲ့ အကျိုးစီးပွားကို ဖော်ဆောင်ခြင်း မရှိတဲ့အတွက် ရပ်ဆိုင်းသင့်ပါကြောင်း ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း” ဆိုပြီး ဖြစ်ပါတယ်။

ဒီအဆိုနဲ့ ပတ်သက်ပြီး လွှတ်တော်တွင်းမှာ တပ်မတော်သား အရာရှိ နှစ်ယောက် အပါအဝင် အမတ် စုစုပေါင်း ၇ ယောက် ဆွေးနွေးခဲ့ကြပါတယ်။ ဒုဗိုလ်မှူးကြီး စိုးစိုးမြင့်နဲ့ တပ်မတော် အရာရှိတစ်ယောက်က မြန်မာနိုင်ငံသားတွေဟာ လိုအပ်ချက်အရ နှစ်စဉ် နိုင်ငံခြားထွက် ဆေးကုသ ကြရတဲ့အကြောင်း၊ ဒီအတွက် နှစ်စဉ် ဒေါ်လာ သန်းချီ ကုန်ကျကြောင်း၊ အဲလို နိုင်ငံခြားထွက် ကုရတဲ့ ရောဂါမျိုးကို ကုသနိုင်တဲ့ ဆေးရုံမျိုး ပြည်တွင်းမှာ ရှိသင့်တဲ့အကြောင်း၊ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ပတ်သက်ပြီး အစိုးရကဏ္ဍ တစ်ခုတည်းနဲ့ မနိုင်ကြောင်း၊ ပုဂ္ဂလိက ကဏ္ဍကို အားပေးမှ တိုးတက်လာမှာ ဖြစ်ကြောင်း ပြောဆိုပြီး အဆိုကို သွယ်ဝိုက် ကန့်ကွက်ပါတယ်။

ပြည်သူ့လွှတ်တော်ထဲမှာ အများစု နေရာယူထားတဲ့ အင်န်အယ်လ်ဒီ အမတ်တွေက ထောက်ခံတာ၊ ကျန်းမာရေး ဝန်ကြီးကိုယ်တိုင်ကလည်း ဒီ မြေငှားတဲ့ကိစ္စ ပြန်ရုပ်သိမ်းသင့်တယ်ဆိုတဲ့ အဆိုဘက်က ရပ်တည်တာ စတာတွေကြောင့် အဆိုကို ကန့်ကွက်သူ မရှိ အတည်ပြုနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

ကျန် ရွေးကောက်ခံ အမတ်တွေ အားလုံးကတော့ အခုလို ပုဂ္ဂလိက ဆေးရုံဆောက်ဖို့ ငှားပေးလိုက်တဲ့ မြေနေရာဟာ ရန်ကုန်မြို့လယ် ဆေးရုံကြီးနဲ့ ဆေးတက္ကသိုလ်၊ သူနာပြု တက္ကသိုလ်တို့ အနားမှာ ရှိတဲ့အကြောင်း၊ လက်ရှိ ရန်ကုန်ဆေးရုံကြီးဟာ လာရောက် ကုသတဲ့ လူနာတွေ များလွန်းလို့ တိုးချဲ့ဖို့ လိုနေတဲ့အကြောင်း၊ အနားမှာ ဆေးတက္ကသိုလ်လိုမျိုးလည်း တည်ရှိနေတာကြောင့် သင်ကြားရေး ဆေးရုံလိုမျိုး ဆောက်မယ်ဆိုရင် သင့်တော်တဲ့အကြောင်း ဝိုင်းဝန်း ဆွေးနွေးကြပါတယ်။ သူတို့အနေနဲ့ ပုဂ္ဂလိက ကဏ္ဍက ဆေးရုံဆောက်မှာကို ကန့်ကွက်တာ မဟုတ်ပေမဲ့ ဒီ မြေနေရာ ငှားရမ်းပေးမှုကိုသာ ကန့်ကွက်တာ ဖြစ်ကြောင်း ပြောဆိုကြပါတယ်။

အဆိုနဲ့ ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေးကတော့ စင်ကာပူ ဖက်စပ် ဆေးရုံဆောက်မယ့် မြေနေရာ ငှားရမ်းရတဲ့ ကိစ္စကို ရှင်းပြပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ စက်တင်ဘာ ၂၄ ရက်က စင်ကာပူ အခြေစိုက် Parkway pantai ကုမ္ပဏီ နဲ့ မြန်မာ AMP Construction တို့ ပူးပေါင်းပြီး Parkway Yangon ပုဂ္ဂလိက ဆေးရုံဆောက်ဖို့ ကျန်းမာရေးဝန်ကြီးဌာနကို ကမ်းလှမ်းတဲ့အကြောင်း၊ ကနဦး ပထမ အဆင့် ကုတင် ၁၅၀ ဆန့်ဆေးရုံအဖြစ် တည်ဆောက်ပြီး နောက်ပိုင်း ကုတင် ၂၅၀ ဆေးရုံအဖြစ် တိုးချဲ့ တည်ဆောက်သွားမှာဖြစ်ကြောင်း၊ ကမ်းလှမ်းမှုကို လက်ခံပြီးနောက် ကျန်းမာရေးဝန်ကြီးဌာနဟာ မြေ ၄ ဧကကျော် ငှားရမ်းမယ့် ကိစ္စ အစိုးရ လုပ်ထုံးလုပ်နည်း အတိုင်း အဆင့်ဆင့် လုပ်ဆောင်ခဲ့ကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနကလည်း ဂျပန်-မြန်မာ ချစ်ကြည်ရေး ဆေးရုံဆောက်ဖို့ ဆိုတဲ့ ခေါင်းစဉ်နဲ့ အဲဒီက မြေ ၁၁ ဧက ကို ကျန်းမာရေးဝန်ကြီးဌာနပိုင် အဖြစ် အမည်ဖောက်ပေးခဲ့ပြီး အဲဒီထဲက မြေ ၄ ဧက စင်ကာပူ ဖက်စပ် ဆေးရုံဆောက်ဖို့ ငှားရမ်းဖို့ စီစဉ်ခဲ့ကြတာ ဖြစ်ပါတယ်။

ကျန်းမာရေးဝန်ကြီးရဲ့ တင်ပြချက်အရ အရင် အစိုးရဟာ အချိန် ၂ လ ခွဲအတွင်း ဒီမြေငှားတဲ့ကိစ္စ စာချုပ် ချုပ်နိုင်အောင် မြန်မြန်ဆန်ဆန် လုပ်ကိုင်ခဲ့ကြပြီး ၂၀၁၆ ဇန်နဝါရီ ၂၉ ရက်မှာ သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြပါတယ်။ စာချုပ်အရ ကျန်းမာရေးဝန်ကြီးဌာနဟာ စင်ကာပူ ဖက်စပ် ဆေးရုံဆောက်မယ့် မြေနေရာကို နှစ်ပေါင်း ၅၀ ငှားရမ်းပေးရမယ့်အပြင် နောက်ထပ် ၁၀ နှစ်စီ ၂ ကြိမ် သက်တမ်းတိုးနိုင်တယ်လို့လည်း သဘောတူထားကြပါတယ်။ စာချုပ်အရ မတ်လ ၃၀ ရက်မှာ ဖက်စပ် ကုမ္ပဏီဟာ စင်ကာပူ OCBC ဘဏ်ကနေ တဆင့် ကျန်းမာရေးဝန်ကြီးဌာန ဘဏ်အကောင့်ကို ဒေါ်လာ ၂ ဒသမ ၅၈ သန်း ပေးသွင်းခဲ့ပြီး ဖြစ်ပါတယ်။

အဆိုနဲ့ပတ်သက်ရင် ပြည်သူ့လွှတ်တော်ထဲမှာ အများစု နေရာယူထားတဲ့ အင်န်အယ်လ်ဒီ အမတ်တွေက ထောက်ခံတာ၊ ကျန်းမာရေး ဝန်ကြီးကိုယ်တိုင်ကလည်း ဒီ မြေငှားတဲ့ကိစ္စ ပြန်ရုပ်သိမ်းသင့်တယ်ဆိုတဲ့ အဆိုဘက်က ရပ်တည်တာ စတာတွေကြောင့် အဆိုကို ကန့်ကွက်သူ မရှိ အတည်ပြုနိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီ အဆိုအတိုင်း အင်န်အယ်လ်ဒီ အစိုးရက ဆက် အကောင်အထည် ဖော်ရပါတော့မယ်။

ဒါဟာ အရင် အစိုးရက လုပ်ထားခဲ့တဲ့ အခိုင်အမာ သဘောတူ စာချုပ်တစ်ခုကို လက်ရှိ အစိုးရ ပယ်ဖျက်တဲ့ ပထမဦးဆုံး လုပ်ရပ် ဖြစ်လာပါလိမ့်မယ်။ အင်န်အယ်လ်ဒီ အစိုးရ အနေနဲ့ အရင် သမ္မတ ဦးသိန်းစိန် အစိုးရက သဘောတူ ခွင့်ပြုသွားတဲ့ စီးပွားရေး ဆိုင်ရာ သဘောတူညီချက်တွေကို ပြန် သုံးသပ် ပယ်ဖျက်တာမျိုး အခု တစ်ကြိမ်ပဲ လုပ်မှာလား၊ နောက်ထပ် ဘာတွေ ဆက်လုပ်လာဖို့ ရှိသလဲ မပြောနိုင်သေးပါဘူး။ လက်ရှိ လွှတ်တော်နဲ့ အစိုးရက လုပ်ကိုင်ဆောင်ရွက်မယ့် ဒီ မြေငှားသဘောတူညီချက် ပြန်ပယ်ဖျက်တာဟာ ကြောင်းကျိုးဆီလျော် ပြည်သူတွေအတွက် အကျိုးရှိမှာ ဖြစ်ပေမဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်သူတွေဘက်မှာတော့ စိုးရိမ်မှုတွေ ဖြစ်ပေါ်စေမှာ ဖြစ်ပါတယ်။

အခုလို ဖြစ်ရပ်မျိုး များလာခဲ့ရင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု လုပ်သူတွေကနေ မြန်မာနိုင်ငံအပေါ် မြင်တဲ့ ပုံရိပ် ကျဆင်းနိုင်မှာဖြစ်လို့၊ အင်န်အယ်လ်ဒီ အစိုးရအနေနဲ့ အရင်အစိုးရ လုပ်သွားတဲ့ နိုင်ငံတကာ သဘောတူညီချက်ဆိုင်ရာ ကိစ္စတွေကို သတိကြီးကြီးထားပြီး ကိုင်တွယ်သင့်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.