ကျော်ရဲလင်း
လှိုင်သာယာမြို့နယ်ရှိ ရန်ကုန်မြို့၏ အကြီးဆုံးအမှိုက်ပုံ၌ မီးလောင်ကျွမ်းနေသည်မှာ လေးရက်ရှိနေပြီဖြစ်ပြီး မီးလောင်မှုမှ ထွက်ရှိသည့် ထူထပ်သော မီးခိုးများက ရန်ကုန်မြို့၏ မြို့နယ်အချို့အား လွှမ်းခြုံထားသည်။
ထိန်ပင်သုဿန်အနီးရှိ အဆိုပါ အမှိုက်ပုံသည် ရန်ကုန်မြို့မှ ထွက်ရှိသည့် အမှိုက်များအား နှစ်ပေါင်းများစွာ စုပုံခဲ့သည့်နေရာဖြစ်သည်။ မီးမှာ ဧပြီ ၂၁ ရက်နေ့ ညနေပိုင်းက စတင်ကာ လောင်ကျွမ်းခဲ့သည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။
“မီးက ဘယ်လိုစတင်လောင်ကျွမ်းတယ်ဆိုတာကိုတော့ ကျွန်တော်တို့ မသိသေးဘူး။ လောလောဆယ်တော့ အမြန်ဆုံး ငြှိမ်းသတ်နိုင်ဖို့ပဲ အာရုံစိုက်ထားတယ်” ဟု ကော်မတီ၏ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ဒုတိယဌာနမှူး ဒေါက်တာအောင်မြင့်မော်က ပြောကြားသည်။
“မီးဆက်မပြန့်သွားအောင်တနင်္လာနေ့ ညနေမှာ မီးသတ်သမားတွေက လုပ်နိုင်ခဲ့တယ်။ မီးအသစ် ထပ်လောင်တာတော့ မရှိတော့ဘူး”ဟု ယနေ့နံနက်ပိုင်းက ကော်မတီ၏ ကွပ်ကဲရေးရုံးရှေ့တွင် သတင်းထောက်များအား ၎င်းက ပြောကြားသည်။
“အကုန်ငြိမ်းဖို့ကတော့ သိပ်မလွယ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အတွင်းက လှိုက်လှောင်နေလို့ပါ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
မီးမှာ ရက်အနည်းငယ်အထိ ဆက်လက်လောင်ကျွမ်းနေလိမ့်မည်ဟုလည်း ၎င်းက ပြောကြားသည်။ အဆိုပါမီးမှာ ဧပြီ ၂၇ ရက်နေ့အထိ ဆက်လက်လောင်ကျွမ်းနေဖွယ်ရှိသည်ဟုလည်း ၎င်းက နိုင်ငံပိုင် ကြေးမုံသတင်းစာကို ပြောကြားထားသည်။
2016_1119_18134100.jpg
title=
မီးသတ်တပ်ဖွဲ့ကလည်း မီးသတ်ယာဉ် ၂၀ စီးနှင့် ရေတင်ကား ၁၂ စီးကို အသုံးပြုကာ မီးငြှိမ်းသတ်ရန် ကြိုးပမ်းနေသည်ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“တကယ် မလွယ်တာဗျ။ အရှေ့ကို တက်ပက်တုန်း အနောက်ကနေ အငွေတွေ၊ မီးညွန့်လေးတွေ ပြန်ထွက်လာတာမျိုး။ အဲ့ဒီတော့ ကျွန်တော်တို့က တနေရာကို ရေရွှဲနေအောင် ဖြန်းပြီးမှ တခြားနေရာ ဆက်တက်ရတာ” ဟု လှိုင်သာမြို့နယ် မီးသတ်ဌာနဦးစီးမှူးဖြစ်သူ ဦးမြင့်ဦးက Frontier ကို ပြောသည်။
“တော်တော်နဲ့ ငြိမ်းမယ့်ပုံ မပေါ်ဘူးဗျ။ မိုးရွာချလိုက်ရင်တော့ အကောင်းဆုံးပေါ့ဗျာ။ ဒါတောင် ခဏလေးရွာတဲ့ မိုးနဲ့ဆို ရမှာ မဟုတ်သေးဘူး။ နေ့တဝက်လောက် ခပ်ပြင်းပြင်းလေး ရွာချလိုက်မှ မီးတကယ်ငြိမ်းမယ့် အနေအထားဗျ” ဟု ၎င်းက ပြောသည်။
“အခု ကျနော်တို့ လုပ်နေတာကတော့ မီးထပ်မကူးအောင်ရယ်။ လောင်တဲ့နေရာတွေကို တခုချင်း၊ တနေရာချင်း ရေရွှဲနေအောင် ဖြန်းတာရယ်ပဲ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
မီးလောင်မှုကြောင့် အမှိုက်ပုံတစ်ခုလုံးမှ မီးခိုးများ ထူထပ်စွာ ထွက်ပေါ်နေပြီး လှိုင်သာယာသာမက အင်းစိန်၊ လှိုင်၊ တောင်ဥက္ကလာနှင့် ရွှေပြည်သာမြို့နယ်များတွင် နေထိုင်သူများကိုပါ ထိခိုက်မှုများ ဖြစ်ပေါ်နေသည်။
2016_1119_18324600.jpg
title=
လှိုင်သာယာမြို့နယ်ရှိ အချို့သော ရပ်ကွက်များတွင် ယာယီဆေးခန်းများကို အာဏာပိုင်များက ဖွင့်လှစ်ထားပြီး ကျန်းမာရေးစောင့်ရှောက်မှုများ ပေးအပ်လျှက်ရှိသည်။
၂၀ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ဧပြီ ၂၂ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့သော ယာယီဆေးခန်းမှ သူနာပြုတစ်ဦးက အသက်ရှုလမ်းကြောင်းပြဿနာနှင့် ခေါင်းကိုက်ဝေဒနာခံစားနေရသူများကို အခမဲ့ ဆေးဝါး ကုသမှု ပေးနေသည်ဟု ပြောကြားသည်။
“ညကတော့ လူအယောက် ၄၀ လောက်ကို ဆေးရုံကို ပို့လိုက်ပါတယ်။ ဒါပေမယ့် ဒီနေ့တော့ လူနာနှစ်ယောက်ပဲ ရောက်လာသေးတယ်” ဟု ၎င်းက Frontier ကို ယနေ့နံနက်ပိုင်းက ပြောကြားသည်။
2016_1119_20352100.jpg
title=