အမှတ်(၃)လမ်းမကြီး၌ လမ်းမီးတိုင်များ စိုက်ထူရန် ဘတ်ဂျက်တွင် မပါဝင်

ရန်ကုန်၊ ဧပြီ ၂၈

တစ်နေ့လျှင် ယာဉ်တိုက်မှုအနည်းဆုံး ငါးကြိမ်ခန့် ဖြစ်ပေါ်နေသည်ဆိုသည့် အမှတ် (၃) လမ်းမကြီးပေါ်တွင် လမ်းမီးတိုင်များ တပ်ဆင်ပေးရန်မှာ ဘတ်ဂျက်လျာထားချက်တွင် မပါဝင်သေးဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ ပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။

“လမ်းမီးထွန်းညှိရေးအတွက် ခန့်မှန်းကုန်ကျစရိတ် ကျပ်သန်းပေါင်း ၅၉၈ သန်းခန့် ကုန်ကျမည်ဖြစ်ပြီး ၂၀၁၇-၁၈ ဘဏ္ဍာနှစ် ဘတ်ဂျတ်လျာထားခြင်းတွင် မပါဝင်တဲ့အတွက် ဘတ်ဂျတ်ရရှိမှုအပေါ် မူတည်ပြီးမှသာ ဆက်လက် ဆောင်ရွက်နိုင်မည်”ဟု ၎င်းက ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ဧပြီ ၂၇ ရက်နေ့က ပြောကြားသည်။

မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၃)လမ်းမကြီးတွင် လမ်းမီးတိုင်များ စိုက်ထူပေးရန် အစီအစဉ်ရှိ၊ မရှိဟူသည့်အဆိုကို မင်္ဂလာဒုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာမိုးက လွှတ်တော်တွေင် မေးမြန်းခဲ့သဖြင့် ၎င်းက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ညဘက် လမ်းမီးတိုင်မရှိတဲ့အတွက် ဒီလမ်းမကြီးပေါ်မှာ ယာဉ်မတော်မဆမှုတွေဟာ တစ်နေ့ကို ငါးကြိမ် အနည်းဆုံးဖြစ်ပေါ်နေပါတယ်။ အများဆုံးက ၇၀ ရာခိုင်နှုန်းအထိ သေဆုံးမှုဖြစ်နေတာ ကျွန်မတို့ တွေ့ခဲ့ရပါတယ်”ဟု အဆိုတင်သွင်းသူ ဒေါ်သန္တာမိုးက တင်ပြခဲ့သည်။

လမ်းမကြီးပေါ်တွင် သွားလာနေကြသည့် မော်တော်ယာဉ်များ၊ စက်ဘီးများ၊ ဆိုက်ကားများနှင့် လမ်းသွားလမ်းလာများသည် ညဘက် မီးရောင်မရှိသည့်အတွက် ယာဉ်အန္တရာယ်ကိုသာမက တခြားသော မှောင်ရိပ်ခိုမှု၊ ဒုစရိုက်မှုများကို ရင်ဆိုင်ကြုံတွေ့နေရကြောင်း၊ ညအချိန်များတွင် ယာဉ်မတော်တဆမှု ဖြစ်ပွားလျှင်လည်း လမ်းမီးတိုင်မရှိပဲ မှောင်မည်းနေသဖြင့် အရန်မီးသတ်တပ်ဖွဲ့များ၊ နာရေးကူညီမှုအသင်းများ၏ ဖုန်းမီး၊ ဆိုင်ကယ်မီး၊ ကားမီးများဖြင့် ထိုးလျက် ဖြေရှင်းနေရကြောင်း ၎င်းက တင်ပြခဲ့သည်။

မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၃)လမ်းမကြီးသည် အောင်မင်္ဂလာအဝေးပြေးဝင်းမှ မြန်မာနိုင်ငံ အနှံ့အပြားသို့ ခရီးသည်များ သယ်ယူပို့ဆောင်ရေးအတွက် သွားလာနေသည့် ခရီးသည်တင် အဝေးပြေးကားများ အများဆုံးအသုံးပြုနေသည့် လမ်းဖြစ်ပြီး ကုန်တင်ယာဉ်များကို ညနေ ၅ နာရီမှ နံနက် ၆ နာရီအထိ ဖြတ်သန်းသွားလာခွင့်ပြုထားသည့် လမ်းမဖြစ်သည်။

သတင်း-ထူးထက်နိုင်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar