မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် အမျိုးသမီးအရာရှိများ လိုအပ်ချက်ကြောင့် လိင်ပိုင်းဆိုင်ရာ မှုခင်းများနှင့် လူကုန်ကူးမှုများကို စုံစမ်းထောက်လှမ်းသည့်စွမ်းရည်ကို ကျဆင်းစေခဲ့သည်။ သို့သော်လည်း တပ်ဖွဲ့ဝင်စုဆောင်းရေးမှာလည်း တစိတ်တပိုင်းအားဖြင့် အမျိုးသားများကို ဦးစားပေးသော စည်းမျဉ်းစည်းကမ်းများနှင့် ရဲစခန်းအချို့တွင် အဝတ်အစားလဲခန်း မရှိခြင်းစသည်တို့ကြောင့် စိန်ခေါ်မှုတစ်ခု ဖြစ်နေပေသည်။
ကတ်ထရင် ရှရဂင်ဘာဂါ ရေးသားသည်။
၂၀၃၀ ပြည့်နှစ်တွင် တပ်ဖွဲ့အရာရှိများထဲ၌ အမျိုးသမီးပါဝင်မှုကို ၂၅ ရာခိုင်နှုန်းအထိ ရောက်ရှိအောင် ဆောင်ရွက်ရန် ၂၀၁၄ ခုှနှစ်က ချမှတ်ခဲ့သော အစိုးရ၏ရည်မှန်းချက်ကို ပြည့်မီရေးအတွက် ဖြည်းဖြည်းချင်း တိုးတက်ဆောင်ရွက်သောအားဖြင့် ပြည်သူ့ရဲတပ်ဖွဲ့သည် အမျိုးသမီးများကို ပိုမိုစုဆောင်းလျက်ရှိသည်။
စစ်တပ်က ထိန်းချုပ်ထားသော ပြည်ထဲရေးဝန်ကြီးဌာန၏ အစိတ်အပိုင်းတစ်ခုဖြစ်သော ပြည်သူ့ရဲတပ်ဖွဲ့တွင် တပ်ဖွဲ့ဝင်အင်အား ၉၀,၀၀၀ အနက် ၇,၀၀၀၊ သို့မဟုတ် ရှစ်ရာခိုင်နှုန်းမှာ အမျိုးသမီးများဖြစ်ကြောင်း မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး UNODC ၏ အဆိုအရ သိရသည်။
ယင်းမှာ ၂၀၁၄ ခုနှစ်က လေးရာခိုင်နှုန်းခန့် ရှိခဲ့ရာမှ တိုးတက်လာခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွင် ကျားမတန်းတူညီမျှရေးနှင့် အခြားပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ရန် ဝန်ကြီးဌာနကို အကြံပြုခဲ့သည့်နှစ်ကို ရည်ညွှန်း၍ UNODC က ပြောသည်။
အမျိုးသမီးဒုက္ခသည်များက သူတို့ကြုံတွေ့ရသောဒုက္ခများကို အမျိုးသားအရာရှိများအား ပြောပြရာတွင် ယဉ်ကျေးမှုအရ တွန့်ဆုတ်နေတတ်သဖြင့် မုဒိန်းမှုနှင့် လူကုန်ကူးမှုကဲ့သိ့ုသော ပြစ်မှုများကို စုံစမ်းထောက်လှမ်းရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၌ အမျိုးသမီးအင်အား နည်းပါးနေခြင်းက မကြာခဏ အဟန့်အတားဖြစ်စေသည်။
သို့ရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၌ အမျိုးသမီးများ၏ အချိုးအစား ဆက်လက်ကြီးထွားလာသည့်တိုင် သူတို့၏ အခန်းကဏ္ဍဆိုင်ရာ သဘောထားကို ပြောင်းလဲရန်လည်းလိုကြောင်း ကျွမ်းကျင်သူတို့က ပြောသည်။
“အမျိုးသမီးအရာရှိတွေက စီမံခန့်ခွဲရေးလုပ်ငန်းတွေနဲ့ မကြာခဏ ပိနေပါတယ်။ ရှေ့တန်းမှာ တာဝန်ယူရတဲ့ အရာရှိက အလွန်နည်းပါတယ်” ဟု UNODC ၏ မြန်မာနိုင်ငံဆိုင်ရာ မန်နေဂျာ မစ္စတာ ထရိုအဲစ် ဗက်စတာ Mr Troels Vester က ပြောသည်။
ယင်းအခြေအနေကြောင့် အမျိုးသမီးအရာရှိများမှာ ရာထူးတိုးမြှင်ခံရမည့် အခွင့်အလမ်းများ ကန့်သတ်ပိတ်ပင်ခံရပြီး အများစုမှာ အဆင့်နိမ့်ရာထူးများတွင်သာ ဆက်လက်မြဲနေတတ်ကြသည်။
အမျိုးသမီးအရာရှိများကို မည်သည့်အခါမှ ညတာဝန် မပေးသလောက်ဖြစ်သော်လည်း ဤသို့မပေးသည်မှာလည်း ကျားမကွဲပြားမှုကို အကြောင်းပြု၍ ဖြစ်တတ်သော အကြမ်းဖက်မှုနှင့် လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှုများ ဖြစ်တတ်သောအခါမျိုးတွင်သာဖြစ်ကြောင်း မစ္စတာ ဗက်စတာက ပြောသည်။
အမျိုးသမီးများ သားကောင်ဖြစ်ရသောအမှုမျိုးတွင် စုံစမ်းထောက်လှမ်းလိုသောဆန္ဒ သူတို့တွင် မကြာခဏ ရှိတတ်သော်လည်း ယင်းအခွင့်အရေးမျိုးကို အမျိုးသမီးအရာရှိများရရန် ခဲယဉ်းကြောင်း သူက ပြောသည်။ လုပ်ငန်းတွင် ကျားမကွဲပြားမှုကို အခြေခံသော ကန့်သတ်ချက်များက အမျိုးသမီးငယ်များအား မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ ဝင်ရောက်လိုစိတ်ကို အဟန့်အတား ဖြစ်စေသည့်အပြင် တပ်ဖွဲ့အတွင်း ရောက်ရှိနေသူများ၏ စိတ်အားထက်သန်မှုကို ထိခိုက်စေသည်။
“မြန်မာနိုင်ငံမှာ အရိုးစွဲနေတဲ့ အယူအဆက ယောကျ်ားတွေက ပိုတော်တယ်။ ဒါကြောင့် နေရာတကာမှာ သူတို့က ဦးဆောင်သင့်တယ်ဆိုတဲ့ အယူအဆပါပဲ” ဟု လုပ်သက် ၃၄ နှစ်ကြာပြီးနောက် မကြာသေးမီက ရဲမှူးကြီးအဖြစ်မှ အငြိမ်းစားယူခဲ့သော အသက် ၆၀ နှစ်ရှိ ဒေါ်ဥမ္မာရင်မီက ပြောသည်။
“အမျိုးသမီးတွေကို နောက်တန်းမှာ နေခိုင်းတဲ့အတွက် အမျိုးသားတွေနဲ့ပိုပြီး သင့်တော်တယ်လို့ ယူဆထားတဲ့ ရှေ့တန်းတာဝန်တွေ ထမ်းဆောင်ရဖို့ ခဲယဉ်းသွားပါတယ်” ဟု ၎င်းက ဖရန့်တီယာကို ပြောသည်။
ရန်ကုန်မြို့လယ်ရှိ ကျောက်တံတားရဲစခန်းမှ ရဲအရာရှိများကို တွေ့ရစဉ်။ ဓာတ်ပုံ – စတိဗ်တစ်ခ်နာ
ရဲမှူးကြီး ဥမ္မာရင်မီသည် ၁၉၈၆ ခုနှစ်မှ ၂၀၀၄ ခုနှစ်အထိ ရှမ်းပြည်နယ် မူးယစ်ဆေးဝါး စုံစမ်းစစ်ဆေးရေး အထူးတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့နှစ်တွင် သူသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ လူကုန်ကူးမှု တိုက်ဖျက်ရေးယူနစ်သို့ ပြောင်းရွှေ့ကာ၂၀၁၅ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် ရဲမှူးကြီး Police Colonel အဖြစ် ရာထူးတိုးမြှင့်ခံရသောအခါ မြန်မာနိုင်ငံ၏ ပထမဆုံး အမျိုးသမီး အဆင့်မြင့်ရဲအရာရှိ ဖြစ်လာပြီး နယ်စပ်ဖြတ်ကျော် မှုခင်းဌာနတွင် ဇန်နဝါရီက အနားယူချိန်ထိ တာဝန်ထမ်းဆောင်ခဲ့သည်။
ယခုကဲ့သို့ ရာထူးအဆင့်ဆင့် မြင့်တက်ခဲ့ခြင်းမှာ အမျိုးသမီးအရာရှိများသည် တာဝန်အတူတူ ထမ်းဆောင်နေသည့် အမျိုးသားအရာရှိများကဲ့သို့ ထိထိရောက်ရောက် တာဝန်မထမ်းဆောင်နိုင်ဟု ယုံကြည်နေသူများကို မှားယွင်းကြောင်း သက်သေပြလိုစိတ် ပြင်းပြမှုက တစိတ်တပိုင်းအားဖြင့် ပါဝင်သည်။
“ရာထူးတိုးပေးတာခံရဖို့အတွက် မူးယစ်ဆေးဝါး ရောင်းဝယ်တဲ့သူတွေကို ကျွန်မထောင်ထဲထည့်ချင်ပါတယ်။ ဒါကြောင့် ကျွန်မ အပြင်းအထန် ကြိုးစားခဲ့ပါတယ်။ အမျိုးသမီးတစ်ယောက်က ဖမ်းတာကို ခံရတယ်ဆိုတော့ သူတို့ တုန်လှုပ်သွားတယ်” ဟု မူးယစ်ဆေးဝါး ရောင်းဝယ်သူအချို့ကို ဖမ်းဆီးခဲ့ချိန်ကအကြောင်းကို ပြန်တွေးရင်း ပြုံးပြုံးကြီးဖြစ်ကာ ပြန်ပြောပြသည်။
“ဒီအဖြစ်မျိုးနဲ့ ကြုံတွေ့ရလိမ့်မယ်လို့ သူတို့ဘယ်တုန်းကမှ တွေးထားမှာ မဟုတ်ပါဘူး” ဟု သူက ဆိုသည်။
၎င်း၏နေရာကို ရဲတပ်ဖွဲ့မှ အမျိုးသမီးအရာရှိများအနက် ရာထူးအမြင့်ဆုံးဖြစ်လာသော ရဲမှူးကြီးအဆင့်ရှိ အခြားအမျိုးသမီး တစ်ဦးနှင့် အစားထိုးခဲ့ကြောင်း ရဲမှူးကြီး ဥမ္မာရင်မီက ပြောသည်။
ရဲတပ်ဖွဲ့တွင် အမျိုးသမီးများအတွက် အခွင့်အလမ်းများ တိုးပွားလာကြောင်း ၎င်းက ပြောသည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် အမျိုးသမီးဒုတိယရဲမှူးကြီး ၂၀ ဦးရှိပြီး မြေပြင်ကွင်းဆင်းလုပ်ငန်းများနှင့် ညဆိုင်း ဆင်းရသော အမျိုးသမီးဦးရေ ပိုမိုများပြားလာသည်ဟု ဆိုသည်။
“ခုချိန်မှာတော့ အမျိုးသမီးတွေအတွက် အခွင့်အလမ်းတွေ အများကြီးရှိလာပါပြီ။ ဒါပေမဲ့ ရဲတပ်ဖွဲ့မှာ ဒီထက်ပိုပေးဖို့ လိုပါသေးတယ်” ဟု ရဲမှူးကြီး ဥမ္မာရင်မီက ပြောသည်။
ရဲတပ်ဖွဲ့တွင် အမျိုးသမီးအရေအတွက် တိုးပေးရုံသာမက လိုအပ်သော လေ့ကျင့်မှုများပေး၍ သူတို့၏ အစွမ်းအစကို မြှင့်ပေးရန်ပါလိုကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွင် သင်တန်းဆရာအဖြစ် ဆောင်ရွက်နေသူ ရဲအုပ်တစ်ဦးက ပြောသည်။
“ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ အမျိုးသမီးက အမျိုးသားထက် အားနည်းတယ်လို့ ယုံကြည်ကြတယ်။ ဒီအယူအဆကြောင့် သူတို့တွေရဲ့ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကျဆင်းတယ်လို့ ကျွန်တော် ထင်ပါတယ်” ဟု အမည်မဖော်လိုသူ အရာရှိက ဖရန်တီယာကို ပြောသည်။
ထိုသို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကင်းမဲ့သဖြင့် အချို့အလုပ်များကို အမျိုးသမီးများနှင့်တွဲ၍ လုပ်ရသောအခါ အခက်အခဲ တွေ့ရတတ်ကြောင်း သူက ပြောသည်။
“အမျိုးသမီးတွေက သတ္တိမရှိတဲ့အတွက် တရားခံကို ဖမ်းမပေးနိုင်ပါဘူး” ဟု သူက ပြောသည်။ ညအချိန်တွင် အမျိုးသမီးများ လမ်းပေါ်တွင် မရှိသင့်သည့်အတွက် ညကင်းလှည့်တာဝန်မှာလည်း အမျိုးသမီးများနှင့် မသင့်တော်ကြောင်း သူက ဆိုသည်။
သို့ရာတွင် သူတို့သည် ရုံးလုပ်ငန်း၊ ထောက်လှမ်းရေးနှင့် လူစုလူဝေးကို ကိုင်တွယ်ဖြေရှင်းရန် အသုံးဝင်ကြောင်း သူက ပြောသည်။
“အဓိကရုဏ်းမှာ ပါဝင်တဲ့ အမျိုးသားတွေက အမျိုးသမီးရဲတွေကို မတိုက်ခိုက်ပါဘူး” ဟု သူက ရှင်းပြသည်။ ၂၀၁၃ ခု အရှေ့တောင်အာရှ ကျွန်းဆွယ်အားကစားပွဲ ကျင်းပစဉ်က ဘောလုံးပွဲများကို ရန်ကုန်တွင် ကျင်းပချိန်များ၌ ဘောပွဲလာသူများကို စစ်ဆေးရန် အာဏာပိုင်တို့က အမျိုးသမီးအရာရှိတို့အား တာဝန်ချထားပေးခဲ့သည်။ဘောလုံးဝါသနာအိုးများသည် အမျိုးသားများထက် အမျိုးသမီးများနှင့် ပိုမိုပူးပေါင်းဆောင်ရွက်တတ်သောကြောင့် ဖြစ်သည်။
ရဲတပ်ဖွဲ့တွင် အမျိုးသမီးများ ပိုမိုလိုအပ်နေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၌ အနှစ် ၂၀ နီးပါး တာဝန်ထမ်းခဲ့သူ မန္တလေးမှ အမည်မဖော်လိုသူ အမျိုးသမီးအရာရှိတစ်ဦးက ပြောသည်။
“အမျိုးသားတွေက အများကြီးရှိနေပါပြီ” ဟု သူက ပြောသည်။
သို့ရာတွင် ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ အစိတ်အပိုင်းအချို့၌ အမျိုးသမီးဦးရေက ပိုများသည်။ ၎င်း၏အဆောင်တွင် ထောင်ဝါဒါအားလုံးမှာ အမျိုးသမီးများသာဖြစ်ကြောင်း ၁၉၉၃ နှင့် ၁၉၉၉ ခုနှစ်အတွင်း အင်းစိန်၌ ထောင်နန်းစံခဲ့ရသူ စာရေးဆရာနှင့် နိုင်ငံရေးအကျဉ်းသားဟောင်း မသီတာ(စမ်းချောင်း)က ပြောသည်။
“အဲဒီအချိန်က အမျိုးသမီးရဲအများစုက သက်လတ်ပိုင်းတွေများပြီး တချို့ဆိုရင် အဲဒီအရွယ်ထက်တောင် ပိုပြီးကြီးသေးတယ်” ဟု ၎င်းက ဖရန်တီယာကို ပြောသည်။ သူလွတ်ခါနီးချိန်တွင် အမျိုးသမီး ထောင်ဝါဒါငယ်များ ပိုမိုများပြားလာသည်ကို တွေ့ခဲ့ရသည်ဟု ဆိုသည်။
လူသစ်များ စုဆောင်းရာတွင် ခွဲခြားဆက်ဆံမှု မရှိသော်လည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က “လူမှုစည်းမျဉ်းများ” ဟု ရည်ညွှန်းသောကိစ္စများ၊ အထူးသဖြင့် အမျိုးသမီးအရာရှိများ လက်ထပ်မှုကို ကန့်သတ်သောကြောင့် ကျားမဘက်လိုက်မှုကို ထင်ရှားစွာတွေ့ရကြောင်း မစ္စတာ ထရိုအဲစ် ဗက်စတာက ပြောသည်။
“လူသစ်ခေါ်တဲ့ စည်းမျဉ်းတွေအတိုင်းဆိုရင်တော့ ခွဲခြားဆက်ဆံမှု မရှိပါဘူး။ ဒါပေမဲ့ လူမှုစည်းမျဉ်တွေကို ကျင့်သုံးတဲ့အခါကျရင်တော့ ပြဿနာတွေ စလာပါပြီ” ဟု မစ္စတာ ဗက်စတာက ပြောသည်။ ယင်းကိစ္စများက တပ်ဖွဲ့ထဲသ့ို အမျိုးသမီးများ ထပ်ဝင်မလာအောင် ဟန့်တားထားသကဲ့သို့ဖြစ်နိုင်ကြောင်း သူက ထပ်လောင်း ပြောကြားသည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သိ့ု ဝင်ရောက်ပြီး ပထမငါးနှစ်အတွင်း အိမ်ထောင်မပြုရန် မကြာသေးမီနှစ်များအထိ အမျိုးသမီး အရာရှိများအား တားမြစ်ထားသည်။ အမျိုးသားများအတွက် ကန့်သတ်ချက်မှာ စတင်တာဝန်ထမ်းဆောင်ပြီး ပထမ တစ်နှစ်အတွင်း ဖြစ်သည်။ ၂၀၁၂ ခုနှစ်တွင် ကန့်သတ်ချက်များကို လျှော့ချကာ အမျိုးသမီးများကို စတင်တာဝန်ထမ်းဆောင်ပြီး နှစ်နှစ်ကြာပြီးနောက် လက်ထပ်ခွင့်ပြုခဲ့ကြောင်း ရဲမှူးကြီး ဥမ္မာရင်မီက ပြောသည်။ အမျိုးသားများအတွက် စောင့်ဆိုင်းရမည့်အချိန်ကို လုံးဝဖျက်သိမ်းပေးခဲ့သည်ဟု ဆိုသည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အတွင်း လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုမှာ အခြားနိုင်ငံများနှင့်နှိုင်းယှဉ်လျှင် အနည်းငယ်သာရှိသည်ဟု မစ္စတာ ဗက်စတာက ပြောသော်လည်း ရဲမှူးကြီး ဥမ္မာရင်မီကမူ ပိုမိုများပြားလာနေသည်ဟု မိမိယုံကြည်ကြောင်း ဆိုသည်။
“ရဲတပ်ဖွဲ့ထဲမှာ အမျိုးသမီးတွေ ပိုမိုရောက်ရှိလာတဲ့အတွက် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုတွေက လွန်ခဲ့တဲ့အနှစ် ၂၀ ကနဲ့နှိုင်းယှဉ်ရင် ပိုများလာပါတယ်” ဟု သူက ဆိုသည်။ အမျိုးသားများနှင့်တွဲ၍ အလုပ်အတူ လုပ်ခဲ့သည့် ကာလအတွင်း ပြဿနာတစ်ခါမှ မကြုံဖူးခဲ့ကြောင်း ၎င်းက ပြောသည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အတွင်း အမျိုးသမီးများအတွက် လုပ်ငန်းခွင်အခြေအနေ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ပေးမည်ဆိုပါက လုပ်ငန်းအဆင်ပြေစေရေးအတွက်ပေးသော အထောက်အကူများကို ပြောင်းလဲရန်လိုကြောင်း မစ္စတာ ဗက်စတာကပြောသည်။
“အဝတ်အစားလဲခန်းတွေ သီးသန့်ထားပေးရပါမယ်” ဟု သူက ပြောသည်။ တာဝန်ထမ်းဆောင်စဉ် သူတို့ဝတ်ရသော စကတ်များမှာ အလွန်တင်းကျပ်လွန်းပြီး လှုပ်ရှားသွားလာမှုကို ချုပ်ထားသကဲ့သို့ ဖြစ်နေ၍ ပြန်လည်သုံးသပ်ရန်လိုကြောင်းလည်း သူက ထပ်လောင်းပြောကြားသည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွင် အမျိုးသမီးသင်တန်းဆရာများ မရှိသဖြင့် တပ်ဖွဲ့၏ သင်တန်းအဖွဲ့အစည်းများနှင့် လုပ်ထုံးလုပ်နည်းများကို ပြောင်းလဲမည်ဆိုပါက အမျိုးသမီးများ ပိုမိုဝင်လာအောင် ဆွဲဆောင်ရာတွင် အထောက်အကူ ဖြစ်နိုင်ကြောင်း မစ္စတာ ဗက်စတာက ပြောသည်။
ကျားမကွဲပြားမှုအခြေခံ အကြမ်းဖက်မှုကို တုံ့ပြန်သောအားဖြင့် UNODC သည် ယမန်နှစ်က ရဲသင်တန်းများပေး၍ အရာရှိ ၁၀၀ ကို မွေးထုတ်ပေးခဲ့ပြီးဖြစ်သည်။
ယခုနှစ်တွင် ဆက်ဖွင့်မည့်သင်တန်းကို ၂၀၁၆ ခုနှစ်က စတင်ဆောင်ရွက်ခဲ့သော အမျိုးသမီးများနှင့် အမျိုးသမီးငယ်များ ပထမ Women and Girls First သုံးနှစ်အစီအစဉ်၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့ United Nations Population Fund နှင့် ပူးပေါင်း၍ ဆောင်ရွက်ပေးမည်ဖြစ်သည်။ အမေရိကန် ဒေါ်လာ ၁၄ ဒသမ ၅ သန်း (ကျပ် ၁၉ ဒသမ ၄ ဘီလျံ) ဖက်စပ်အစီအစဉ်အတွက် UNFPA နှင့် သြစတြေးလျ၊ ဗြိတိန်၊ ကနေဒါ၊ ဖင်လန်၊ အီတလီနှင့် ဆွီဒင်အစိုးရများက ငွေကြေးထောက်ပံ့ံသည်။
အမျိုးသမီးများ ပိုမိုစုဆောင်းနိုင်ရေးအတွက် အထောက်အကူဖြစ်စေမည့် သင်တန်းနှင့် အလုပ်ခွင် အထောက်အကူပြု လုပ်ငန်းများကို တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရာတွင် နောက်ဆုံးလိုအပ်ချက်မှာ ငွေကြေးကိစ္စပင်ဖြစ်မည်ဟု မစ္စတာ ဗက်စတာက ဆိုသည်။
သို့ရာတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ အရာရှိများထဲတွင် အမျိုးသမီးဦးရေ ၂၅ ရာခိုင်နှုန်း ပါဝင်လာရေးမှာ ငွေကြေးကိစ္စ ပြည့်စုံရုံဖြင့် ဖြစ်မလာနိုင်ပေ။
“ကျောင်းတွေ၊ အားကစားကလပ်တွေကို သွားရပါမယ်။ တကယ့် အမျိုးသမီးရဲအရာရှိဆိုတာ ဘယ်လိုရှိရမယ် ဆိုတဲ့ သတင်းအချက်အလက်တွေ ပိုမိုပေးသင့်ပါတယ်” ဟု သူက ပြောသည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၌ အမျိုးသမီးများ ပိုမိုခန့်ထားခြင်းအားဖြင့် တပ်ဖွဲ့အပေါ် အများပြည်သူ၏ ယုံကြည်မှု ပိုမိုမြင့်မားလာနိုင်ပြီး ကျားမအခြေခံမှုခင်းများ ရေးသားတင်ပြရာတွင် တိုးတက်မှုရှိလာနိုင်ကြောင်း စောဒကတက်လျက်ရှိသည်။ ယင်းသို့ဖြင့် ကျားမခွဲခြားမှုကို အစိုးရက ထိန်းချုပ်ရာတွင်လည်း စစ်မှန်သော အကျိုးစီးပွားကို ဆောင်ကြဉ်းပေးနိုင်မည်ဖြစ်သည်။
ယခုဆောင်ပါးအတွက် ဝေဖန်ချက်များရရှိရန် ပြည်ထဲရေးဝန်ကြီးဌာနမှ အရာရှိများအား ဆက်သွယ်ရာတွင် မအောင်မြင်ခဲ့ပေ။
‘အမျိုးသမီးများသည် အချင်းချင်း စောင့်ကြည့်ရမည်’
အမျိုးသားများ လွှမ်းမိုးလျက်ရှိသော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၌ အမျိုးသမီးများ မည်ကဲ့သို့ စွမ်းဆောင်နိုင်သည်ကို စံနှုန်းသစ်များ ထားရစ်ကာ ၃၄ နှစ်ကြာ အမှုထမ်းခဲ့ပြီးနောက် ရဲမှူးကြီး ဥမ္မာရင်မီသည် ဇန်နဝါရီလဆန်းတွင် အနားယူခဲ့သည်။
အသက် ၂၆ နှစ်အရွယ် ၁၉၈၄ ခု သူအလုပ်စတင်ဝင်ရောက်စဉ်ကနှင့် နှိုင်းယှဉ်ပါက ရာထူးအဆင့်ဆင့်တွင် အမျိုးသမီးများ ရာထူးတက်ရန် အခွင့်အလမ်းများ ပိုမိုများလာသည့်အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရှိ အမျိုးသမီးများအနက် ရာထူးအမြင့်ဆုံးအဖြစ် တာဝန်ထမ်းဆောင်သူတစ်ဦးက ဝမ်းသာလျက်ရှိသည်။
၂၀၁၄ ခုနှစ်တွင် ရဲမှူးကြီး ဥမ္မာရင်မီအား မူးယစ်ဆေးဝါး နှိမ်နင်းရေးအဖွဲ့မှ လူကုန်ကူးမှု ဆန့်ကျင်ရေးအဖွဲ့သို့ ပြောင်းရွှေ့လိုက်သောအခါ လုပ်ရိုးလုပ်စဉ် မဟုတ်လှသဖြင့် ဝန်ထမ်းဘဝအဆုံးသတ်ရန် စတင်ပြီဟု သူတွေးမိ လိုက်သည်။
“တစ်ခုခုများ မှားနေပြီလားလို့ ကျွန်မကိုယ်ကျွန်မ ပြန်မေးမိတယ်” ဟု သူက ဖရန်တီယာနှင့် တွေ့ဆုံမေးမြန်းရာ၌ ပြောသည်။
ရဲမှူးကြီး ဥမ္မာရင်မီသည် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွင် ထူးခြားသောအောင်မြင်မှုများ ရရှိပြီး အနာဂတ် အမျိုးသမီးအရာရှိများအတွက် လမ်းကြောင်းဖြောင့်ဖြူးအောင် ဖောက်ပေးနိုင်ခဲ့သဖြင့် ထိုသို့သံသယဖြစ်စရာ မလိုခဲ့ကြောင်း တွေ့ရသည်။
ဇန်နဝါရီလက ရဲမှူးကြီးအဖြစ်မှ အငြိမ်းစားယူခဲ့သည့် ရဲတပ်ဖွဲ့မှရာထူးအမြင့်ဆုံးအမျိုးသမီး ဒေါ်ဥမ္မာရင်မီ။ ဓာတ်ပုံ – စတိဗ်တစ်ခ်နာ
ရဲမှူးကြီး ဥမ္မာရင်မီ၏ ဝန်ထမ်းဘဝတွင် စိတ်ဝင်စားဖွယ် အကောင်းဆုံးမှာ ၂၀၁၅ ခုနှစ်၌ ရဲမှူးကြီးအဖြစ် ရာထူးတိုးမြှင့်ခံရခြင်းဖြစ်ပြီး ယင်းစွမ်းဆောင်မှုအတွက် တပ်မတော်အရာရှိတစ်ဦး၏သမီးဖြစ်သော သူ့အဖို့ အလွန်ဂုဏ်ယူစရာ ဖြစ်ခဲ့သည်။
သူ ရဲတပ်ဖွဲ့ကိုဝင်ချိန်က အမျိုးသမီးအရေအတွက် အလွန်နည်းသည်။ သူတို့ကို ဘယ်တော့မှ ရာထူးတိုးမပေးဘဲ အုပ်ချုပ်ရေးတာဝန်များ ထမ်းဆောင်ရန်သာ အမြဲတမ်း တာဝန်ချထားပေးတတ်သော်လည်း သူက ရည်မှန်းချက် ကြီးမားပြီး ရဲလုပ်ငန်းစစ်စစ်ကိုသာ ဆောင်ရွက်ဖို့ စိတ်အားထက်သန်ခဲ့ကြောင်း ရဲမှူးကြီး ဥမ္မာရင်မီက ပြောသည်။
မန္တလေးရှိ ရဲသင်တန်းကျောင်းတွင် ထူးချွန်သောစွမ်းဆောင်ရည်ကြောင့် ပထမရခဲ့သည့်အတွက် ရဲမှူးကြီး ဥမ္မာရင်မီအား သူမွေးဖွားကြီးပြင်းခဲ့ရာ ရှမ်းပြည်နယ်၌ မူးယစ်ဆေးဝါး နှိမ်နင်းရေးတာဝန်ကို ပေးအပ်ခဲ့သည်။
သူ့ုကို သေနတ်ကိုင်ဆောင်ခွင့်ပြုခဲ့သည်မှာလည်း အမျိုးသမီးအရာရှိတစ်ဦးအတွက် ထူးခြားနေသည်။
“ကျွန်မ သိပ်ကံကောင်းပါတယ်။ ဒီအတွက် ကျွန်မ အလုပ်ကြိုးစားလုပ်ပါတယ်။ လျှို့ဝှက်ထောက်လှမ်းရေး လုပ်ငန်းက အန္တရာယ်များတဲ့အတွက် ကျွန်မကြောက်ပါတယ်။ ဒါပေမဲ့ ဒီလိုတာဝန်မျိုးကို အမျိုးသမီးတွေလည်း လုပ်နိုင်တယ်ဆိုတာ ယောကျ်ားတွေကို ပြချင်လို့ ကျွန်မ ဒီအလုပ်ကို လုပ်ခဲ့ပါတယ်” ဟု ရဲမှူးကြီး ဥမ္မာရင်မီက ပြောသည်။ သူ့လို အသက် ၂၀ အရွယ် အမျိုးသမီးတစ်ဦးကို ရဲအရာရှိတစ်ဦး ဖြစ်လိမ့်မယ်လု့ိ မူးယစ်ဆေးဝါး ရောင်းဝယ်သူများက သံသယမဝင်ကြောင်းလည်း သူက ထပ်လောင်းပြောကြားသည်။
၂၀၀၄ ခုနှစ်တွင် ရဲမှူးကြီး ဥမ္မာရင်မီအား လူကုန်ကူးမှုတိုက်ဖျက်ရေးတပ်ဖွဲ့သို့ ပြောင်းရွှေ့ခဲ့သည်။ ယင်းကဲ့သို့ ပြောင်းရွှေ့မှုသည် သူ့ဝန်ထမ်းသက်တမ်း အဆုံးသတ်တော့မည့် လက္ခဏာများလားဟု စဉ်းစားမိသေးသည်။ အဘယ့်ကြောင့်ဆိုသော် သူ့ကို သေနတ်ကိုင်ဆောင်ခွင့် မပေးတော့၍ဖြစ်သည်။
လူကုန်ကူးခံရသူ ဒုက္ခသည်များ၏ ခံစားနေရသော ဒုက္ခများကို သိလာရသောအခါ စိတ်ခံစားမှုအရ ခက်ခဲသော လုပ်ငန်းဖြစ်သဖြင့် ရဲမှူးကြီး ဥမ္မာရင်မီသည် အဆိုပါလုပ်ငန်းကို စိတ်ရောကိုယ်ပါ နှစ်မြှုပ်လာသည့်အတွက် ယင်းစိုးရိမ်စိတ်မှာလည်း မကြာမီ မှေးမှိန်ပျောက်ကွယ်သွားခဲ့တော့သည်။
သူ့ကို ပထမဆုံး ပေးအပ်သောတာဝန်မှာ ရန်ကုန်လေဆိပ်သွား၍ အသက် ၁၇ နှစ်အရွယ် မိန်းကလေး တစ်ဦးကို တွေ့ဆုံရန်ဖြစ်သည်။ မလေးရှားနိုင်ငံတွင် လိင်အကြမ်းဖက်ခံရစဉ် ကယ်တင်ခံရပြီး ပြန်ရောက်လာသူဖြစ်သည်။ ဆယ်ကျော်သက်မလေး၏ အသွင်အပြင်ကို မြင်ရသောအခါ ရဲမှူးကြီး ဥမ္မာရင်မီ ထိတ်လန့်တုန်လှုပ်သွားသည်။ သူနှင့် တွေ့ကြုံလိုက်ရသဖြင့် လိင်အရောင်းအဝယ်လုပ်ငန်းတွင် ကုန်သည်များ၏ သားကောင်ဘဝရောက်ကာ ရောင်းစားခံနေရသော အမျိုးသမီးငယ်များကို ကူညီရန် သူ ဆုံးဖြတ်ခဲ့ကြောင်း ရဲမှူးကြီး ဥမ္မာရင်မီက ပြောသည်။
“ဒီလိုအမှုမျိုးတွေကို စုံစမ်းထောက်လှမ်းဖို့ အမျိုးသမီးရဲအရာရှိတွေ လိုပါတယ်။ အမျိုးသမီးတွေက တစ်ဦးကိုတစ်ဦး စောင့်ကြည့်ဖို့ လိုပါတယ်” ဟု သူက ဆိုသည်။
ဉာဏ်တင် ဘာသာပြန်သည်။