အမေရိကန် ပိစ်ကောမှ စေတနာဝန်ထမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ-Supply
အမေရိကန်ပြည်ထောင်စုမှ ပိစ်ကော (Peace Corp) စေတနာဝန်ထမ်းသစ် ၃၁ ဦးသည် မြန်မာနိုင်ငံရှိ အထက်တန်းနှင့် အလယ်တန်းကျောင်းများတွင် နှစ်နှစ်ကြာ အင်္ဂလိပ်စာ သင်ကြား ပို့ချပေးမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင်း ရပ်ရွာလူထုများနှင့်အတူ နေထိုင်ကာ စေတနာ့တာဝန်ထမ်းဆောင်မည့် ပိစ်ကော စေတနာ့ဝန်ထမ်း တတိယမြောက်အဖွဲ့ဖြစ်ပြီး ဦးရေအများဆုံးဖြစ်သည်ဟု ရန်ကုန်မြို့ အမေရိကန်သံရုံးက ယနေ့ သတင်းထုတ်ပြန်သည်။
မြန်မာနိုင်ငံတွင် လက်ရှိ တာဝန်ထမ်းဆောင်နေသည့် စေတနာ့ဝန်ထမ်း ၁၄ ဦးရှိပြီး ယခု ရောက်ရှိလာသည့် စေတနာ့ဝန်ထမ်းသစ်များကို ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတွင်းရှိ အခြေခံပညာ အထက်တန်းနှင့် အလယ်တန်းကျောင်းများတွင် ဆက်လက် နေရာချထားမည်ဖြစ်သည်။ ထို့ပြင် မွန်ပြည်နယ်တွင်လည်း ပထမဆုံးအကြိမ်အဖြစ် စတင်နေရာချထားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“သင်တို့ တာဝန်ထမ်းဆောင်ရာ နေရာဒေသက ရပ်ရွာလူထုနဲ့သင်တို့အကြား ပေါ်ထွန်းလာမယ့် နှောင်ဖွဲ့မှုများဟာ နှစ်နိုင်ငံဆက်ဆံရေးမှာ အရေးပါတဲ့ ချစ်ကြည်ရင်းနှီးမှုကို ကိုယ်စားပြုပါတယ်” ဟု ရန်ကုန်မြို့၊ ကရဝိတ်နန်းတော်တွင် ယနေ့ပြုလုပ်သည့် ကျမ်းသစ္စာကျိန်ဆိုပွဲတွင် အမေရိကန်သံအမတ်ကြီး စကော့မာစီရယ်က ပြောကြားသည်။
ထိုစေတနာ့ဝန်ထမ်းများသည် ရက်သတ္တပတ် ၁၀ ပတ်ကြာမြင့်သည့် မြန်မာဘာသာစကား၊ မြန်မာ့ယဉ်ကျေးမှု၊ သင်ကြားရေးစွမ်းရည်၊ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးဆိုင်ရာ သင်တန်းများ တက်ရောက်ပြီးသူများ ဖြစ်ကြသည်။ သင်တန်းကာလတွင်း သင်ယူလေ့လာမှုများအတွက် အထောက်အကူဖြစ်စေရန် ပဲခူးတိုင်းဒေသကြီး၏ ရပ်ရွာလူထုတွင်း နေထိုင်ခဲ့ကြပြီး၊ မြန်မာမိသားစုများထံမှ သင်ကြား လေ့လာခြင်း၊ မြန်မာကျောင်းသားများနှင့် ကျောင်းသင်ခန်းစာလက်တွေ့ လေ့ကျင့် သင်ကြားပို့ချခြင်းတို့ ပြုလုပ်ခဲ့ကြသည်။
ကတိသစ္စာခံယူခြင်းအား ဦးဆောင်ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံတာဝန်ခံ မော်ရာဖောလ်တန်က “သင်တို့ တာဝန်ကျတဲ့ ရပ်ရွာတွင်း သင်တို့ တာဝန်ထမ်းဆောင်မှုများကနေတဆင့် အမေရိကန်နှင့်မြန်မာ ယဉ်ကျေးမှုအကြား အပြန်အလှန်နားလည်မှုများနှင့် ချစ်ကြည်ရင်းနှီးများ အားကောင်းလာစေရာမှာ အကူအညီဖြစ်စေမှာဖြစ်ပြီး နှစ်နိုင်ငံပြည်သူများရဲ့ နှလုံးသားတွေ ပိုပြီးနီးကပ်စေမှာပါ” ဟု စေတနာဝန်ထမ်းများကို ပြောကြားခဲ့သည်။
သမ္မတ ဂျွန်အက်ဖ်ကနေဒီက ပိစ်ကောအား ၁၉၆၁ ခုနှစ်၊ မတ် ၁ ရက်နေ့တွင် စတင်တည်ထောင်ခဲ့ချိန်က စတင်ကာ အမေရိကန်နိုင်ငံသား ၂၃၀,၀၀၀ ကျော်သည် နိုင်ငံပေါင်း ၁၄၁ နိုင်ငံတွင် စေတနာဝန်ထမ်းများအဖြစ် ထမ်းဆောင်ခဲ့ကြပြီး ဖြစ်သည်။
မြန်မာအစိုးရ၏ ဖိတ်ကြားချက်ဖြင့် ပိစ်ကောသည် အရည်အချင်းရှိသည့် အမျိုးသား၊ အမျိုးသမီးများအား မြန်မာ့ပညာရေး ရည်မှန်းချက်များ ပြည့်မှီစေရေးတွင် ပါဝင်ပံ့ပိုးနိုင်စေရန် မြန်မာနိုင်ငံသို့ ၂၀၁၆ ခုနှစ်တွင် စတင်စေလွှတ်ခဲ့သည်။
အသစ်ရောက်ရှိလာသည့် စေတနာ့ဝန်ထမ်းများ အပါအဝင် မြန်မာနိုင်ငံ၌ လက်ရှိ တာဝန်ထမ်းဆောင်နေသည့် စေတနာ့ဝန်ထမ်းပေါင်း ၄၅ ဦး ရှိပြီဖြစ်သည်။