အပစ်ရပ်စာချုပ် လက်မှတ်မထိုးထားသူများ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ၌ ပါဝင်ခွင့်မရှိ

လက်ရှိကျင်းပနေသည့် ၂၁ ရာစု ပင်လုံညီလာခံတွင် အဖွဲ့အားလုံး၏ သဘောထား အမြင်များကို တန်းတူညီတူ တင်ပြခွင့်ပေးထားသော်လည်း နိုင်ငံအနှံ့ ပြုလုပ်မည့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများတွင်မူ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ၌ လက်မှတ်မထိုးထားလျှင် ပါဝင်ခွင့်ရမည်မဟုတ်ဟု ညီလာခံကျင်းပရေး ပူးတွဲကော်မတီ တာဝန်ရှိသူများက ပြောသည်။

“ဒီငြိမ်းချမ်းရေး ဖြစ်စဉ်ကြီး၊ ဒီနိုင်ငံရေးဆွေးနွေးပွဲဖြစ်စဉ်ကြီးက NCA ပေါ်မူတည်ပြီး သွားတာဖြစ်တာပါ။ နိုင်ငံရေး လမ်းပြမြေပုံ ခုနစ်ဆင့်ထဲမှာ နံပါတ်တစ်က NCA ဖြစ်ပါတယ်။ အဲဒီအဆင့် မကျော်ပဲနဲ့ မူဘောင်မှာ ပါရမယ်၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲမှာ ပါရမယ်၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ တက်ရောက်ရမယ်ဆိုတာတွေ မဖြစ်နိုင်ပါဘူး”ဟု ကော်မတီတွင် ပါဝင်သည့် ချင်းအမျိုးသားတပ်ဦးခေါင်းဆောင် ဒေါက်တာလျန်မှုန်းဆာခေါင်းက စက်တင်ဘာ ၂ ရက်နေ့တွင် ပြောသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစု ပင်လုံညီလာခံ အကြိုပြင်ဆင်ရေးကော်မတီ အတွင်းရေးမှူး ဦးလှမောင်ရွှေကလည်း အဆိုပါ သတင်းစကားကို NCA လက်မှတ် မထိုးထားသည့် အဖွဲ့အစည်းများထံ ကျေကျေလည်လည် ရှင်းပြပြီးဖြစ်သည်ဟု ဆိုသည်။

ခြောက်လတစ်ကြိမ် ကျင်းပရန် စီစဉ်ထားသည့် ညီလာခံအကြား၊ ကြားကာလတွင် တိုင်းနှင့် ပြည်နယ်အသီးသီး၌ လူမျိုးကို အခြေခံသော၊ အကြောင်းအရာကို အခြေခံသော၊ ဒေသကို အခြေခံသော အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများကျင်းပရန် အစိုးရနှင့် NCA လက်မှတ်ထိုးပြီးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ရှစ်ဖွဲ့ ပါဝင်ဖွဲ့စည်းထားသည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)တို့က စီစဉ်ထားခြင်း ဖြစ်သည်။

သို့သော် ယင်းဆွေးနွေးပွဲများတွင် အခြေခံရမည့် နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာမူဘောင်ကို ပြန်လည်သုံးသပ်ခြင်းလုပ်ငန်းများ မပြီးပြတ်သေးပေ။ ယခုကျင်းပနေသည့် ညီလာခံမတိုင်မီက အဆိုပါ မူဘောင်ကို NCA လက်မှတ်မထိုးရသေးသော အဖွဲ့များကိုပါ ပါဝင်စေ၍ ပြန်လည် သုံးသပ်နေသည်ဟု UPDJC တာဝန်ရှိသူတို့က ပြောကြားထားဖူးသည်။

စက်တင်ဘာ ၂ ရက်တွင် ကျင်းပသည့် ညီလာခံ တတိယမြောက်နေ့အပြီး သတင်းစာရှင်းလင်းပွဲတွင်မူ “NCA လက်မှတ်ရေးထိုးဖို့ကတော့ ဒီဖြစ်စဉ်အတွက် လုံးဝလိုအပ်ပါတယ်။ လက်မှတ်ထိုးမှသာ လုပ်ငန်းကော်မတီမှာ ပါနိုင်မှာ ဖြစ်ပါတယ်။ UPDJC မှာ အဖွဲ့ဝင်အဖြစ်နဲ့ ပါနိုင်မှာဖြစ်ပါတယ်” ဒေါက်တာ လျန်မှုန်းဆာခေါင်းက ပြောသည်။ ထို့ကြောင့် မူဘောင်သုံးသပ်ရာတွင် NCA လက်မှတ်မထိုးသူများ ဆက်လက်ပါဝင်ရန် ရှိမရှိကို ရှင်းရှင်းလင်းလင်းသိရရန် Frontier က တာဝန်ရှိသူတို့ထံ မေးမြန်းသော်လည်း မရရှိသေးပေ။

အပစ်ရပ်စာချုပ် လက်မှတ်မထိုးရသေးသော အဖွဲ့ ၁၃ ဖွဲ့မှာ ကချင် လွတ်မြောက်ရေး တပ်မတော် (KIA)၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) ကိုးကန့်အဖွဲ့၊ ရခိုင် အမျိုးသားကောင်စီ (ANC)၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TLNA)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ ဝ’ အမျိုးသား အဖွဲ့ချုပ် (WNO)၊ ဝ ပြည် သွေးစည်း ညီညွှတ်ရေးတပ်မတော် (UWSA)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် – မိုင်းလားအဖွဲ့ (NDAA)၊ ရက္ခိုင့် တပ်မတော် (AA) နှင့် နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီ-ကပ်ပလန် (NSCN-K) တို့ ဖြစ်ကြသည်။

အဆိုပါ အဖွဲ့များ၏ သဘောထားကိုလည်း Frontier က မေးမြန်း၍ မရသေးပေ။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.