ရန်ကုန်၊ ဇူလိုင် ၄
အခြေခံပညာအထက်တန်းအဆင့် ကျောင်းသားကျောင်းသူ အယောက် ၃၀၀ အား ပညာရေးဆိုင်ရာ အထောက်အပံ့များ ပေးအပ်သွားမည် SCG က ယနေ့ ကြေညာလိုက်သည်။
ယခုနှစ်တွင် ဆဌမမြောက်နှစ်သို့ ရောက်ရှိလာပြီဖြစ်သော SCG Sharing the Dream အစီအစဉ်မှ ရန်ကုန်နှင့် မွန်ပြည်နယ်တွင် ပညာသင်ဆု ၃၀၀ ကို ပေးအပ်သွားမည်ဖြစ်သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
မြန်မာလူငယ်များအတွက် ပညာရေးသည် အရေးပါကြောင်း အသိအမှတ်ပြုသည့်အနေဖြင့် အာဆီယံ၏ ထိပ်တန်း စီးပွားရေးလုပ်ငန်းစုကြီးဖြစ်သော SCG က မိသားစုကို ကျေးဇူးသိတတ်ပြီး ရပ်ရွာကောင်းကျိုးကို တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်တတ်သော၊ ပညာရည်ထူးချွန်ကြောင်း မှတ်တမ်းများပြသနိုင်သည့် အထက်တန်းကျောင်းသား ကျောင်းသူများကို အထောက်အပံ့ပေးရန် စီစဉ်ထားခြင်းဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လှိုင်သာယာ၊ ရွှေပြည်သာ၊ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ မင်္ဂလာဒုံ၊ မှော်ဘီ၊ ကွမ်းခြံကုန်း၊ တွံတေး၊ ဆိပ်ကြီးခနောင်တို၊ ကော့မှူး၊ သန်လျင်၊ ဒလ၊ ထန်းတပင်၊ ခရမ်းနှင့် သုံးခွ မြို့နယ်များတွင် ပညာသင်ယူနေသော ကျောင်းသား ကျောင်းသူများအတွက် ပညာသင်ဆု ၁၅၀ နှင့် မွန်ပြည်နယ် မော်လမြိုင်၊ ကျိုက်မရော၊ မုဒုံ၊ ပေါင်၊ ချောင်းဆုံ၊ ဘီးလင်း၊ သံဖြူဇရပ်၊ သထုံ၊ ကျိုက်ထိုနှင့် ရေးမြို့နယ်များမှ ကျောင်းသား ကျောင်းသူများအတွက် ပညာသင်ဆု ၁၅၀ ကို ပေးအပ်မည်ဖြစ်သည်။
ထိုသို့ပေးအပ်ရာတွင် ကျောင်းသား ကျောင်းသူ တစ်ဦးချင်းစီ၏ ပညာသင်နှစ်တစ်နှစ်စာ ကုန်ကျမည့် ကျောင်းစရိတ်နှင့် အခြားအထောက်အပံ့ပစ္စည်းများအတွက် ပညာသင်ဆုတစ်ဆုလျှင် ကျပ် ၂၅၀,၀၀၀ ကို SCG က ထောက်ပံ့ပေးမည်ဖြစ်သည်။ ယခင်နှစ်က ကျပ် ၂၂၀,၀၀၀ ထောက်ပံ့ပေးခဲ့ရာမှ ယခုနှစ်တွင် တိုးမြှင့်ထားခြင်းဖြစ်သည်ဟုဆိုသည်။
“မြန်မာနိုင်ငံမှာ ဆဌမမြောက်နှစ်အဖြစ် SCG Sharing the Dream အစီအစဉ်ကို ဆက်လက်ဆောင်ရွက်ရင်း ကျောင်းသား ကျောင်းသူလေးတွေကို သူတို့ရဲ့အိပ်မက်ကိုအကောင်အထည်ဖော်ပြီး အဆင့်မြင့်ပညာတွေ ရရှိအောင် ပံ့ပိုးကူညီပေးနိုင်တဲ့အတွက် ကျွန်တော်တို့ အလွန်ဂုဏ်ယူပါတယ်။
“တိုင်းပြည်က ပိုမိုကောင်းမွန်တဲ့ အရှေ့ကိုဦးတည်နေတာကြောင့် ဒီကျောင်းသားကျောင်းသူလေးတွေရဲ့ တကယ့်ဝါသနာနဲ့ စိတ်အားထက်သန်မှုတွေက တောက်ပလာပြီး နိုင်ငံရဲ့အနာဂတ်ကို ဦးဆောင် မောင်းနှင်သွားပါလိမ့်မယ်။ မြန်မာနိုင်ငံက ပညာသင်ဆုရရှိကြသူတွေမှာ တခြားသူငယ်ချင်းတွေရှိပါတယ်။ ဘာလို့လဲဆိုတော့ SCG ဟာ အာဆီယံနိုင်ငံတွေက ကျောင်းသားကျောင်းသူတွေကို ပညာသင်ဆုပေါင်း ၅,၀၀၀ ကျော် နှစ်စဉ်ချီးမြှင့်နေလို့ပါပဲ” ဟု မြန်မာနိုင်ငံရှိ SCG ၏ Country Director ဖြစ်သော Mr. Attapong Sathitmanotham က ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် အမြဲတမ်းနေထိုင်ပြီး နဝမတန်း (Grade 10) သို့မဟုတ် ဒသမတန်း (Grade 11) တွင် ပညာသင်ကြားနေကြသော ကျောင်းသားကျောင်းသူများသည် SCG Sharing the Dream ပညာသင်ဆုကို ဇူလိုင် ၁၈ ရက်နေ့ နောက်ဆုံးထား လျှောက်ထားကြရန် နှိုးဆော်ထားသည်။ လျှောက်ထားသူများသည် လျှောက်လွှာတွင်ပါရှိသည့် မေးခွန်းများအားလုံးကို ပြည့်စုံအောင် ဖြည့်သွင်းပေးရမည်ဖြစ်ပြီး အဆိုပါလျှောက်လွှာပုံစံကို ကျောင်းရုံးခန်းများတွင် ရယူနိုင်မည်ဖြစ်သည်။
၂၀၁၂ ခုနှစ်က စတင်ခဲ့သော SCG Sharing the Dream အစီအစဉ်က မြန်မာကျောင်းသူ ကျောင်းသားများအတွက် ပညာသင်ဆုပေါင်း ၁,၃၀၀ ကျော်ကို ပေးအပ်ခဲ့ပြီး ဖြစ်ပါသည်။
SCG Sharing the Dream အစီအစဉ်သည် ဒေသတွင်းအစီအစဉ်တစ်ခုဖြစ်ပြီး ဒေသတစ်ဝန်းရှိ ပြည်သူလူထု၏ လူနေမှုအဆင့်အတန်းကို မြင့်တင်ရန်ဟူသော ရည်ရွယ်ချက်ဖြင့် မြန်မာ၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ လာအို၊ ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံ အပါအဝင် အာဆီယံနိုင်ငံများမှ ကျောင်းသားကျောင်းသူများအား ပညာသင်ဆုများ ပေးအပ်ချီးမြှင့်လျှက်ရှိသည်။