တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) က ရှမ်းမြောက်၌ စစ်ကောင်စီ၏ ဝိုင်းဝန်းပိတ်ဆို့မှုကို ခံနေရပြီး တိုင်းရင်းသားပေါင်းစုံ နေထိုင်ကြသည့် ၎င်း၏နယ်မြေတွင်း မငြိမ်သက်မှုများနှင့် တရုတ်၏ ပိတ်ဆို့မှုကိုလည်း ရင်ဆိုင်နေရသည်သ။ သို့တိုင် ထိန်းချုပ်နယ်မြေများကို အသာတကြည် လက်လွှတ်မည်မဟုတ်ဟု ၎င်းတို့က ဆိုသည်။
ဖရွန်တီးယား
စစ်ကောင်စီတပ်များက ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ထိန်းချုပ်ထားရာ မြို့ဖြစ်သော နောင်ချိုမြို့အနီးရောက်ရှိလာပြီဖြစ်သဖြင့် တအာင်းတပ်ဖွဲ့သည် လက်ရှိတွင် စစ်တပ်၏ အပြင်းထန်ဆုံးထိုးစစ်ကို ရင်ဆိုင်နေရသည်။
လွန်ခဲ့သည့် နှစ်လကျော်ခန့်က TNLA သည် တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ စစ်ကောင်စီနှင့် အပစ်ရပ်ရေး ဆွေးနွေးခဲ့သည်။
ဖေဖော်ဝါရီလအတွင်း တရုတ်က ကြားဝင်စေ့စပ်ပေးပြီးနောက် ဧပြီ ၂၈နှင့် ၂၉ရက်များတွင် အပစ်ရပ်ရေးဆွေးနွေးခဲ့သည်။ ထိုဆွေးနွေးပွဲတွင် TNLA အနေဖြင့် ၁၀၂၇စစ်ဆင်ရေးအတွင်း သိမ်းပိုက်ခဲ့သည့် နယ်မြေများမှ ပြန်ဆုတ်ပေးရန် စစ်ကောင်စီကတင်းတင်းမာမာ တောင်းဆိုခဲ့သည်။
အဆင့်နှစ်ဆင့်ပါဝင်သည့် အဆိုပါစစ်ဆင်ရေးကို TNLA၊ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့ ပါဝင်သည့် ညီနောင်မဟာမိတ်သုံးဖွဲ့က ၂၀၂၃၊ အောက်တိုဘာတွင် စတင်ခဲ့သည်။
စစ်ကောင်စီ၏ တောင်းဆိုချက်များအရ TNLAက ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နောင်ချို၊ ကျောက်မဲ၊ သီပေါနှင့် မိုးမိတ်မြို့များအပြင် မန္တလေးတိုင်းအတွင်းရှိ မိုးကုတ်မြို့များကို လက်လွှတ်ပေးရမည်ဖြစ်ကာ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသသို့ ပြန်လည်ဆုတ်ခွာပေးရမည်ဖြစ်သည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် တအာင်း (ပလောင်) တိုင်းရင်းသားအများစုနေထိုင်ပြီး ရှမ်းမြောက်ရှိ နမ့်ဆန်နှင့် မန်တုံမြို့များ ပါဝင်သည်။ စစ်တပ်ရေးဆွဲသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ထားသော်လည်း အမှန်တကယ်အုပ်ချုပ်ခွင့်အာဏာမှာ မည်ကာမတ္တပင်ဖြစ်သည်။
TNLA က ဧပြီဆွေးနွေးပွဲအတွင်း ထိုရာဇသံပေးမှုကို ပယ်ချခဲ့၍ ၎င်းတို့၏ ကိုယ်ပိုင်တောင်းဆိုမှုများဖြင့် တုံ့ပြန်ခဲ့သည်။ ထိုတောင်းဆိုမှုများတွင် လေကြောင်းတိုက်ခိုက်မှုအပါအဝင် စစ်တပ်က ထိုးစစ်များကို ရပ်တန့်ရန်၊ နှစ်ဘက်စလုံးက လက်ရှိရယူထားသည့် နယ်မြေများကို ဆက်လက်ထိန်းချုပ်ထားရန်နှင့် ဆေးဝါးသယ်သူပို့ဆောင်ရေးနှင့် စားဝတ်နေရေးအတွက် ပြည်သူများသွားလာနိုင်ရန် လုံခြုံသည့် လမ်းကြောင်းတစ်ခု ထားရှိရန်တို့ ပါဝင်သည်။
ဆွေးနွေးပွဲအဆုံး၌ မည်သည့် သဘောတူညီမှုမှ မရခဲ့ဘဲ သြဂုတ်လအတွင်း ထပ်မံဆွေးနွေးကြရန် ကိုသာ သဘောတူခဲ့ကြသည်။
ပြီးခဲ့သည့်နှစ် ဇန်နဝါရီလအတွင်း တရုတ်က ညီနောင်မဟာမိတ်သုံးဖွဲ့ကို စတင်၍ ဖိအားပေးခဲ့သည်။ ရှမ်းမြောက်တွင် ယာယီအပစ်ရပ်ရေးအတွက် TNLA နှင့် MNDAA က တစ်ဘက်၊ စစ်ကောင်စီက တစ်ဘက် ဆွေးနွေးရန် တရုတ်အစိုးရက ကြားဝင်စေ့စပ်ပေးခဲ့သည်။ ထိုအချိန်၌ TNLA က နမ္မတူ၊ နမ့်ဆန်၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ မန်တုံ၊ မိုင်းလုံ နှင့် မိုင်းငေါ့မြို့များကို သိမ်းပိုက်ထားပြီးဖြစ်သည်။
ငါးလခန့် တိုက်ပွဲများငြိမ်သက်နေပြီးနောက် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကို ယမန်နှစ်ဇွန်တွင် စတင်ခဲ့သည်။ TNLA နှင့် မဟာမိတ်တပ်များက နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးမိတ်နှင့်မိုးကုတ် မြို့များကို သိမ်းပိုက်ခဲ့ပြီး ၎င်းတို့သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတအာင်းပြည်သစ်၏ အစိတ်အပိုင်းများဖြစ်ကြောင်း ကြေညာခဲ့သည်။
တချိန်တည်းတွင် MNDAA ကလည်း စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိရာ လားရှိုးမြို့ကို ယမန်နှစ်၊ ဇူလိုင်တွင် သိမ်းပိုက်ခဲ့သည်။ သို့သော် တရုတ်၏ ဖိအားများကြောင့် ကိုးကန့်အဖွဲ့သည် ယခုနှစ် ဇန်နဝါရီတွင် စစ်ကောင်စီနှင့် အပြန်အလှန် အပစ်ရပ်ခဲ့ပြီး ဧပြီလနှောင်းပိုင်းတွင် လားရှိုးမြို့မှ ပြန်လည်ဆုတ်ခွာခဲ့သည်။ သို့သော် MNDAA သည် လားရှိုးမြို့နယ်၏ ကျေးလက်ဒေသ အများအပြားကို ထိန်းချုပ်ထားဆဲဖြစ်သည်။
TNLA ကမူ ၁၀၂၇ စစ်ဆင်ရေးအတွင်း သိမ်းပိုက်ခဲ့သည့် နယ်မြေများမှ မိမိဆန္ဒအလျောက် ဆုတ်ခွာရန် ငြင်းဆန်ခဲ့သည်။ထို့ကြောင့် မြန်မာပြည်အလယ်ပိုင်းနှင့် ရှမ်းမြောက်မှ တော်လှန်ရေးတပ်များ ထိန်းချုပ်ရာနယ်မြေများသို့ လမ်းကြောင်းပေါက်နိုင်သည့် နောင်ချိုမြို့ကို ပြန်သိမ်းနိုင်ရန် စစ်ကောင်စီက ဖေဖော်ဝါရီတွင် အလွန်ကြီးမားသော စစ်ဆင်ရေးတစ်ရပ် ဖော်ဆောင်ခဲ့သည်။
တရုတ်က အပြည့်အဝမဟုတ်သည့်တိုင် ကာလကြာမြင့်စွာပိတ်ဆို့ထားသဖြင့် TNLAက ဒေသတွင်း စီးပွားရေးကို ပြန်လည်ဖော်ဆောင်ပေးရန်၊ ပြည်သူ့ဝန်ဆောင်မှုများ ဖြန့်ကြက်ပေးဝေရန်နှင့် ထိန်းချုပ်နယ်မြေအတွင်း အာဏာစိုးမိုးရန် ရုန်းကန်နေရသည်။ အခြားတိုင်းရင်းသားလူမျိုးများ နေထိုင်ရာဒေသအတွင်း TNLA ၏ စွက်ဖက်လာမှုကို အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက မကျေမချမ်းဖြစ်နေစဉ်တွင် စစ်ကောင်စီက ထိုးစစ်ဆင်လာခြင်းဖြစ်သည်။
နောင်ချိုကို အခိုင်အမာ ကာကွယ်သွားမည်ဟု TNLA က လူသိရှင်ကြား ထုတ်ဖော်ပြောဆိုထားသော်လည်း ဖိအားပေါင်းစုံကြောင့် လာမည့်ရက်များတွင် နောင်ချိုမြို့ကို ဆက်လက်ထိန်းချုပ်ရေးက ပိုမိုခက်ခဲလာဖွယ်ရှိသည်။
ဒုက္ခရောက်နေတဲ့ အရပ်သားများ
နောင်ချိုမြို့သည် တရုတ်ပြည် နယ်စပ်တွင်ရှိသည့် မူဆယ်မြို့နှင့် မြန်မာပြည်၏ ဒုတိယမြို့တော် မန္တလေးတို့ကို ဆက်သွယ်ထားသော အရေးပါသည့် ကုန်သွယ်လမ်းကြောင်းဖြစ်သော အမှတ်(၃) ပြည်ထောင်စုလမ်းမကြီးပေါ်တွင်ရှိသည်။ တရုတ်နှင့်အကြီးစားကုန်သွယ်မှုကို ပြန်လည်စတင်မည်ဆိုပါက ထိုအဝေးပြေးလမ်းမ ပိတ်ဆို့မှုမရှိစေရန် နောင်ချိုမြို့ကို ထိန်းချုပ်ရေးမှာ အထူးအရေးပါသည်။ နောက်ထပ် သီးခြားအဝေးပြေးလမ်းမတစ်ခုမှာ နောင်ချိုမြို့ တောင်ပိုင်းတွင်ရှိပြီး ရှမ်းမြောက်နှင့် ရှမ်းတောင်ရှိ ရပ်စောက်မြို့တို့ကို ဆက်သွယ်ထားသည်။
မတ်၂၈ရက်က မြန်မာပြည်အလယ်ပိုင်းရှိ ပြင်းအား ၇ဒသမ၇ အဆင့်ရှိ ငလျင်ကြောင့် ညီနောင် မဟာမိတ်သုံးဖွဲ့ရော စစ်ကောင်စီကပါ အပစ်ရပ်ကြေညာခဲ့သည်။ သို့သော် တိုက်ပွဲများက ရပ်တန့် သွားခြင်းမရှိပေ။ နောင်ချိုမြို့သည် အဓိက ရှေ့တန်းစစ်မျက်နှာပြင်တစ်ခုဖြစ်လာသည်။
စစ်ကောင်စီက လက်နက်ကြီးများ၊ ဒရုန်းနှင့် လေကြောင်းမှ တိုက်ခိုက်မှုများဆင်နွှဲနေသည့်အပြင် မြေပြင်တွင်လည်း ရာနှင့်ချီသောတပ်ဖွဲ့များစေလွှတ်၍ တောက်လျှောက်ထိုးစစ်ဆင်နေသည့်ကြားမှ TNLA က ခက်ခက်ခဲခဲရယူထားသည့် နယ်မြေများလက်မလွှတ်ရရေးအတွက် အပြင်းအထန် ခုခံနေဆဲဖြစ်သည်။
“ကျမတို့ ထိန်းချုပ်ထားတဲ့နယ်မြေတွေကို လက်လွှတ်ပေးရဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။ ကျမတို့က (သြဂုတ်လထဲ) ဆွေးနွေးပွဲပြန်မစခင်အထိ ဒီနယ်မြေတွေကို ဆက်လက်ထိန်းချုပ်ထားနိုင်ဖို့အတွက် ကာကွယ်နေတာပါ”ဟု TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ဖရွန်တီးယားသို့ ပြောသည်။
သို့သော် ဖေဖော်ဝါရီမှစတင်၍ TNLAက မန္တလေးနှင့် ရပ်စောက်မြို့တို့မှ နောင်ချိုသို့ ဆက်သွယ်ထားသည့် အဝေးပြေးလမ်းမနှစ်ခုတလျှောက်ရှိ ကျေးရွာများကို တစ်ရွာပြီးတစ်ရွာ လက်လွှတ်နေရသည်ဟု စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များနှင့် အချို့ သတင်းဌာနများက ဖော်ပြခဲ့ကြသည်။
စစ်ကောင်စီတပ်များက နောင်ချိုမြို့အဝင်သို့ ရောက်ရှိလာပြီဟု စစ်ကောင်စီဝါဒဖြန့် ချန်နယ်တစ်ခုဖြစ်သည့် Kyaw Swar က ဇူလိုင်၁၂ရက်တွင် ဆိုသည်။ လေကြောင်းတိုက်ခိုက်မှုများ ရှိနေဆဲဖြစ်ကာ ဇူလိုင်၁ရက်က လေကြောင်း တိုက်ခိုက်မှုကြောင့် နောင်ချိုမြို့အနီးရှိ သုံးဆယ်ကျေးရွာခံ အရပ်သားသုံးဦး သေဆုံးခဲ့သည်ဟု ရွှေဖီမြေက ဆိုသည်။
စစ်ကောင်စီက TNLA နှင့် အခြားတော်လှန်ရေးတပ်များကို ဒေသခံများ၏ ထောက်ပံ့မှု အားလျော့သွားစေရန်နှင့် ၎င်းတို့၏အုပ်ချုပ်မှုယန္တရားများ မလည်ပတ်နိုင်စေရန် ဒေသန္တရစီးပွားရေးနှင့် လူထု၏ စားဝတ်နေရေး အသက်သွေးကြောများကို ဖြတ်တောက်ပိတ်ဆို့ခဲ့သည်။ ယမန်နှစ်၊ နှစ်ဆန်းမှစ၍ စစ်တပ်က မြန်မာပြည်အောက်ပိုင်းမှ ကုန်ပစ္စည်းများ ရှမ်းမြောက်ဒေသရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်များ ထိန်းချုပ်ရာနယ်မြေများသို့ ရောက်ရှိမလာစေရန် ပိတ်ဆို့ခဲ့သည်။
TNLA နှင့် MNDAA တို့ကို ပို၍ ဖိအားများပေးရန် တရုတ်က ပြီးခဲ့သည့်နှစ် ဇွန်မှစ၍ နယ်စပ်ဂိတ်များကို ပိတ်ခဲ့သည်။ MNDAA က လားရှိုးမြို့မှ ပြန်လည်ဆုတ်ခွာခဲ့သည့်နောက်ပိုင်းတွင်မှ နယ်စပ်ဂိတ်များကို တစ်စိတ်တစ်ပိုင်း ပြန်ဖွင့်ပေးခဲ့သည်။ သို့သော် TNLA အတွက်မူ နမ့်ခမ်းကဲ့သို့သော နယ်စပ်ဂိတ်များကို ဆက်လက်ပိတ်ပင်ထားဆဲဖြစ်သည်။
မေလဆန်းတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် TNLA ၏ တွဲဖက်အထွေထွေအတွင်းရေးမှူး(၂) ဗိုလ်မှူးကြီးတားပန်လက “ဒေသခံများသည် ဘက်နှစ်ဘက်ကြားတွင် အလွန်ခက်ခဲသည့် အခြေအနေများနှင့် ရင်ဆိုင်နေရသည်” ဟု ဆိုခဲ့သည်။
ပြည်ထောင်စုလမ်းမကြီး နှင့် အခြားသော လမ်းငယ်အများအပြားသည် တော်လှန်ရေးတပ်များ၏ ထိန်းချုပ်မှုအတွင်း ကျရောက်နေသဖြင့် ပိတ်ဆို့မှုများရှိနေသည့်တိုင် ဂယ်ပေါက်အများအပြားရှိနေသည်။
ရှမ်းနိုင်ငံရေးလေ့လာသုံးသပ်သူနှင့် လွှတ်တော်အမတ်ဟောင်း တစ်ဦးက တရုတ်၏ ကုန်သွယ်ရေးပိတ်ဆို့မှုများသည် TNLA ထက် MNDAA ကို ပို၍အထိနာစေခဲ့သည်ဟု ဆိုသည်။
“MNDAA ထိန်းချုပ်တဲ့ ကိုးကန့်နယ်မြေ ထက်စာရင် TNLA က တခြား ပြည်နယ်နဲ့ တိုင်းတွေကို ဆက်သွယ်ထားတဲ့ ပိုကျယ်ပြန့်တဲ့ နယ်မြေကို ထိန်းချုပ်ထားတယ်”ဟု အဆိုပါ အမည်မဖော်လိုသည့် လေ့လာသုံးသပ်သူက ဖရွန်တီးယားသို့ ပြောသည်။
ကုန်ပစ္စည်းများသည် မြို့များသို့ ဝင်ရောက်နေသော်လည်း ပမာဏနှင့် စျေးနှုန်းများက တစ်နေရာနှင့် တစ်နေရာ မတူညီကြပေ။
စစ်ကောင်စီ၏ ထိုးစစ်များကြောင့် နောင်ချိုမြို့သည် အခြားမြို့များထက် ပို၍ခက်ခဲကျပ်တည်းမှုကို ရင်ဆိုင်ရသည်။ မြို့ခံ ဗမာအမျိုးသားတစ်ဦးဖြစ်သူ ကိုကျော်(အမည်လွှဲ) က အသားနှင့်ငါးများမှာ ယခုနှစ်အတွင်း မဝင်သလောက်ပင် ဖြစ်နေပြီး ဒေသခံများအနေဖြင့် အကန့်အသတ်ဖြင့်သာရှိသည့် ဒေသတွင်း ထုတ်ကုန်များကိုသာအားထားနေရသည်ဟုဆိုသည်။
စက်သုံးဆီသည် ရန်ကုန်နှင့် မန္တလေးမြို့များတွင် တစ်လီတာလျှင် ကျပ် ၃,၀၀၀ ခန့်သာရှိသော်လည်း မိုးကုတ်မှ နောင်ချိုသို့ မှောင်ခိုသွင်းသည့် စက်သုံးဆီသည် တစ်လီတာ ကျပ် ၅,၅၀၀ ရှိသည်ဟု ၎င်းက ဖရွန်တီးယားသို့ ဆိုသည်။
ကုန်ပစ္စည်းရှားပါးမှုအပြင် လေကြောင်းရန်ကြောင့် ကိုကျော်က နီးစပ်ရာ ကျောက်မဲမြို့နယ် ၊ နောင်ပိန် ကျေးရွာသို့ ရွှေ့ပြောင်း နေထိုင်ခဲ့သည်။ သို့သော် ရွာမှ ကျောက်မဲမြို့သို့ သွားရာလမ်းသည် တိုက်ပွဲများကြောင့် ပိတ်သွားတတ်လေ့ရှိပြီး အခြားပိတ်ဆို့မှုများကြောင့်လည်း နောင်ချိုတွင် နေထိုင်ခဲ့စဉ်ကကဲ့သို့ ၎င်းတို့သည် ပြင်ပကမ္ဘာနှင့် အဆက်ပြတ်နေဆဲဖြစ်သည်။ ကျောက်မဲသည်လည်း နောင်ချိုနည်းတူ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီးတိုက်ခိုက်မှုများ မကြာခဏကြုံနေရဆဲဖြစ်သည်။
ပြည်ထောင်စုလမ်းမကြီးမှ မူဆယ်မြို့သို့ သွားရာတွင် တည်ရှိသည့် ကွတ်ခိုင်မြို့မှာမူ ကုန်စည်ရရှိမှု ပို၍ကောင်းမွန်သည်။
ဒေသခံ ကရင်-ဗမာ တိုင်းရင်းသားတစ်ဦးဖြစ်သည့် ကိုခန့်ဝေ (အမည်လွှဲ) က ကုန်ပစ္စည်းများသည် အဓိကအားဖြင့် မန္တလေးမြို့မှလာပြီး စက်သုံးဆီကိုမူ ချင်းရွှေဟော်မြို့ဘက်မှ ရသည်ဟုဆိုသည်။ ချင်းရွှေဟော်မြို့သည် ကွတ်ခိုင်မြို့ အရှေ့ဘက် ကီလိုမီတာ ၁၃၀ ခန့်အကွာ၊ တရုတ်နယ်စပ်တွင်ရှိပြီး အနည်းငယ်သဘောထားပျော့ပျောင်းသည့် MNDAA က ထိန်းချုပ်ထားသည့်အတွက် တရုတ်က အချို့သွင်းကုန်များကို ခွင့်ပြုထားပေးသည်။
“တရုတ်ရဲ့ ဖိအားက ကွတ်ခိုင်မြိုအပေါ်မှာတော့ သိပ်ပြီး မထိရောက်ဘူး” ဟု ကိုခန့်ဝေက ဖရွန်တီးယား သို့ပြောသည်။ “ဒါပေမဲ့ ဒီကိုကုန်လာပို့တဲ့ ကားသမားတွေကတော့ တိုင်းရင်းသားလက်နက်ကိုင်တွေ အပါအဝင် လမ်းတကြောမှာရှိတဲ့အဖွဲ့ အသီးသီးကို အခွန်ပေးရတယ်။ အဲဒီတော့ မြို့ကိုရောက်ချိန်မှာ စျေးကတက်နေပြီ။ ဒီမှာ စက်သုံးဆီတစ်လီတာကို ကျပ် ၃,၈၀၀ လောက်ပေးရတယ်”
ကောင်းမွန်သည့် ကျန်းမာရေးစောင့်ရှောက်မှုကို ရရန်မှာ ပို၍ပင်ခက်ခဲသည်။ TNLA က မြို့ကို သိမ်းပိုက်ပြီးနောက် အားနည်းလှသည့် နိုင်ငံပိုင်ကျန်းမာရေးဝန်ဆောင်မှုများကို အစားထိုးနိုင်ရန် မြို့များ၏ ပြည်သူ့ဆေးရုံများကို ပြန်လည်ဖွင့်လှစ်၍ လည်ပတ်ခဲ့သော်လည်း အောင်မြင်မှု အနည်းငယ်သာရှိသည်ဟု ကိုခန့်ဝေကဆိုသည်။
“TNLA ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကမကောင်းဘူး။ လုံလောက်တဲ့ ဆေးဝါးနဲ့ ဆရာဝန်တွေ မရှိဘူး။ ခွဲစိတ်မှုအကြီးစားတွေမလုပ်နိုင်ဘဲ ကလေးမွေးတာမျိုးလောက်ပဲလုပ်ပေးနိုင်တယ်။ ဒေသခံ တွေက အပြင်ဆေးခန်းတွေကို အားထားရတော့ ငွေကြေးနွမ်းပါးတဲ့သူတွေအတွက်က ဆေးကုဖို့ အတွက် စျေးကြီးမပေးနိုင်ကြဘူး” ဟု ၎င်းက ပြောသည်။
အပြင်ဆေးခန်းများကလည်း အကန့်အသတ်နှင့်ဖြစ်သည်။ ပို၍အဆင့်မြင့်သည့် ကျန်းမာရေးစောင့်ရှောက်မှုများအတွက် ပုံမှန်အားဖြင့် ရှမ်းမြောက်မှ မန္တလေး သို့မဟုတ် ပြင်ဦးလွင်မြို့များသို့ သွားရသော်လည်း ထိုသို့ မြို့ပြဒေသများကို သွားရောက်ရန်မှာ ယခုအခါ အန္တရာယ်များပြီး အနီးဆုံးဖြစ်သော နောင်ချိုမြို့မှ လာရောက်ရန်မှာ တွက်ဆရခက်သည့် နှောင့်နှေးကြန့်ကြာမှုများ ရှိနေသည်။
“TNLA နဲ့ စစ်ကောင်စီနယ်မြေကြားရှိတဲ့ စစ်ဆေးရေးဂိတ်တွေကို ရှောင်ဖို့ ပိုရှည်တဲ့ လမ်းကြောင်းကို သွားရတော့ ခရီးက အချိန်အကြာကြီးသွားရတယ်” ဟု ၎င်းက ပြောသည်။
ထို့ကြောင့် အလွန်နာမကျန်းဖြစ်နေသည့် လူနာများမှာ ပိုမိုကောင်းမွန်သည့် ဆေးရုံများရှိသော တရုတ်နယ်စပ်ရှိ MNDAA ၏ ရုံးချုပ်ရှိရာ ၃၀၀ ကီလိုမီတာ ကျော်ဝေးသည့် လောက်ကိုင်မြို့ သို့ သွားရောက်ကုသကြသည်ဟုလည်း ၎င်းက ဆိုသည်။

ပြည်သူ့စစ်များ မွေးမြူခြင်း
တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေစဥ် TNLAက ၎င်းထိန်းချုပ်ရာဒေသများတွင် အတင်းအကျပ် တပ်သားသစ်စုဆောင်းနေသဖြင့်လူထု၏ ဝေဖန်မှုများ ကြုံနေရသည်။
၂၀၀၉တွင် စတင်တည်ထောင်ခဲ့သည့် TNLAသည် ၎င်း၏ တအာင်းတိုင်းရင်းသားများထဲမှ တပ်သားသစ်စုဆောင်းမှုများ လုပ်ဆောင်ခဲ့သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ သို့သော် ၁၀၂၇ စစ်ဆင်ရေး ပြီးနောက်ပိုင်း၌ ၎င်း၏ တပ်သားသစ်စုဆောင်းမှုမူဝါဒများနှင့် စပ်လျဥ်း၍ လူသိရှင်ကြား ရှင်းလင်းရန်လိုအပ်သည်ဟု TNLA က ယူဆခဲ့သည်။
ယမန်နှစ် ဖေဖော်ဝါရီတွင် ၎င်းတို့က နှစ်ယောက် သို့မဟုတ် နှစ်ယောက်အထက်ရှိသော အိမ်ထောင်စုတိုင်းမှ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိ တအာင်းအမျိုးသားများ စစ်မှုထမ်းရမည်ဟု TNLA က ကြေညာခဲ့သည်။ မောင်နှမ သုံးယောက် သို့မဟုတ် သုံးယောက်အထက်ရှိသော အမျိုးသမီးများလည်း TNLA၏ စစ်မှုထမ်းမူဝါဒတွင် အကျုံးဝင်သည်။ ကျန်းမာရေးမကောင်းသူများ သို့မဟုတ် ဘာသာရေးဝန်ထမ်းများနှင့် မိသားစုအတွင်း တအာင်းအရပ်ဘက်အဖွဲ့အစည်းများတွင် တာဝန်ထမ်းဆောင်နေသာ ဗဟိုကော်မတီဝင်ရှိသည့် အိမ်ထောင်စုများမှာမူ စစ်မှုထမ်းမှ ကင်းလွတ်ခွင့်ရသည်။ အခြားသောတိုင်းရင်းသားလူမျိုးစုများမှာမူ မိမိသဘောဆန္ဒအလျောက် စစ်မှုထမ်းခွင့်ရှိကြောင်းလည်း ဖိတ်ခေါ်ထားသည်။
မကြာသေးမီကပင် TNLA က ၎င်းတို့၏ စစ်တပ် တပ်ရင်းများအပြင် မြို့များကို ကာကွယ်ရန် ဒေသခံ ပြည်သူ့စစ်များကို စတင်ဖွဲ့စည်းခဲ့သည်။
“တချို့နေရာတွေမှာ ဒေသခံမြို့စောင့်တပ်အတွက် လူတွေစတင်စုဆောင်းခဲ့ပါတယ်။ လူထုအနေနဲ့ တတ်နိုင်တဲ့ ဘယ်နည်းနဲ့မဆို ပူးပေါင်းပါဝင်ကြဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ဒါမှသာ ဒီဒေသတွေကို ကာကွယ်ပြီး ဖွံ့ဖြိုးအောင်လုပ်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းပါ”ဟု မေတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်မှူးကြီးတားပန်လက ပြောသည်။
သို့သော် ကွတ်ခိုင်မြို့ခံ ပြည်သူများသည် မြို့စောင့်တပ် ဖွဲ့စည်းရေးတွင် ပါဝင်ရန် တွန့်ဆုတ်နေကြပြီး ထိုဆောင်ရွက်မှုကိုလည်းလိုလားခြင်းမရှိဟု ကိုခန့်ဝေက ဆိုသည်။
“TNLA က မြို့လုံခြုံရေးအတွက် မြို့စောင့်တပ်ဖွဲ့ဖို့ ဆိုပြီး မေလထဲမှာ စပြီး တပ်သားသစ် စုဆောင်းမှုလုပ်တယ်။ တိုက်ပွဲအတွက်မဟုတ်ဘဲ မြို့ရဲ့ အုပ်ချုပ်ရေးနဲ့ လုံခြုံရေးအတွက်လို့ ပြောတယ်” ဟု ၎င်းကပြောသည်။
“ဒါပေမဲ့ ဒေသခံတွေက မဝင်ချင်ကြဘူး။ အဲဒီတော့ ရန်ကုန်၊ မန္တလေးနဲ့ မူဆယ်လို ဒေသတွေဘက်ကို ရှောင်သွားကြတယ်”
၂၀၁၉၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ စာရင်းများအရ တအာင်းတိုင်းရင်းသားများသည် ကွတ်ခိုင်မြို့လူဦးရေ၏ လေးပုံတစ်ပုံခန့်သာ ရှိသော်လည်း နောက်ဆုံးအကြိမ်လူသစ်စုဆောင်းရာတွင် TNLA သည် တအာင်းလူထုကိုသာ အဓိကထား၍ စုဆောင်းခဲ့ကြောင်း ကိုခန့်ဝေကဆိုသည်။ MNDAA ကလည်း အလားတူပင် ၎င်းတို့လှုပ်ရှားရာ မြို့နယ်များရှိ နယ်စွန်၊ နယ်ဖျားဒေသများတွင် နေထိုင်သော တရုတ်ဒေသခံများကို အများဆုံးစုဆောင်းခဲ့ကြောင်း ကိုခန့်ဝေက ဆိုသည်။
“MNDAA က သူတို့ရဲ့ ကိုးကန့်လူမျိုးတွေကို အဓိကထားစုဆောင်းပြီး TNLA က တအာင်းလူမျိုးတွေကို စုဆောင်းတယ်။ MNDAA နဲ့ TNLA က ဗမာနဲ့ တခြား တိုင်းရင်းသားလူနည်းစုတွေကို တပ်သားသစ် စုဆောင်းဖို့ သိပ်အာရုံမထားတဲ့အတွက် ကွတ်ခိုင်မြို့မှာတော့ အေးအေးဆေးဆေးနေလို့ရတယ်” ဟု ၎င်းကပြောသည်။
မြို့စောင့်တပ်များကို အဓိကအားဖြင့်တအာင်းတိုင်းရင်းသားများဖြင့်သာ ဖွဲ့စည်းထားသည်ဟု အတည်ပြုပြီး အခြားတိုင်းရင်းသားလူမျိုးများလည်း ဆန္ဒရှိပါက ပါဝင်နိုင်ကြောင်း လွေးယေဦးက ပြောသည်။
“မြို့စောင့်တပ်တွေကို အသက် ၁၈ နှစ်အထက် မည်သူမဆိုဝင်ရောက်နိုင်ပြီး သင်တန်းပြီးတဲ့အခါ အလှည့်ကျစနစ်နဲ့ တာဝန်ထမ်းဆောင်ရပါတယ်” ဟု ၎င်းက ဖရွန်တီးယားသို့ ပြောသည်။
“သူတို့က နှစ်လ သို့မဟုတ် သုံးလ တာဝန်ထမ်းဆောင်ရတယ်။ ဒါပေမဲ့ နောက်ထပ် အလှည့်မကျခင် အထိ အရပ်သားဘဝနဲ့ နေလို့ရတယ်”
သို့သော် TNLAက လီဆူနှင့် မိုးကုတ်မြို့မှ နီပါလီ မျိုးနွယ်စုများအပါအဝင် တအာင်းတိုင်းရင်းသားမဟုတ်သူများကိုပါ အတင်းအကျပ် တပ်သားသစ်စုဆောင်းနေသည်ဟု DVB သတင်းဌာနက ဖော်ပြခဲ့သည်။ ဤသည်ကို ထောက်ရှုခြင်းဖြင့် ရှမ်းမြောက်တွင် နေထိုင်သည့် အခြားသော တိုင်းရင်းသားလူမျိုးစုဝင်များသည်လည်း ပြည်သူ့စစ် သို့မဟုတ် စစ်တပ်တွင် တာဝန် ထမ်းဆောင်ရနိုင်ခြေရှိနေသည်။
နောက်ထပ် အငြင်းပွားဖွယ်တစ်ခုမှာ လွေးယေဦးက အသက်ကန့်သတ်ထားသည်ဟုဆိုသည့်တိုင် TNLA က ကလေးငယ်များကို တပ်သားသစ်အဖြစ် စုဆောင်းနေသည့် သတင်းများထွက်ပေါ်နေသည်။ ကျန်းမာရေးကောင်းမွန်ပါက အသက်၁၆နှစ်နှင့်အထက် မည်သူမဆို မိမိသဘောဆန္ဒအလျောက်ပါဝင်နိုင်သည်ဟု တရားဝင်ထုတ်ပြန်ထားသော်လည်း ကိုခန့်ဝေကမူ ကွတ်ခိုင်မြို့ပေါ်တွင် အသက်၁၃နှစ်အရွယ် ကလေးငယ်များကိုပင် စုဆောင်းမှုများရှိနေသည်ဟု ပြောသည်။
မဟာမိတ်တွေလား ပြိုင်ဘက်တွေလား
TNLA သည် ၎င်းထိန်းချုပ်နယ်မြေများကို MNDAA က လားရှိုးကို စစ်ကောင်စီထံ ပြန်ပေးသကဲ့သို့ ပြုလုပ်မည်မဟုတ်ဘဲ ထိန်းချုပ်နိုင်ရန် ဆက်လက်တိုက်ပွဲဝင်နေနိုင်သည်ဟု ကိုကျော်နှင့် ကိုခန့်ဝေတို့ နှစ်ဦးလုံးက ယုံကြည်ကြသည်။ TNLAတွင် တအာင်းလူထု၏ ထောက်ခံမှုရှိနေသည်ဟု ကိုခန့်ဝေကဆိုသည်။
“လူတွေက စစ်ကောင်စီပြန်လာမှာကို မလိုလားကြဘူး။ ကွတ်ခိုင်ဗုံးကြဲခံရတော့ လူတွေက စစ်တပ်ကို ပိုပြီးတော့တောင် ရွံမုန်းသွားကြသေးတယ်” ဟု ၎င်းက ပြောသည်။ ယမန်နှစ်၊ သြဂုတ်လအတွင်း မြို့မစျေးကို စစ်ကောင်စီက ဗုံးကြဲခဲ့သည့် ဖြစ်ရပ်ကို ရည်ညွှန်းခြင်းဖြစ်သည်။ ထိုတိုက်ခိုက်မှုကြောင့် ဆိုင်အများအပြားပျက်စီးကာ လူခြောက်ဦး သေဆုံးခဲ့သည်။
“အခု ဒေသခံတွေက ဘယ်အချိန်မဆို ညဘက်တောင်မှ လွတ်လွတ်လပ်လပ်သွားလို့ရတယ်။ စစ်တာ ဆေးတာတွေ၊ တိုက်ခိုက်တာတွေမရှိဘူး။ စစ်ကောင်စီလက်အောက်မှာတုန်းက ဒီလို လွတ်လပ်မှုမျိုး မရှိခဲ့ဘူး” ဟု ၎င်းက ပြောသည်။ TNLA က ၎င်း၏ မဟာမိတ်များ စိတ်ကျေနပ်စေလိုသည့် ဆန္ဒလည်း ရှိနေသည်။
TNLA က ၂၀၂၁နောက်ပိုင်း ဗမာတိုင်းရင်းသား အစုအဖွဲ့များ အများဆုံးပါဝင်သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့PDF များ၏ ပူးပေါင်းပါဝင်မှုဖြင့် ထိုဒေသများကို သိမ်းပိုက်ထားခြင်းဖြစ်သည်ဟု ရှမ်းမြောက်အခြေစိုက် နိုင်ငံရေးသုတေသီကဆိုသည်။ ထို့ကြောင့် “စစ်တပ်၏ တောင်းဆိုမှုများကို လိုက်လျောပြီး နယ်မြေများကို ပြန်ပေးလိုက်ပါက မဟာမိတ်များကို သစ္စာဖောက်သည်ဟု ထင်ရနိုင်ကြောင်း” ၎င်းကဆိုသည်။
မေလ သတင်းစာရှင်းလင်းပွဲတွင်လည်း တားပန်လက အလားတူမှတ်ချက်မျိုးပေးခဲ့ဖူးသည်။ “ကျနော်တို့အနေနဲ့ အတူတကွတိုက်ပွဲဝင်ခဲ့ကြတဲ့ မဟာမိတ်တွေရဲ့ အသံကိုလေးစားရမှာဖြစ်သလို ဒီနယ်မြေတွေကနေ စစ်တပ်ပြန်ဆုတ်သွားအောင်နဲ့ အောင်ပွဲအတွက် ပံ့ပိုးပေးခဲ့တဲ့ လူထုရဲ့ အသံကိုလည်း လေးစားရမှာဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။ “ဒါကြောင့် ဘာကိုမှ ပြန်ပေးဖို့ စိတ်ကူး မရှိပါဘူး”
TNLA အနေဖြင့် အာဏာသိမ်းပြီးစဥ်ကတည်းက PDF များကို သင်တန်းပေးခြင်း၊ လက်နက်နှင့် ခိုလှုံစရာများပေးခြင်းဖြင့် ကူညီခဲ့ပြီး ၎င်းတို့အပေါ် လွှမ်းမိုးနိုင်သည့် ဆက်ဆံရေးမျိုး တည်ဆောက်ထားသည်။ အခြားဝါရင့် တိုင်းရင်းသားလက်နက်ကိုင်တပ်များနှင့် ဆက်ဆံရေးမှာမူ ကာလရှည်ကြာစွာ မဟာမိတ်ဖြစ်ခဲ့သော်လည်း သာမန်မျှသာဖြစ်ပြီး တခါတရံတွင်မူ တင်းမာမှုများရှိသည်။ ၁၀၂၇ စစ်ဆင်ရေးဖြင့် မြို့များကို သိမ်းပိုက်ခဲ့ပြီးကတည်းက TNLA တပ်များသည် သတ္တုတွင်းများ၊ စစ်ဆေးရေးဂိတ်များနှင့် ရွာများကို ထိန်းချုပ်ခွင့်ရရှိရေးအတွက် MNDAA၊ KIA နှင့် SSPP တပ်ဖွဲ့ဝင်များနှင့် အချင်းများ၊ ခိုက်ရန်ဖြစ်ပွားမှုများ ရှိခဲ့သည်။
မဟာမိတ်ကော်မတီမှတဆင့် အချင်းပွားမှုများကို ဖြေရှင်းရန် ဆွေးနွေးပွဲများ ကျင်းပခဲ့သည်။ သို့သော် ထိုသို့ယှဥ်ပြိုင်မှုများကြောင့် စစ်ကောင်စီက ဝိုင်းရံပိတ်ဆို့ထားချိန်တွင် TNLA သည် ၎င်းတို့တစ်ဖွဲ့တည်း အထီးကျန်သလို ဖြစ်လာသည်။
“မဟာမိတ်တွေကြားပွတ်တိုက်မှုတွေဖြစ်တဲ့အခါ အရပ်သားတွေအနေနဲ့ အခက်ကြုံရပြီး ရန်သူကိုလည်း ပျော်အောင် လုပ်ပေးသလိုဖြစ်နေတယ်” ဟု ၁၀၂၇ စစ်ဆင်ရေးအတွင်း ညီနောင်မဟာမိတ်သုံးဖွဲ့နှင့်အတူ တိုက်ပွဲဝင်ခဲ့သည့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ပြောခွင့်ရပုဂ္ဂိုလ် ရဲဘော် နီနီကျော်ကဆိုသည်။ “အဲဒီလိုဖြစ်တဲ့အခါ ဘုံရန်သူကို တိုက်တဲ့နေရာမှာလည်း ကျမတို့ အင်အားတွေကို ခွဲထုတ်သလိုဖြစ်နေတယ်။ ဒီလိုကိစ္စတွေက ထိခိုက်မှုရှိနိုင်ပြီး ချက်ချင်းကို ဖြေရှင်း ဆောင်ရွက်ဖို့လိုပါတယ်”
လွေးယေဦးကမူ တိုက်ခိုက်မှုများနှင့်ပတ်သက်၍ အထူးတလည် စိုးရိမ်ပူပန်မှုမရှိဟု ဆိုသည်။ “မဟာမိတ်တွေကြားမှာ ပွတ်တိုက်မှုလေးတွေ၊ သဘောထားကွဲလွဲမှုလေးတွေရှိပေမဲ့ စစ်ကောင်စီနဲ့ သူ့ရဲ့ လော်ဘီတွေက သူတို့အကျိုးအတွက် ဒီကွဲလွဲမှုလေးတွေကို အမြတ်ထုတ်ဖို့ ကြိုးစားနေကြတယ်။ ဒါပေမဲ့ ကျမတို့အနေနဲ့ ဒီအခြေအနေတွေကို သတိပြုမိသလို ဒီထက်ပိုပြီး အရှိန်မြင့်တက် မလာဖို့ အချင်းချင်း လိုက်လျောညီထွေဖြစ်ဖို့ ကြိုးပမ်းမှုတွေ လုပ်ဆောင်နေပါတယ်” ဟု ၎င်းက ဖရွန်တီးယား သို့ ပြောသည်။
ရဲဘော်နီနီကျော်ကတော့ ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းနှင့်ဒုတိယလှိုင်းတွင် အတူတိုက်ပွဲဝင်ခဲ့ကြသည့် အဖွဲ့အချင်းချင်းကြားတွင် အပြန်အလှန်လေးစားမှု၊အပြန်အလှန်ကူညီမှုများ လိုအပ်ကြောင်း ပြောသည်။
“ဥပမာ အတူတိုက်တဲ့အဖွဲ့က ၁၀ ဖွဲ့ရှိတယ်ဆိုရင် ဒီအဖွဲ့တွေအားလုံးက ကိုယ်သိမ်းလိုက်တဲ့နေရာမှာ အလံစိုက်ခွင့်တောင်မရှိဘဲနဲ့ အကြီးဆုံးအဖွဲ့အစည်းတစ်ခုကပဲ ကိုယ့်အလံကိုယ်စိုက်ပြီးပဲလုပ်မယ်၊ ကျန်တဲ့အဖွဲ့ ဝင်မစွက်ဖက်နဲ့ဆိုတဲ့ ပုံစံမျိုးတွေကြတော့လည်း ကျန်တဲ့အတူတိုက်တဲ့အဖွဲ့တွေမှာလည်း နည်းနည်းတော့ စိတ်ခံစားချက်ဖြစ်တာပေါ့။ အားလျော့တာပေါ့” ဟု ရဲဘော်နီနီကျော်က ပြောသည်။
TNLAသည် လက်နက်ကိုင်မဟာမိတ်များကို အားကိုးနေရသည်သာမက ၎င်း၏ အခြေပြုစ တအာင်းပြည်သစ်တွင် ပါဝင်သည့် နယ်မြေအချို့တွင် တအာင်းတိုင်းရင်းသားများသည် လူနည်းစုဖြစ်နေသည်။ ထို့ကြောင့် အာဏာကို လက်ဝါးကြီးအုပ် ချုပ်ကိုင်ထားခြင်းက ဒေသတွင်း မတည်ငြိမ်မှုများကို ဖြစ်စေနိုင်သည်။
တချိန်တည်းမှာပင် တရုတ်က ဖိအားပေးနေသည့်တိုင် TNLAက စစ်ကောင်စီနှင့် ညှိနှိုင်းရာတွင် ပြတ်ပြတ်သားသား တင်းခံနေဆဲဖြစ်ပြီး နယ်မြေတစ်လက်မ မကျန်ကာကွယ်ရန် စိတ်ပိုင်းဖြတ် ထားပုံပေါ်သည်။ မည်သို့ပင်ဆိုစေကာမူ စစ်ကောင်စီ၏ ပြင်းပြင်းထန်ထန်ထိုးစစ်ဆင်မှုကြောင့် နောင်ချိုမြို့မှ စတင်၍ ဆုတ်ခွာရနိုင်ခြေရှိနေသည်။
TNLA နှင့် ၎င်း၏ မဟာမိတ်များသည် တရုတ်၏ ပိတ်ဆို့မှုများကြောင့် လက်နက်အင်အား နည်းပါးလာနေသည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူက ဆိုသည်။
“ကျနော်ကတော့ တရုတ်က ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ကို လက်နက်ခဲယမ်းတွေ မပေးတော့ဖို့ ဖိအားပေးနေတယ်လို့ ယုံကြည်ပါတယ်” ဟု ၎င်းက ပြောသည်။ UWSA သည် ၎င်းထိန်းချုပ်ရာ ရှမ်းမြောက်နယ်မြေများတွင် လက်နက်စက်ရုံများရှိပြီး ၂၀၂၁ စစ်အာဏာသိမ်းပြီးစဥ်ကတည်းက ကြားနေအဖြစ် နေခဲ့သည့်တိုင် တော်လှန်ရေးတပ်ဖွဲ့ အများအပြားကို လက်နက်များ တိတ်တဆိတ်ပံ့ပိုးပေးခဲ့သည်။
“TNLA နဲ့ PDF တွေက စစ်ကောင်စီထက် စိတ်ဓာတ်ရေးရာပိုကောင်းပါတယ်” ဟု အထက်ပါနိုင်ငံရေးလေ့လာသုံးသပ်သူက ပြောသည်။ “ဒါပေမဲ့ သူတို့မှာ လုံလောက်တဲ့ လက်နက်ခဲယမ်းတွေမရှိဘူးဆိုရင် နယ်မြေတွေကို ထိန်းချုပ် ထားနိုင်ဖို့ ခက်ခဲလိမ့်မယ်”