အစိုးရအဖွဲ့တွင် ဦးမြင့်ဆွေ ပါဝင်လာမှုကြောင့် စိုးရိမ်စရာမလိုဟု အင်န်အယ်လ်ဒီက ပြောကြား

မတ် ၁၂ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အဆောက်အဦးသစ် ဖွင့်လှစ်ပွဲသို့ တက်ရောက်လာသည့် ဦးမြင့်ဆွေ။ ဓာတ်ပုံ- အေအက်ဖ်ပီ

မတ် ၁၂ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အဆောက်အဦးသစ် ဖွင့်လှစ်ပွဲသို့ တက်ရောက်လာသည့် ဦးမြင့်ဆွေ။ ဓာတ်ပုံ- အေအက်ဖ်ပီ

အင်န်အယ်လ်ဒီက ဖွဲ့စည်းသည့် အစိုးရသစ်ကို အင်န်အယ်လ်ဒီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကသာ ဦးဆောင်သွားမည်

စိုးသန်းလင်း ရေးသားသည်။

နေပြည်တော်၊ မတ် ၂၁

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ဖွဲ့စည်းသည့် အစိုးရအဖွဲ့တွင် အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ သစ္စာခံတပည့်ရင်း ဖြစ်ရုံသာမက ရန်ကုန်တိုင်းမှူးနှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖြစ်ခဲ့သူ ဦးမြင့်ဆွေ ပါဝင်လာမှုအား စိုးရိမ်ပူပန်မှုမရှိစေရန် အဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

“အင်န်အယ်လ်ဒီက ချမှတ်တဲ့ မူဝါဒတွေပေါ် မူတည်ပြီး အစိုးရအဖွဲ့က လုပ်ကြမှာပဲလေ။ ဘာပဲပြောပြော အင်န်အယ်လ်ဒီကို Run နေ တာကတော့ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ပါ။ အဖွဲ့ချုပ်က ဖွဲ့တဲ့ အစိုးရအဖွဲ့ကို ဦးဆောင်တဲ့သူကလည်း ဒေါ်အောင်ဆန်းစုကြည်ပဲ ဖြစ်ကို ဖြစ်ရမယ်။ သမ္မတမဖြစ်တာကလွဲလို့ ဦးဆောင်တဲ့ အခန်းကဏ္ဍမှာ ဒေါ်အောင်ဆန်းစုကြည် အမြဲရှိနေမယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့အောက်မှာ ကျွန်တော်တို့ ရည်မှန်းထားတဲ့ ပန်းတိုင်ကို ရောက်အောင် ကျွန်တော်တို့ အရှိန်နဲ့  ကျွန်တော်တို့ သွားမှာပဲ။ ဦးမြင့်ဆွေ ပါလာတဲ့အတွက်ကတော့ စိုးရိမ် ကြောင့်ကြစရာကြီးလို့ မထင်ပါဘူး” ဟု ၎င်းက Frontier ကို ပြောကြားသည်။

မတ် ၁၅ ရက်နေ့က ပြည်ထောင်စုလွှတ်တော်တွင် ပြုလုပ်ခဲ့သည့် သမ္မတရွေးချယ်ပွဲတွင် အင်န်အယ်လ်ဒီက တင်သည့် ဒုတိယသမ္မတနှစ်ဦးအနက် ဦးထင်ကျော်က ၃၆၀ မဲဖြင့် သမ္မတ၊ ဦးဟင်နရီ ဗန်ထီးယူက ၇၉ မဲဖြင့် ဒုတိယ သမ္မတ (၂) အဖြစ် ရွေးချယ်ခံရပြီး တပ်မတော်က တင်သည့် ဦးမြင့်ဆွေက ၂၁၃ မဲဖြင့် ဒုတိယသမ္မတ (၁) ဖြစ်လာသည်။

ဒုတိယဗိုလ်ချုပ်ကြီးဟောင်းဖြစ်သည့် ဦးမြင့်ဆွေသည် ရန်ကုန်တိုင်းမှူး တာဝန်နှင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်တာဝန်များ ရယူခဲ့စဉ်က ရွှေဝါရာင် သပိတ်အဖွဲ့များကို အကြမ်းဖက် နှိမ်နင်းခဲ့ခြင်းနှင့် အဂတိလိုက်စားခြင်းစသည့် အမည်ဆိုးများဖြင့် ဝေဖန်ခံထားရသလို အမေရိကန်အစိုးရ၏ အရေးယူပိတ်ဆို့မှုကို ခံထားရသူလည်း ဖြစ်သည်။

လက်ရှိ အစိုးရလက်ထက်တွင် ဒုတိယ သမ္မတ(၁) အား ပြည်တွင်း ငြိမ်းချမ်းရေး၊ အဂတိ တိုက်ဖျက်ရေးနှင့် မြေယာနေရာချထားမှု စီမံခန့်ခွဲရေးစသည့် အရေးကြီးသော လုပ်ငန်းများကို ဆောင်ရွက်ရန် သမ္မတက တာဝန်ပေးထားသည်။ အဂတိလိုက်စားမှုဖြင့် နာမည်ဆိုး ထွက်နေပြီး ပဋိပက္ခကို အကြမ်းဖက် ဖြေရှင်းတတ်သည့် ဦးမြင့်ဆွေသည် အဆိုပါ ဒုတိယသမ္မတ (၁) ၏ တာဝန်များကို ဆောင်ရွက်ရန် သင့်လျော်ပါမည်လားဟု Frontier က မေးမြန်းသည့်အခါ ဒေါက်တာဇော်မြင့်မောင်က “ ဒုတိယသမ္မတ (၁)ရဲ့ လုပ်ပိုင်ခွင့်တွေက အရင်ငါးနှစ်က ဘယ်လိုပဲ ရှိခဲ့ပါစေ သမ္မတရဲ့ စီမံခန့်ခွဲမှု အောက်မှာပဲ ရှိနေမှာပါ။ အရင်က ဒီတာဝန်တွေ ပေးခဲ့လို့ အခုလည်း အဲဒီတာဝန်တွေ ပေးရမယ်လို့ ဥပဒေက ပြဌာန်းမထားပါဘူး။ အင်န်အယ်လ်ဒီကဖွဲ့တဲ့ အစိုးရကို အင်န်အယ်လ်ဒီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကပဲ ဦးဆောင်နေရမှာ ဖြစ်တယ်။ ဒါကို ခြွင်းချက်မရှိ ယုံကြည်ထားရမှာ ဖြစ်တယ်” ဟု ဖြေကြားသည်။

အင်န်အယ်လ်ဒီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်ကလည်း “အခုလို အခြေအနေထိ ရောက်လာဖို့ ကြိုးစား ရုန်းကန်ခဲ့ရတာ ၂၈ နှစ် ရှိနေပြီ။ နောက်ထပ် ဘယ်လောက်ပဲ ရုန်းကန်ရ ရုံးကန်ရ ဆက်ပြီး သွားဦးမှာပဲ။ အစိုးရအဖွဲ့ရဲ့ အရှိန်နှေးတာတွေ၊ မြန်တာတွေ ကျွန်တော့် ခေါင်းထဲ မရှိဘူး၊ လုပ်သင့်တာမှန်သမျှ ဆက်လုပ်သွားမှာပဲ။ ဦးမြင့်ဆွေက အမှားတစ်ခုခု ထမလုပ်အောင် ဘယ်လို စီစဉ်သင့်သလဲ။ ဒါကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ပဲ ဆိုင်တယ်။ သူ စဉ်းစားထားပြီးသားပါ” ဟု ပြောသည်။

အတိတ်က မည်သည့် အမှားများ လုပ်ခဲ့ပါစေ လက်ရှိတွင် နိုင်ငံ ကောင်းကျိုး၊ ပြည်သူ့အကျိုးအတွက် စိတ်ကောင်းစေတနာဖြင့် ပူးပေါင်း ဆောင်ရွက်ကြရန်သာ လိုအပ်ကြောင်း ပုလဲမြို့နယ်အမတ် ဒေါ်ခင်စန်းလှိုင်က ပြောသည်။

“ကျွန်မတို့က အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး မူဝါဒကို ကိုင်စွဲထားတာဖြစ်လို့ အဲဒီအပေါ်မှာပဲ ရပ်တည်တာ ဖြစ်တဲ့အတွက် ဘယ်သူပဲ ဖြစ်စေကာမူ ကျွန်မတို့ကတော့ ပူးပေါင်း ဆောင်ရွက်မှာပဲ။ ဒုတိယသမ္မတအဖြစ် တပ်မတော်ဘက်က တင်မြှောက်လိုက်တဲ့ ဦးမြင့်ဆွေအနေနဲ့ ဘယ်လောက် စေတနာထားပြီး ဆောင်ရွက်မလဲ။ သူ့အနေနဲ့ရော ကျွန်မတို့နဲ့ ပူးပေါင်းချင်တဲ့ စိတ်ရှိဖို့ကလည်း အဓိက ကျပါတယ်။ အဲဒီတော့ သူ့ရဲ့ လုပ်ဆောင်လာမယ့် လုပ်ရပ်တွေကို ကြည့်ပြီး အကဲဖြတ်ရမှာပဲ။ ကျွန်မတို့ကတော့ ဘယ်သူပဲ ဖြစ်ဖြစ် ကြိုဆိုပါတယ်။ ကျွန်မတို့က တိုင်းပြည်ကောင်းအောင် လုပ်ချင်တယ်။ တပ်မတော်ကလည်း တိုင်းပြည် ကောင်းအောင် လုပ်မယ်လို့ ပြောထားတဲ့အတွက် ကောင်းအောင်လုပ်မယ့် ဆန္ဒချင်းက အတူတူပါပဲ” ဟု ၎င်းက ပြောသည်။

အင်န်အယ်လ်ဒီ အစိုးရ၏ ရည်ရွယ်ချက်များကို ထိခိုက်လာစေမည့် အဟန့်အတား ဖြစ်စေသော အလုပ်များကို ဦးမြင့်ဆွေ မလုပ်နိုင်ရန်နှင့် အမှန်တကယ် ပူးပေါင်း ဆောင်ရွက်လာရေးအတွက် အပြန်အလှန် ထိန်းကျောင်းမှုများဖြင့် ဆောင်ရွက်နိုင်သည်ဟုလည်း ၎င်းက ပြောသည်။

“မဏ္ဍိုင်သုံးရပ်က အချင်းချင်း အပြန်အလှန် ထိန်းကျောင်းနေမှာ ဆိုတော့ အစိုးရအဖွဲ့မှာလည်း  အပြန်အလှန် ထိန်းကျောင်းကြမှာ ဆိုတော့ သူတစ်ဦးတည်း သူ့သဘောနဲ့သူ ဆောင်ရွက်တာမျိုး လုပ်နိုင်မှာ မဟုတ်လို့ ဒါလောက် စိုးရိမ်ပူပန်နေစရာ မရှိပါဘူး။ လက်တွေ့ လုပ်လာတဲ့အခါကျမှပဲ စောင့်ကြည့်ရမှာပါ။ အခု ကြိုပြောဖို့ စောနေပါသေးတယ်။  အရင် ငါးနှစ်ကလို ဒုတိယ သမ္မတ(၁)က ဘာတွေလုပ်ရမယ်၊ ဒုတိယသမ္မတ(၂) ကတော့ ဘာတွေ လုပ်ရမယ်ဆိုတဲ့ လုပ်ပိုင်ခွင့်တွေကိုတော့ သမ္မတက ချထားပေးမှာပါ။ အဲဒီတာဝန်တွေက အရင်နဲ့ မတူတာတွေလည်း ဖြစ်လာနိုင်ပါတယ်။ ကျွန်မတို့က ဒါတွေကို ဆုံးဖြတ်ဖို့ သမ္မတ(ဦးထင်ကျော်)ကိုပဲ ယုံယုံကြည်ကြည်နဲ့ လွှဲအပ်ထားပါတယ်”ဟု ဒေါ်ခင်စန်းလှိုင်က ပြောသည်။

ဦးမြင့်ဆွေ ဒုတိယ သမ္မတ(၁) ဖြစ်လာခြင်းနှင့် ပတ်သက်ပြီး လူမှု ကွန်ယက်စာမျက်နှာများနှင့် ကာတွန်းအချို့တွင် လှေပေါ်သို့ ငါးခုံးမ အပုပ်တစ်ကောင် တင်ပေးလိုက်ခြင်းနှင့် နှိုင်းယှဉ်ဖော်ပြမှုများလည်း ရှိနေသည်။

“ဖွဲ့စည်းပုံ အခြေခံဥပဒေအရ  အခုလို မလွဲမရှောင်သာ ပါလာတာပေါ့လေ။ လူတိုင်းမှာတော့ မတူညီတဲ့ သမိုင်းကြောင်းတွေ ရှိကြတာပါပဲ။ ဒါတွေကိုတော့ မှတ်ချက်မပေးလိုပါဘူး။  ဒါပေမယ့် ပြည်သူလူထုရဲ့ အမှန်တကယ် ပြောင်းလဲချင်တဲ့ ဆန္ဒကိုတော့ မျက်နှာမူ ဆောင်ရွက်ကြရမှာပေါ့။ ပြီးခဲ့တာတွေကို တစ်ခန်းရပ်ထားပြီး ပြည်သူ့အတွက် ပူးပေါင်း ဆောင်ရွက်ကြရင်တော့ ရလာဒ်ကောင်းတွေ ရလာနိုင်ပါတယ်။ အစိုးရအဖွဲ့အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်အောင်တော့ လုပ်ကြရမှာပါ။ အားလုံး ညှိနှိုင်းတိုင်ပင်ပြီး ပူးပေါင်း ဆောင်ရွက်ကြရင်တော့ ဒီအခက်အခဲကို ကျော်လွှားနိုင်မှာပါ” ဟု လှိုင်သာယာမြို့နယ်မှ အမတ် ဒေါက်တာသန်းမြင့်က ပြောကြားသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.