အစိုးရသစ်အနေဖြင့် စီးပွားရေး စိန်ခေါ်မှုများ ကြုံတွေ့ရမည်ဟု အေဒီဘီ သတိပေး

ရန်ကုန်ဆိပ်ကမ်းတွင် ကုန်တင်ကုန်ချပြုလုပ်နေကြသည့် ကုန်တင်သင်္ဘောများ။ ဓာတ်ပုံ- Frontier

ရန်ကုန်ဆိပ်ကမ်းတွင် ကုန်တင်ကုန်ချပြုလုပ်နေကြသည့် ကုန်တင်သင်္ဘောများ။ ဓာတ်ပုံ- Frontier

အစိုးရသစ်အနေဖြင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများအား ဆက်လက်ဆောင်ရွက်ရာတွင် စိန်ခေါ်မှုများ ကြုံတွေ့ရဖွယ်ရှိသည်ဟု အာရှဖွံ့ဖြိုးရေးဘဏ် (အေဒီဘီ) က မတ် ၃၀ ရက်နေ့တွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင် သတိပေးထားသည်။

“၂၀၁၁ ခုနှစ်က စတင်ဆောင်ရွက်ခဲ့တဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေက အပြုသဘောရလဒ်တွေ ဖြစ်ထွန်းလာပေမယ့် မြန်မာအစိုးရသစ်အနေနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုမှာ ပိုမိုရှေ့ရောက်ဖို့ရာ အခြေခံအဆောက်အအုံတွေနဲ့ လုပ်သားလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့၊ ငြိမ်းချမ်းရေးနဲ့ လူမှုအသိုက်အဝန်းတွေ အချင်းချင်း ချစ်ကြည်သွေးစည်းကြဖို့ စတဲ့ စိန်ခေါ်မှုများစွာ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်” ဟု အေဒီဘီ၏ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် ဗင်းဗရက်ဗစ်ကလိုင်းက ပြောကြားသည်။

“ဒါ့အပြင် ကျေးလက်ဒေသတွေအနေနဲ့ ဈေးကွက်နဲ့ ဝန်ဆောင်မှုတွေကို ပိုမိုလက်လှမ်းမီစေပြီး စီးပွားရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ထုတ်ဖော်ရရှိစေဖို့ရာ ကျေးလက်ဒေသတွေနဲ့ ချိတ်ဆက်မှုရရှိအောင် ပိုမိုကြိုးပမ်းအားထုတ်ဖို့လည်း လိုအပ်နေပါတယ်” ဟု ၎င်းက ပြောကြားသည်။

အေဒီဘီက နှစ်စဉ်ထုတ်ပြန်သော အဓိကစီးပွားရေးအစီရင်ခံစာဖြစ်သည့် “အာရှ၏ အလားအလာ အစီရင်ခံစာ- ၂၀၁၆” ကို မတ် ၃၀ ရက်နေ့က ထုတ်ပြန်ခဲ့ရာတွင် အပြုသဘောဆောင်သော နိုင်ငံရေး ဖြစ်စဉ်များနှင့် စနစ်ကျသော ပြုပြင်ပြောင်းလဲမှုများက နိုင်ငံ၏ စီးပွားရေး တိုးတက်မှုနှင့် ရင်းနှီးမြှတ်နှံမှုများကို တိုးတက်လာစေမည်ဟု ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ သမ္မတသစ် ဦးထင်ကျော် ဦးဆောင်သည့် အစိုးရသစ် ကတိသစ္စာပြုကာ တာဝန်လွှဲပြောင်းရယူသည့်နေ့တွင် အဆိုပါ အစီရင်ခံစာကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ ပြည်ထောင်စု လွှတ်တော်တွင် ပြောကြားခဲ့သည့် ၎င်း၏ ပထမဆုံး မိန့်ခွန်းတွင် သမ္မသစ် ဦးထင်ကျော်က ပြည်သူများ၏ လူနေမှုအဆင့်အတန်း မြင့်မားအောင် ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။

သို့သော် နှစ်ပေါင်းများစွာ ရင်းနှီးမြှတ်နှံမှု အားနည်းခဲ့သည့်အတွက် လိုအပ်ချက်များရှိနေသည့် သယ်ယူပို့ဆောင်ရေးကဏ္ဍကြောင့် ဈေးကွက်နှင့် ကုန်စည်ဝန်ဆောင်မှု လုပ်ငန်းများကို ဆက်သွယ်ပေးသည့် လမ်းကြောင်းများ ညံ့ဖျင်းနေခြင်း၊ ဆင်းရဲနွမ်းပါးမှုနှင့် ဒေသများ ဖွံ့ဖြိုးတိုးတက်မှု ကွာခြားသွားစေခြင်းအပြင် စီးပွားရေး တိုးတက်မှုကို နှောင့်နှေးစေခြင်းများ ဖြစ်ပေါ်စေသည်ဟု အေဒီဘီက ပြောကြားထားသည်။

မြန်မာနိုင်ငံ လမ်းများ၏ ၄၀ ရာခိုင်နှုန်းခန့်သာ ကတ္တရာခင်းထားပြီးဖြစ်ကာ အဝေးပြေးလမ်းများ၏ ၆၀ ရာခိုင်နှုန်းမှာ ပြန်လည်ပြုပြင် ထိန်းသိမ်းမှုများ လိုအပ်လျက်ရှိသည်။ ထို့အတူ ရထားလမ်းများအားလုံးကိုလည်း ပြန်လည်ပြုပြင်ထိန်းရန် လိုအပ်နေသည်။ ကျေးလက်နေပြည်သူအများစုဖြစ်သည့် လူဦးရေသန်း ၂၀ ခန့်မှာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများရှိနေပြီး ရေကြောင်းသွားလာရေးအတွက် အခြေခံအဆောက်အဦးများမှာလည်း မရှိသလောက် နည်းပါးနေသည်။

၂၀၁၂ မှ ၂၀၁၅ ခုနှစ်အတွင်း မော်တော်ယာဉ်အရေအတွက်မှာ နှစ်ဆခန့်တိုးလာပြီး ငါးသန်းခန့်အထိ ဖြစ်လာသလို ၂၀၁၁ မှ ၂၀၁၄ ခုနှစ်အတွင်း လေကြောင်းခရီးသွား အရေအတွက်မှာလည်း နှစ်ဆတိုးကာ ၃ ဒသမ ၂ ဘီလျံအထိ ရှိလာသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့ကြောင့် သယ်ယူပို့ဆောင်ရေးစနစ်အား အခြားနိုင်ငံများနှင့် လိုက်မီစေရန်အတွက် မြန်မာနိုင်ငံအနေဖြင့် ၂၀၃၀ ပြည့်နှစ်အထိ အမေရိကန်ဒေါ်လာ ၆၀ ဘီလျံ ရင်းနှီးမြှတ်နှံရန် လိုအပ်မည်ဟု အေဒီဘီက ခန့်မှန်းထားသည်။

“ပြီးခဲ့တဲ့ နှစ်တွေမှာ တိုင်းပြည်ဂျီဒီပီရဲ့ တစ်ရာခိုင်နှုန်းကိုပဲ သယ်ယူပို့ဆောင်ရေးကဏ္ဍအတွက် ရင်းနှီးမြှတ်နှံခဲ့ရာကနေ သုံးရာခိုင်နှုန်းကနေ လေးရာခိုင်နှုန်းအထိ တိုးတက် ရင်းနှီးမြှတ်နှံဖို့ လိုအပ်နေတယ်ဆိုတဲ့ သဘောဖြစ်ပါတယ်” ဟု အေဒီဘီ၏ မြန်မာနိုင်ငံဆိုင်ရာ ဒုတိယဌာနကိုယ်စားလှယ် Peter Brimble ကပြောကြားသည်။

“ဘဏ္ဍာငွေလိုအပ်ချက် များပြားမှာ ဖြစ်တဲ့အတွက် ပုဂ္ဂလိကကဏ္ဍကနေ ဝင်ရောက် ရင်းနှီးမြှတ်နှံကြဖို့ စည်းရုံးဖို့ လိုအပ်ပါတယ်” ဟု ၎င်းကပြောသည်။

ပြီးခဲ့သည့် ဘဏ္ဍာနှစ်က ရေကြီးနစ်မြုတ်မှုများကြောင့် စီးပွားရေးတိုးတက်မှုနှုန်း လျော့နည်းသွားသော်လည်း ယခုနှစ်တွင် စီးပွားရေးတိုးတက်မှု ပြန်လည် နလံထူလာမည်ဟု အေဒီဘီက ခန့်မှန်းထားသည်။

၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် တိုင်းပြည်စီးပွားရေး တိုးတက်မှုနှုန်းမှာ ၇ ဒသမ ၂ ရာခိုင်နှုန်းသာ ရှိခဲ့သည်။ ပြီးခဲ့သည့်နှစ် ဇူလိုင်နှင့် သြဂုတ်လများက ဖြစ်ပေါ်ခဲ့သည့် ရေကြီးမြေပြိုမှုများကြောင့် လူပေါင်း ၁ ဒသမ ၆ သန်းခန့် နေရပ်စွန့်ခွာ ရွှေ့ပြောင်းခဲ့ရပြီး ၁၃၂ ဦး သေဆုံးခဲ့သည်။ စီးပွားရေးအရ ထိခိုက်နစ်နာမှုမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလျံဖိုးခန့်ရှိကာ ထိုပမာဏမှာ တိုင်းပြည်ဂျီဒီပီ၏ သုံးရာခိုင်နှုန်းနှင့် ညီမ ျှသည်။

သို့ရာတွင် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် စီးပွားရေး တိုးတက်မှုမှာ ၈ ဒသမ ၄ ရာခိုင်နှုန်းသို့ ပြန်လည်ရောက်ရှိလာမည်ဟု အေဒီဘီက ခန့်မှန်းထားသည်။

စိုက်ပျိုးရေးကဏ္ဍ ပြန်လည်နလံထူလာပြီးနောက် စားသောက်ကုန်ဈေးနှုန်းများ ကျဆင်းလာသည့်အတွက် ငွေကြေးဖောင်းပြမှုနှုန်း အသင့်အတင့်သာ ရှိမည်ဖြစ်သော်လည်း ၂၀၁၅-၁၆ တွင် ၉  ဒသမ ၅ ရာခိုင်းနှုန်းရှိခဲ့ရာမှ ၂၀၁၆-၁၇ တွင် ၈ ဒသမ ၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားမည်ဟု ခန့်မှန်းထားသည်။

သို့သော် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ အောင်မြင်မှုရရှိလာသည့်အတွက် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှတ်နှံမှုများ တိုးတက်လာမည်ဟုလည်း အေဒီဘီက မေ ျှာ်လင့်ထားသည်။

၂၀၁၅ ခုနှစ်၊ ဧပြီမှ ဒီဇင်ဘာအထိ ခွင့်ပြုခဲ့သော နိုင်ငံခြား ရင်းနှီးမြှတ်နှံမှုတန်ဖိုးမှာ ဒေါ်လာ ၄ ဒသမ ၉  ဘီလျံဖြစ်ကာ ပြီးခဲ့သည့်နှစ် အလားတူကာလကထက် ၂၆ ရာခိုင်နှုန်း ကျဆင်သွားခြင်း ဖြစ်သည်။ ရင်းနှီးမြှတ်နှံမှုအများစုမှာ တယ်လီကွန်းဆက်သွယ်ရေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့အပြင် အထည်ချုပ်လုပ်ငန်းအများစုပါဝင်သည့် ကုန်ထုတ်လုပ်ရေးကဏ္ဍများတွင် ဖြစ်သည်။ သို့သော် လယ်ယာစိုက်ပျိုးရေးကဏ္ဍ လုံးဝပါဝင်မှုမရှိပေ။

အာဏာလွှဲပြောင်းရယူခဲ့သည့် အစိုးရ ပေါ်လစီဖော်ဆောင်သူများက ပြုပြင်ပြောင်းလဲမှုမျာ ဆက်လက်ဆောင်ရွက်ရန် ကတိပြုထားမှုမှာ မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်း နှစ်စဉ် ရှစ်ရာခိုင်နှုန်း ရရှိရန် အလွန်အရေးကြီးလှသည်။

“အစိုးရသစ်အနေဖြင့် ပွင့်လင်းမြင်သာမှု ပိုမိုရရှိရေး၊ စဉ်းမျဉ်းစဉ်းကမ်းများ ဖြေလျော့ခြင်း၊ ကြိုးနီစနစ် လေ ျှာ့ချခြင်း၊ ပညာရေးနှင့် သင်ကြားမှုများ မြှင့်တင်ပေးခြင်းနှင့် အစိုးရဝန်ဆောင်မှုကဏ္ဍများ ပိုမိုထိရောက်အောင် ဆောင်ရွက်လာမည်လို့ မေ ျှာ်လင့်ပါသည်” ဟု အစီရင်ခံစာက တိုက်တွန်းထားသည်။

ထို့ပြင် လူဦးရေ၏ ၇၀ ရာခိုင်နှုန်းမှာ ကျေးလက်ဒေသတွင် နေထိုင်ကြသည့်အတွက် ၎င်းတို့အား အဓိကအာရုံပြုပြီး အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးကာ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးရန်လည်း အစိုးရသစ်ကို တိုက်တွန်းထားသည်။

သတင်း- ဆန်းဦး

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.