အစိုးရသက်တမ်းမကုန်မီ အကောင်အထည်ဖော်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သုံးရပ် ကြေညာ

ရဲမွန်

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာသဘောတူညီမှုစာချုပ်(NCA)ကို လျင်မြန်ချောမွေ့စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် အစိုးရက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အသစ် သုံးရပ်ကို အောက်တိုဘာ၂၈ရက်က ကြေညာလိုက်သည်။

နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် NCAလက်မှတ်ရေးထိုးခြင်း (၄)နှစ်ပြည့်အခမ်းအနားတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်ပြီး ယင်းလုပ်ငန်းစဉ်များကို အောင်မြင်အောင် ဝိုင်းဝန်းကြိုးပမ်းပေးကြရန်ကိုလည်း တိုက်တွန်းခဲ့သည်။

အဆိုပါလုပ်ငန်းစဉ်သုံးရပ်မှာ ၂၁ရာစုပင်လုံညီလာခံအား မည်သို့ရှေ့ဆက်မည်ဟူသည့်အချက်၊ ပါဝင်သင့်ပါဝင်ထိုက်သူအားလုံး နိုင်ငံရေးစားပွဲဝိုင်းတွင် ပါဝင်လာရေးဟူသည့်အချက်နှင့် ငြိမ်းချမ်းရေးအသီးအပွင့်များကို ပြည်သူလူထုခံစားနိုင်ရေး ဟူသည့် အချက် တို့ဖြစ်သည်။

“ကျွန်မတို့အစိုးရအနေနဲ့ NCAလက်မှတ်ရေးထိုးထားခြင်းမရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ဆက်လက်အရှိန်မြင့်လုပ်ဆောင်ပြီး ပစ်ခတ်တိုက်ခိုက်မှု လျော့နည်းတဲ့အခြေအနေတစ်ရပ်ကို တည်ဆောက်နိုင်ဖို့၊ နိုင်ငံရေးစားပွဲဝိုင်းမှာပါဝင်နိုင်ဖို့၊ NCAထီးရိပ်အောက်မှာ ပါဝင်သင့်ပါထိုက်သူများပါဝင်လာဖို့ ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ထို့ပြင် အတိုင်ပင်ခံက အစိုးရအဖွဲ့အနေဖြင့် စစ်မှန်သည့်ဖက်ဒရယ်စနစ်နှင့်အညီ အာဏာခွဲဝေမှုများ၊ သယံဇာတနှင့် အခွန်ခွဲဝေများ၊ ပြည်နယ်များတွင် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံနိုင်သည့် ကိုယ်ပိုင်အခြေခံ ဥပဒေများရှိရမည်ကို မူအားဖြင့် လက်ခံထားပြီး ဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။

သို့သော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ပတ်သက်ပြီး အခြေခံဥပဒေပါ ဇယားများတွင်သာ ဖြည့်စွက်ပြင်ဆင်မည်ဆိုပါက ပိုမိုသဘာဝကျမည်ဟုထင်မြင်ကြောင်း အခမ်းအနားတွင် ပြောကြားခဲ့သည်။

“ဥပမာအားဖြင့် ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတာထက် ဇယား ၂၊ ၃နှင့် ၅မှာ ကျွန်တော်တို့ ဘာတွေဖြည့်စွက်ပြင်ဆင်ပြီး ဘယ်လိုပြည့်စုံအောင် ဆောင်ရွက်ကြမလဲဆိုတဲ့နည်းက ပိုမိုသဘာ၀ ကျလိမ့်မယ်လို့ထင်ပါတယ်”ဟု ၎င်းကဆိုသည်။

ရခိုင်လွတ်မြောက်ရေးပါတီ (ALP) ဗဟိုအလုပ်အမှုဆောင် စောမြရာဇာလင်းက တိုင်းရင်းသားများ တန်းတူညီမျှနေထိုင်နိုင်ရေးနှင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ရေးမျိုးကိုသာ အကောင်အထည်ဖော်မှုကိုသာ ဆောင်ရွက်ချင်သည်ဟု ပြောသည်။

ယနေ့ပြုလုပ်သည့် လေးနှစ်ပြည့်အခမ်းအနားသို့ လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် ၁၀ဖွဲ့အနက် ၉ဖွဲ့သာ တက်ရောက်ခဲ့ပြီး ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)အနေဖြင့် လမ်းခရီးတွင် ဥက္ကဌဖြစ်သူ ဗိုလ်ချုပ်ကြီးယွက်စစ်ကို တပ်မတော်၏ လုံခြုံရေး အကြောင်းပြတားမြစ်မှုကြောင့် ခရီးစဉ်ကို ဖျက်သိမ်းခဲ့သည်။

အခမ်းအနားအပြီးတွင် အတိုင်ပင်ခံနှင့် ကရင်အမျိုးသားအစည်းအရုံးဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးတို့ တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အရေးပါသည့် အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုစာချုပ်အကောင်အထည်ဖော်မှုဆိုင်ရာညှိနှိုင်းအစည်းအဝေး (JICM)ကို အမြန်ဆုံးပြုလုပ်နိုင်ရန် ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် KNUသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အောက်တိုဘာ၂၉ရက် (မနက်ဖြန်)တွင် နေပြည်တော်၌ တွေ့ဆုံမည်ဖြစ်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်ရန်အခက်အခဲဖြစ်နေသည့် အကြောင်းအရာများကို ဆွေးနွေးသွားမည်ဖြစ်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.