အစိုးရက တုံ့ပြန်မှု နှေးကွေးခြင်းကြောင့် သေဆုံးမှု များပြားခဲ့ရဟု နာဂတို့ အပြစ်တင်

စစ်ကိုင်းတိုင်းဒေသကြီး အနောက်မြောက်ဘက် ဝေးလံပြီး တောင်ထူထပ်သည့် နာဂဒေသတွင် ကလေးငယ်အများစု ပါဝင်သည့် လူ ၄၀ ကျော် သေဆုံးခဲ့ရသည့် ဝက်သက်ရောဂါ ကူးစက်ဖြစ်ပွားမှုမှာ ဒေသအာဏာပိုင်များ၏ တုံ့ပြန်မှု နှေးကွေးခြင်းကြောင့် ဖြစ်သည်ဟု နာဂ လူမှု အသင်းအဖွဲ့များက ပြောကြားလိုက်သည်။

“အစိုးရက ဆက်သွယ်ရေးနဲ့ သွားလာရေးခက်ခဲမှုတွေကို အပြစ်တင်တယ်။ ဒါပေမယ့် နောက်ထပ် ပြဿနာတစ်ခုကတော့ ဒေသအာဏာပိုင်တွေ တုံ့ပြန်ဆောင်ရွက်မှု နှေးကွေးတာကြောင့် အခြေအနေတွေ ပိုဆိုးသွားရတယ်” ဟု နာဂရေးရာကောင်စီ၏ အထွေထွေအတွင်းရေးမှူး နော်အောင်ဆန်းက Frontier ကို သြဂုတ် ၈ ရက်နေ့တွင် ပြောသည်။

ရန်ကုန်မြို့ရှိ ဓာတ်ခွဲခန်းတွင် သြဂုတ် ၅ ရက်နေ့က စစ်ဆေးတွေ့ရှိချက်အရ ဝက်သက်ရောဂါ ဖြစ်ပွားခြင်းဖြစ်သည်ကို အတည်ပြုနိုင်ခဲ့သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက Frontier ကို ပြောကြားခဲ့ချိန်တွင် ၎င်းကလည်း ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ သေဆုံးသူ အများစုမှာ အသက်ငါးနှစ်အောက် ကလေးများ ဖြစ်သည်ဟု သတင်းများအရ သိရသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ အရေးပေါ် တုံ့ပြန်ရေးနှင့် စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဒေသဆိုင်ရာ စုံစမ်းရေးအရာရှိများ၏ ကူညီထောက်ပံ့မှုများဖြင့် ရောဂါဖြစ်ပွားရာ ဒေသသို့ ရောက်ရှိခဲ့ကာ စုံစမ်းစစ်ဆေးခြင်း၊ ကုသပေးခြင်းနှင့် ထိန်းချုပ်ခြင်းလုပ်ငန်းများ လုပ်ဆောင်ခဲ့သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

ရောဂါ အဆိုးရွားဆုံး ဖြစ်ပွားသည့် ဒေသမှာ ဝေးလံသည့် လဟယ်နှင့် နန်းယွန်းမြို့နယ်များ ဖြစ်ကြသည်။ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းတွင် တည်ရှိပြီး အိန္ဒိယနိုင်ငံနှင့် ထိစပ်နေသည့် အဆိုပါဒေသများမှာ မြန်မာနိုင်ငံတွင်းရှိ သွားလာရန် အခက်ခဲဆုံး ဒေသများတွင် တစ်ခုအပါအဝင် ဖြစ်သည်။ ကောင်းမွန်ခြင်း မရှိသည့် လမ်းများမှာ မိုးရာသီတွင် ပိုမိုဆိုးရွားသွားသည်။

ရောဂါဖြစ်ပွားမှုကြောင့် ၄၁ ဦး သေဆုံးခဲ့ပြီး ၂၁ ဦးမှာ အမျိုးသမီးများဖြစ်သည်ဟု နာဂရေးရာကောင်စီက သြဂုတ် ၈ ရက်နေ့က ပြောသည်။

ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်ကမူ ရောဂါကူးဆက် ဖြစ်ပွားမှုမှာ လဟယ်မြို့မှ မိုင် ၄၀ ခန့်ကွာဝေးသည့် ရွာတွင် အဓိက ဖြစ်ပွားခြင်း ဖြစ်သည်ဟု Frontier ကို သြဂုတ် ၈ ရက်နေ့က ပြောသည်။

“သတင်းရရှိတာ နောက်ကျပါတယ်” ဟု ရောဂါဖြစ်ပွားမှုအား ပြန်လည်တုံ့ပြန်မှုနှင့် ပတ်သက်ပြီး မေးမြန်းရာတွင် ၎င်းကဖြေကြားသည်။

“ပထမဖြစ်တာက ဇွန် ၆ ရက်နေ့ လို့ ပြောပါတယ်။ ဒါပေမယ့် ဇွန် ၂၈ ရက်နေ့အထိ ကျွန်တော်တို့ ဘာမှ မကြားပါဘူး။ ဘာလို့လဲဆိုတော့ အဲဒီဒေသမှာ ရာသီဥတု ဆိုးရွားတာရယ်၊ ဝန်ထမ်းအင်အား မရှိတာရယ်နဲ့ အဲဒီကျေးရွာတွေက လူတော်တော်များများမှာ မိုဘိုင်းဖုန်း မရှိကြတာကြောင့်ပါ” ဟု ၎င်းကပြောသည်။

လဟယ်မြို့နယ်တွင် ဝက်သက်ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းအား ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလက ဆောင်ရွက်ခဲ့ပြီးဖြစ်သည်ဟု ဒေါက်တာသန်းထွန်းအောင်က ပြောသည်။

“၉၄ ရာခိုင်နှုန်း လွှမ်းခြုံမိတယ်လို့တော့ သတင်းပို့ပါတယ်။ ဒါပေမယ့် ဒါဟာ မမှန်နိုင်ပါဘူး။ တကယ်လို့ မှန်မယ်ဆိုရင် အခုလိုမျိုး ရောဂါကူးဆက်ဖြစ်ပွားမှု ဘယ်ဖြစ်တော့မလဲ” ဟု ၎င်းကပြောသည်။

နာဂရေးရာကောင်စီက သြဂုတ် ၆ ရက်နေ့တွင် ထုတ်ပြန်ချက်တွင် လဟယ်မြို့နယ်မှ အသက် ၁၀ နှစ်အရွယ် မိန်းကလေးတစ်ဦး ထူးဆန်းသည့် ရောဂါဖြင့် သေဆုံးခဲ့သည့် ဇွန်လလယ်မှ စတင်ကာ ကျန်းမာရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများ စတင်ပေါ်ထွက်လာသည်ဟု ဖော်ပြထားသည်။

အစိုးရ၏ တုံ့ပြန်မှုနှေးကွေးခြင်းကြောင့် အခြေအနေများ ပိုမိုဆိုးရွားလာသည်ဟု နော်အောင်ဆန်းက ပြောကြားခဲ့ကာ ဆက်သွယ်ရေး ခက်ခဲခြင်းကလည်း အချက်တစ်ချက်ဖြစ်သည်ကို လက်ခံခဲ့သည်။

ဖုန်းဆက်သွယ်ရေးမှာ လဟယ်မြို့တွင်သာ ရရှိပြီး အခြားကျေးရွာများမှာ အာဏာပိုင်များနှင့် ဆက်သွယ်နိုင်ခြင်းမရှိဟု ၎င်းကပြောသည်။ ထို့ပြင် ဒေသတွင်း ကျန်းမာရေးစောင့်ရှောက်မှုများ မရှိခြင်းကလည်း အခြားသော အချက်တစ်ချက် ဖြစ်သည်ဟု ၎င်းကပြောကြားသည်။

အစိုးရက ပြောကြားသကဲ့သို့ အခြေအနေအား ထိန်းချုပ်နိုင်ပြီဆိုသည်ကိုမူ နော်အောင်ဆန်းက ငြင်းဆိုလိုက်သည်။

“အစိုးရကတော့ အခြေအနေကို ထိန်းချုပ်နိုင်ပြီလို့ ပြောပါတယ်။ ဒါပေမယ့် ဒီမနက်(သြဂုတ် ၈ ရက်) မှာပဲ မိန်းကလေးနှစ်ယောက် သေဆုံးသွားတယ်လို့ သိရပါတယ်။ ဒါကြောင့် ထိန်းချုပ်နိုင်ပြီဆိုတာကို ကျွန်တော် သဘောမတူပါဘူး” ဟု ၎င်းကပြောသည်။

ဈေးသက်သာပြီး စိတ်ချရသည့် ကာကွယ်ဆေးများ ရရှိနေပြီဖြစ်သော်လည်း ဝက်သက်ရောဂါကြောင့် ကလေးများ အဓိက သေဆုံးနေရသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောကြားသည်။ ကူးစက်တတ်သည့် အဆိုပါ ရောဂါကြောင့် အထူးသဖြင့် ငယ်ရွယ်ပြီး အာဟာရ မပြည့်ဝသည့် ကလေးများမှာ အများဆုံးသေဆုံးနိုင်ခြေ ရှိနေသည်။

သတင်း- အိုလီဗာ ဆလိုး

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.