အင်းဒင်ရွာသတ်ဖြတ်မှု ဘာအကျိုးဆက်တွေ ဖြစ်လာနိုင်သလဲ

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မူဆလင်တွေကို ဥပဒေမဲ့ သတ်ဖြတ်မှု ရှိခဲ့တယ်ဆိုပြီး တပ်မတော်ဘက်က  ထုတ်ပြန်ဝန်ခံချက်ကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်က ဒုက္ခသည်တွေ စိစစ်လက်ခံမယ့်ကိစ္စမှာ ဂယက်ရိုက်ခတ်မှုတွေ ရှိလာနိုင်ပါတယ်။

စည်သူအောင်မြင့် ရေးသားသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ် အင်းဒင်ကျေးရွာသုသာန်မှာ အစုလိုက်အပြုံလိုက် မြှုပ်နှံထားတဲ့ ရုပ်အလောင်း ၁၀ လောင်းနဲ့ပတ်သက်ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ဇန်နဝါရီ ၁၀ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) က ဒုဗိုလ်ချုပ်ကြီး အေးဝင်း ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့က ၂၀၁၇ ဒီဇင်ဘာ ၂၀ ရက်ကနေ ၂၀၁၈ ဇန်နဝါရီ ၂ ရက်အထိ စုံစမ်းရရှိထားသမျှကို အခြေခံပြီး ထုတ်ပြန်လိုက်တာပါ။

အကျဉ်းချုပ်ပြောရရင် သတင်းထုတ်ပြန်ချက်မှာ အဲဒီရုပ်အလောင်းတွေဟာ ဘင်္ဂါလီတွေ (မူဆလင်တွေ) ဖြစ်တဲ့အကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးထားသူတွေ ဖြစ်တဲ့အကြောင်း စသဖြင့် ဖြစ်စဉ် အကျိုးအကြောင်း ဖော်ပြပြီး ရွာသားတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက စီစဉ်သတ်ဖြတ်လိုက်တာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ပါဝင်ကျူးလွန်ခဲ့သူတွေနဲ့ တာဝန်ရှိသူတွေကို အရေးယူမယ်လို့လည်း ဆိုထားပါတယ်။ ဒါဟာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ အရပ်သားတွေကနေ မူဆလင်တွေကို ဥပဒေမဲ့ သတ်ဖြတ်မှု ရှိခဲ့တယ်ဆိုပြီး တပ်မတော်ဘက်က ပထမဦးဆုံး ထုတ်ပြန်ချက်လည်း ဖြစ်ပါတယ်။ ဒီထုတ်ပြန်ချက်ကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်းအရေး ဘယ်လိုဆက်ဖြစ်လာနိုင်သလဲ၊ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားတဲ့ မူဆလင်တွေကို ပြန်လက်ခံရေးကိစ္စကိုပါ ထိခိုက်လာနိုင်သလားဆိုတာ သုံးသပ်ကြည့်ကြရအောင်ပါ။

တပ်မတော်ရဲ့ ထုတ်ပြန်ချက်ထဲက ထူးခြားချက်တွေကို ပြောရရင် စက်တင်ဘာ ၁ ရက်က လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ အင်းဒင်ရွာ ပင်လယ်ကမ်းစပ်ဘက်မှာ နယ်မြေရှင်းလင်းတယ်လို့ ဆိုပါတယ်။ အဲဒီမှာ လူ ၂၀၀ လောက်ရှိတဲ့ အုပ်စုက တုတ်၊ ဓားတွေကိုင်ပြီး ဝိုင်းတိုက်ခိုက်ကြတယ်လို့ ဆိုပါတယ်။ ဒါကို မိုးပေါ်ထောင် သေနတ်ဖောက် သတိပေးလို့ မူဆလင်တွေ ထွက်ပြေးကြတယ်၊ အဲဒီထွက်ပြေးတဲ့အုပ်စုကို လိုက်လံဖမ်းဆီးရာကနေ လူ ၁၀ ယောက် ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။   

ဒီထုတ်ပြန်ချက်ကို သုံးသပ်ကြည့်ရင် အဲဒီလူအုပ်ဆိုတာမှာ သေနတ်လို လက်နက်တွေ မပါလို့ လက်နက်အပြည့်အစုံ ကိုင်ဆောင်ထားတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ရန်ပြုတိုက်ခိုက်နိုင်မှာ မဟုတ်တာ သေချာပါတယ်။ ဖြစ်စဉ်ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရတာမျိုး ထုတ်ပြန်ချက်မှာ မပါသလို၊ နှစ်ဘက် ပစ်ခတ်တိုက်ခိုက်ရတဲ့ အဆင့်အထိလည်း ဖြစ်ခဲ့တာမျိုး ဖော်ပြတာ မတွေ့ရပါဘူး။ ထွက်ပြေးတဲ့ လူအုပ်ကြီးကို လိုက်ဖမ်းရာကနေ လက်နက်မဲ့ လူ ၁၀ ယောက်ကို ဖမ်းမိတယ်ဆိုတာလောက် အတည်ပြုနိုင်ပါတယ်။

နောက်ပိုင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ စစ်ဆေးချက်အရ ကျေးရွာမှာ နေထိုင်စဉ် မော်လဝီဆရာတွေကနေ အကြမ်းဖက်လုပ်ငန်းမှာပါအောင် စည်းရုံးခံထားရသူများ ဖြစ်တယ်ဆိုတာလောက် ဖော်ပြထားပြီး အကြမ်းဖက်သမားတွေ ဖြစ်တယ်၊ အကြမ်းဖက် လုပ်ရပ်တွေ လုပ်ခဲ့တယ်ဆိုတဲ့ အထောက်အထား တစုံတရာ ဖော်ပြတာ မတွေ့ရပါဘူး။

ဒါကြောင့် တပ်မတော်နဲ့ အစိုးရဘက်ကနေ ဒီအမှုကို စစ်ဆေးတဲ့အခါ အများပြည်သူ တက်ရောက်နားထောင်နိုင်တဲ့၊ မီဒီယာတွေ သတင်းယူလို့ရတဲ့ အခြေအနေမျိုးအောက်မှာ စစ်ဆေးပေးသင့်ပါတယ်။

နောက် ထူးခြားတာ တစ်ခုကတော့ ထုတ်ပြန်ချက်မှာပါတဲ့ “၎င်းဘင်္ဂါလီအကြမ်းဖက်သမား ၁၀ ဦးအား ရဲစခန်းသို့ လက်ဆင့်ကမ်း ပို့ဆောင်နိုင်သည့်အခြေအနေ မရှိခြင်းတို့ကြောင့် ၎င်းတို့အား သုသာန်သို့ ခေါ်ဆောင်သတ်ဖြတ်ရန် ဆုံးဖြတ်ခဲ့ကြောင်း တွေ့ရှိရသည်။” ဆိုတာပါ။ ဒီနေရာမှာ အဲဒီ မူဆလင် ၁၀ ယောက်ကို ရဲစခန်းကို ခေါ်သွားဖို့ ပတ်ဝန်းကျင် အခြေအနေ မပေးဘူး၊ လုံခြုံမှု မရှိဘူးဆိုတဲ့ ကိစ္စပါ။

ပြီးခဲ့တဲ့နှစ် သြဂုတ်လ ၂၅ အာဆာတိုက်ခိုက်မှု ဖြစ်စဉ်အပြီး၊ သြဂုတ်လ ၂၅ ရက်ကနေ ၃၀ ရက်အထိ နယ်မြေရှင်းလင်းရေးကာလ ၅ ရက်တာအတွင်း အကြမ်းဖက်သမား အလောင်း ၃၇၀ ရတယ်လို့ တပ်မတော်ဘက်က ထုတ်ပြန်ထားပါတယ်။ နောက် ၅ ရက် စက်တင်ဘာ ၅ ရက်အထိ နောက်ထပ် အကြမ်းဖက်သမားအလောင်း တစ်လောင်းပဲ ရတဲ့အတွက် စက်တင်ဘာ ၃၀ နောက်ပိုင်း အကြမ်းဖက်သမားတွေ အရေးနိမ့်ထွက်ပြေး၊ တပ်မတော်က နယ်မြေစိုးမိုးအောင် ဆောင်ရွက်ထားနိုင်ပြီလို့ ကောက်ချက်ချနိုင်ပါတယ်။

ဒါကြောင့် အဲဒီ မူဆလင် ၁၀ ယောက်ကို ရဲစခန်းပို့နိုင်ရေး အခက်အခဲရှိတယ်ဆိုတဲ့ အကြောင်းပြချက်ဟာ သံသယ ရှိစရာပါ။ အဲဒီထဲမှာပဲ နောက်ထူးခြားချက်ကတော့ မူဆလင် ၁၀ ယောက်ကို သုသာန်ခေါ်သွားပြီး သတ်ဖြတ်ဖို့ ဆုံးဖြတ်ခဲ့တယ်ဆိုတဲ့ ဖော်ပြချက်ပါ။

တကယ်တော့ အဲဒီ လူ ၁၀ ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားသူတွေဟာ လက်နက်ကိုင်ဆောင်ထားတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေပါ။ ဒီအတွက် သူတို့နဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက် ချနိုင်သူဟာလည်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေပဲ ဖြစ်မှာပါ။ တဆက်တည်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ အဲဒီအချိန်က တကယ့်ကို ပဋိပက္ခကာလမို့ သူတို့မိခင်အဖွဲ့အစည်း၊ သူတို့အထက်အရာရှိတွေနဲ့ စက္ကန့်မလပ် အဆက်အသွယ် ရှိနေမှာလည်း အသေအချာပါ။ ဒါကြောင့် အဲဒီလုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ မူဆလင် ၁၀ ယောက်ကို သတ်ဖြတ်ဖို့ အသေအချာ စီစဉ်တဲ့ကိစ္စ သူတို့မိခင်အဖွဲ့အစည်း၊ သူတို့အထက်အရာရှိတွေကို မတင်ပြခဲ့ဘူး ဆိုတာဟာလည်း သံသဖြစ်စရာကောင်းတဲ့ အချက်ပါ။ ဒါကြောင့် ဒီဖြစ်စဉ်နဲ့ပတ်သက်ရင် ဘယ်အဆင့်လောက်က ခွင့်ပြုခဲ့သလဲဆိုတာကို အသေအချာ ဖော်ထုတ်အရေးယူနိုင်အောင် ကြိုးစားသင့်ပါတယ်။

တပ်မတော်က ဒီအဖြစ်အပျက် ထုတ်ပြန်ပြီးနောက်ပိုင်း ပြည်တွင်းမီဒီယာတွေမှာ နဂို သတင်းထုတ်ပြန်ချက်မှာ ဖော်ပြတာကိုပဲ ထပ်ဆင့် ပြန်ဖော်ပြတာ တွေ့ရပါတယ်။ တခြားအချက်အလက်တွေ၊ ဝေဖန်ချက်တွေ ဘာတခုမှ ဖော်ပြနိုင်ခြင်း မရှိပါဘူး။ ဒီအတွက် တပ်မတော်ဟာ အဲဒီသတင်းထုတ်ပြန်ချက်ကို အများပြည်သူနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက ယုံကြည်မှု ရစေချင်တယ်ဆိုရင် သတင်းထောက်တွေကို အင်းဒင်ကျေးရွာ သွားခွင့်ပေးတာ၊ ဖြစ်စဉ်မှာ ပါဝင်သူတွေနဲ့ တွေ့ဆုံခွင့်ပေးတာမျိုး လုပ်ပေးသင့်ပါတယ်။

နောက်ထပ်အရေးကြီးတာ တစ်ခုက အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ဆေးတဲ့အထဲမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ အင်းဒင်ရွာသား ၆ ယောက်ကို စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။ တကယ့် သတ်ဖြတ်ခံရသူတွေနဲ့ နီးစပ်တဲ့မူဆလင်တွေ ပါဝင် မပါဝင် မသိရပါဘူး။ မပါဝင်ဘူးဆိုရင် ပြည့်စုံမှာလည်း မဟုတ်ပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ် တပ်မတော်ရဲ့ အဲဒီထုတ်ပြန်ချက် ထုတ်ပြန်ပြီးနောက်ပိုင်း ပြည်ပရောက် ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေကတော့ အလားတူဖြစ်စဉ်မျိုး ရှိနေနိုင်သေးတယ်ဆိုပြီး စွပ်စွဲလာကြပါပြီ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲရောက်ပြီး မြန်မာနိုင်ငံထဲ ပြန်လာမယ့် မူဆလင်တွေကိစ္စနဲ့ပတ်သက်ပြီး အဆင်ပြေပြေ ချောချောမွေ့မွေ့ မဖြစ်စေချင်တဲ့ အုပ်စုတွေကလည်း ဒီကိစ္စကို လက်ညှိုးထိုးပြီး တားမြစ်တာ၊ လှုပ်ရှားတာ လုပ်လာနိုင်ပါတယ်။

ဒါကြောင့် တပ်မတော်နဲ့ အစိုးရဘက်ကနေ ဒီအမှုကို စစ်ဆေးတဲ့အခါ အများပြည်သူ တက်ရောက်နားထောင်နိုင်တဲ့၊ မီဒီယာတွေ သတင်းယူလို့ရတဲ့ အခြေအနေမျိုးအောက်မှာ စစ်ဆေးပေးသင့်ပါတယ်။ တချိန်တည်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင်အထည်ဖော်ရေးကော်မတီရဲ့ အကြံပေးအဖွဲ့ ဥက္ကဋ္ဌ ထိုင်းနိုင်ငံ ဒုတိယ ဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဒေါက်တာ ဆူရာကီယတ် ဆက်သီယာထိုင်း Surakiart Sathirathai အကြံပေးခဲ့သလို သတင်းထောက်တွေ အန္တရာယ်ကင်းကင်းနဲ့ ရခိုင်ပြည်နယ်အတွင်း ဝင်ရောက် သတင်းရယူနိုင်အောင် ဆောင်ရွက်ပေးသင့်ကြောင်းပါ။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.