အင်ပြည့်အားပြည့် တစ်ကျော့ပြန် သြင်္ကန်သံချပ်

သြင်္ကန်ကာလအတွင်း သံချပ်ထိုးခြင်းကို နှစ်ပေါင်း ၃၀ ခန့် တားဆီးပိတ်ပင်ထားခဲ့အပြီး  သြင်္ကန်သံချပ်များသည် တစ်ကျော့ပြန် အသက်ဝင်လာကာ မျိုးဆက်သစ်လူငယ်များပါ ပါဝင်ဆင်နွှဲလာကြသည်။

ဗရီနာ ဟျို့ဇ် ရေးသားသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဟန်ဖြင့် သရုပ်ဆောင်သူက “မြစ်ဆုံ”ဟု ဒေါသတကြီး အော်လိုက်သည်။ ဒေါ်အောင်ဆန်းစုကြည်ဟန် သရုပ်ဆောင်သူက အိန္ဒြေရရပင် နားစွင့်နေသည်။ အရိုင်းက “အသက်ပါပါ အော်ပါဟ၊ မင်းဟာက အသက်ပါအောင် အော်ဖို့ လိုနေတယ်”ဟု လှမ်းပြောလိုက်သည်။

အရိုင်းသည် ဒေါ်အောင်ဆန်းစုကြည်၊ တရုတ်ဝန်ကြီးနှင့် အခြားသရုပ်ဆောင်သူများနှင့်အတူ ရန်ကုန်မြို့ မြောက်ပိုင်းရှိ ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းတွင် သံချပ်တိုက်နေကြခြင်း ဖြစ်သည်။ ၎င်းတို့အားလုံးသည် အသက် ၂၀ အရွယ် ကျောင်းသားများ ဖြစ်ကြသည်။ သူတို့သည် တီးမှုတ်ကခုန်ကာ လက်သီးလက်မောင်းတန်းပြီး သံချပ်တိုက်နေကြသည်။

မြန်မာနှစ်သစ်ကူး သြင်္ကန်ပွဲတော်အတွက် သူတို့ သံချပ်တိုက်နေကြခြင်း ဖြစ်သည်။ ယခင်ကမူ သံချပ်ထိုးပွဲများတွင် အစိုးရကို လှောင်ပြောင်သရော်မှု၊ နိုင်ငံတွင် ဖြစ်ပွားနေသော ပြဿ     နာများကို ထုတ်ဖော်ပြောဆိုမှုများကြောင့် ၎င်းတို့၏ မိဘများသည် ထောင် အနှစ် ၂၀ ခန့် ကျခံခဲ့ရသူများပင် ရှိခဲ့သည်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခြင်း မြန်မာတို့၏ ဓလေ့စရိုက်တစ်ခု ဖြစ်သည်။ ထို့ကြောင့် အနှစ် ၂၀ ကြာအောင် အစိုးရက ပိတ်ပင်တားဆီးခဲ့သော်လည်း ယင်းဓလေ့ ရှင်သန်လာနိုင်ခဲ့ပုံကို အရိုင်းက ပြောပြသည်။

ဆိုရှယ်လစ်အစိုးရကို ၁၉၈၈ ခုနှစ်တွင် အုံကြွဆန္ဒပြမှုများအပြီး အာဏာသိမ်း စစ်အစိုးရက သံချပ်ထိုးခြင်းကို တားမြစ်ပိတ်ပင်လိုက်သောအခါ အသက် ၂၀ အရွယ်ရှိသော ကိုလွှမ်းပိုင်ကို မွေးပင် မမွေးသေးပေ။ ယခုသံချပ်သည် စီးပွားရေးစီမံခန့်ခွဲမှုဘာသာရပ် Business Administration ကျောင်းသားများက သြင်္ကန်တွင် သံချပ်စတင်ထိုးသော ဒုတိယမြောက်နှစ် ဖြစ်သည်။ ပြီးခဲ့သောနှစ်တွင် အစိုးရမှာ သူတို့ နှစ်သက်သော အစိုးရ မဟုတ်ခဲ့သဖြင့် သံချပ်ထိုးရခြင်းသည် ပိုမိုစိတ်လှုပ်ရှားဖွယ် ကောင်းသည်ဟု သူက ဆိုသည်။

လွှမ်းပိုင်က သံချပ်ဆိုသည်မှာ ကြမ်းတမ်းသော ဝေဖန်မှုများ ပြုလုပ်သည်ဆိုခြင်းထက် ပြဿ     နာများကို ထောက်ပြခြင်း ဖြစ်သည်ဟု ဆိုသည်။ “ကျွန်တော်တို့က မသိစိတ်နဲ့ပဲ အခုထိ ကြောက်နေတုန်းပဲ” ဟု ကိုလွှမ်းပိုင်က ပြောသည်။

သံချပ်များထဲတွင် စီးပွားရေးစီမံခန့်ခွဲမှု ကျောင်းသားများသည် ကြီးမားသော ဆည်ကြီးများ တည်ဆောက်မှု၊ ယိုယွင်းနေသော ပညာရေးစနစ်နှင့် စစ်အစိုးရ၏ အာဏာအတင်းအကျပ် ဆုပ်ကိုင်မှုကို သရော်ခဲ့ကြသည်။ ထိုသို့သော စွပ်စွဲချက်များကို ဟာသများနှင့် ရောနှော၍ ဖော်ထုတ်ပြောဆိုခဲ့ကြသည်။

“စင်ပေါ်မှာဆိုတော့ ပိုပြီး လွတ်လွတ်လပ်လပ် ပြောလို့ရတာပေါ့” ဟု အသက် ၅၃ နှစ်အရွယ်ရှိ ဦးအောင်ဒင်က ပြောပြသည်။ ဦးအောင်ဒင်သည် ၁၉၈၈ ခုနှစ်တွင် ကျောင်းသားတစ်ဦး ဖြစ်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသား တစ်ဦးလည်း ဖြစ်သည်။ သူသည် ထို သံချပ်တိုက် လေ့ကျင့်ရာသို့ သူ၏ မျိုးဆက်သစ်များကို အားပေးရန် ရောက်ရှိလာခြင်း ဖြစ်သည်။

ဦးအောင်ဒင်တို့ ငယ်ရွယ်စဉ်က သံချပ်ထိုးရာတွင် ဒိုးပတ်၊ ခြောက်လုံးပတ်မျှလောက်သာပါပြီး ကီးဘုတ်များ အသံစနစ်များ မပါသေးပေ။ သို့သော် ယခုလည်း သိပ်ပြောင်းလဲသွားခြင်းတော့ မရှိပါ။ ယင်းကို ဦးအောင်ဒင်က ဂုဏ်ယူလျက် ရှိသည်။

မြန်မာများသည် မိမိအစွမ်းအစ၊ မိမိတန်ဖိုးကို ပိုမို ယုံကြည်မှု ရှိလာစေဖို့၊ ပိုမို တန်ဖိုးထားလာစေဖို့ မိမိတို့၏ တေးဂီတကို ပို၍ တန်ဖိုးထားရမည် ဖြစ်သည်ဟု ၎င်းက ဆိုသည်။

၂၀၁၃ ခုနှစ်မှ စတင်ပြီး ပိုမိုလွတ်လပ်လာသော မြန်မာနိုင်ငံ၏ လူ့အဖွဲ့အစည်းတွင် သြင်္ကန်ကာလ သံချပ်ထိုးသော ဓလေ့ထုံးတမ်းသည် ပိုမိုရှင်သန်လာလျက်ရှိသည်။ ဦးအောင်စိုးမင်းသည် သံချပ်များ ထိုသို့ တစ်ကျော့ပြန် ရှင်သန်လာခြင်းအတွက် ပျော်ရွှင်၍ မဆုံးပေ။ ရန်ကုန်မြို့ရှိ ပန်းဆိုးတန်း အနုပညာခန်းမကို ပိုင်ဆိုင်သော ဦးအောင်စိုးမင်းသည် ယခုအခါ သံချပ်မထိုးတော့ပေ။ ယခုအချိန်သည် မျိုးဆက်သစ်များအတွက် အချိန်ဖြစ်သည်ဟု သူက ဆိုသည်။

ယခုအချိန်သည် တေးဂီတနှင့် ပတ်သက်ပြီး ကိုယ်ပိုင်ဖန်တီးရမည့် အချိန်ဖြစ်သည်ဟု ဦးအောင်စိုးမင်းက ယုံကြည်သည်။ စစ်အစိုးရလက်ထက်တွင် မြန်မာ့တေးဂီတများကို ခေတ်ပေါ် စည်းချက်များ ထည့်သွင်းဖန်တီးခွင့် မရခဲ့ကြပေ။

ဦးအောင်စိုးမင်းသည် သူငယ်ချင်းတစ်ယောက်နှင့် အတူတူ ‘စည်းဝါး’ ဟု ခေါ်ဆိုသော စီမံကိန်းတစ်ခုကို စတင်လုပ်ဆောင်ထားသည်။ ရည်ရွယ်ချက်မှာ မြန်မာတေးဂီတကို ခေတ်မီဆန်းသစ်စေရန် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ခေတ်ပေါ်တေးဂီတ ဆိုသည်မှာ အနောက်တိုင်း တေးဂီတပင် ဖြစ်နေသေးသည်ဟု ၎င်းက ဆိုသည်။ မြန်မာများသည် မိမိအစွမ်းအစ၊ မိမိတန်ဖိုးကို ပိုမို ယုံကြည်မှု ရှိလာစေဖို့၊ ပိုမို တန်ဖိုးထားလာစေဖို့ မိမိတို့၏ တေးဂီတကို ပို၍ တန်ဖိုးထားရမည် ဖြစ်သည်ဟု ၎င်းက ဆိုသည်။ ထိုသို့မဟုတ်ပါမူ စစ်မှန်သည့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို မည်သို့လျှင် ရနိုင်ပါတော့မည်နည်းဟု ၎င်းက မေးခွန်းထုတ်လိုက်သည်။

သူသည် ဒီဗီဘီ DVB ရုပ်သံဌာနနှင့် ပူးပေါင်းကာ ပွင့်လင်းဂီတပွဲတော် Open Music Festival ဟု ခေါ်ဆိုသော တီဗီပြသမှုကဏ္ဍ TV Show တစ်ခုကို ဖန်တီးထားသည်။ မကြာသေးမီက ထုတ်လွှင့်ခဲ့သော အပိုင်းတစ်ခုတွင် သူသည် ဝါရင့်သံချပ် သီဆိုသူဟောင်း တစ်ဦးကို ခေါ်ယူကာ ရိုက်ကူးခဲ့သည်။ ထိုသူသည် သံချပ်များကို ပိတ်ဆို့တားဆီးမှုများ ဖယ်ရှားလိုက်ပြီးကတည်းက သြင်္ကန်ကာလများ၌ သံချပ်နှင့် ဂီတတေးသီချင်းများ စီစဉ်ပေးနေသူလည်း ဖြစ်သည်။ ယခုအခါတွင် သူသည် သံချပ်အဖွဲ့ရှိ သူ၏ ခေါင်းဆောင်အဆိုရှင် နေရာကို မျိုးဆက်သစ် လူငယ်များအား လက်ကမ်းပေးလိုက်ပြီ ဖြစ်သည်။ ခေတ်များ ပြောင်းလာသည့် လက္ခဏာ ဖြစ်သည်။

ဦးအောင်စိုးမင်းသည် သူ၏ တက်ဘလက် ကွန်ပျူတာတွင် သူတို့ ရိုက်ကူးထားသော သံချပ် အခွေကို ကြည့်နေသည်။ ဗီဒီယိုထဲတွင် ရှပ်အကျီ အဖြူရောင် လုံခြည်များ ဝတ်ဆင်ထားသော လူငယ်များသည် ခေါင်းစီးအနီများ စည်းနှောင်ကာ သံချပ်ထိုးနေသည်ကို တွေ့ရသည်။

သံချပ်သည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်သာ ဖြစ်သည်ဟု ဦးအောင်စိုးမင်းက ပြောပြသည်။ ယခုနှစ်တွင် အဆိုရှင်များသည် ဆင်ဆာဘုတ်အဖွဲ့၏ ခွင့်ပြုချက်ကို တောင်းခံရန်မလိုဘဲ မြို့တော်ခန်းမရှေ့တွင် ကပြခွင့် ရရှိခဲ့ကြသည်။ မြန်မာနိုင်ငံတွင် စစ်မှန်သော လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို ရရှိရန် လိုအပ်ချက်များ ရှိနေနိုင်သေးသော်လည်း သေချာသည့်အချက်မှာ ကိုအောင်စိုးမင်းက ၎င်း၏ တေးသွားကို ဖွင့်လိုက်သောအခါ  သင်မလုပ်ဘဲ မနေနိုင်အောင် ဖြစ်လာမည်မှာ ကခုန်ခြင်းသာ ဖြစ်တော့သည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – ၁၉၈၈ ခုနှစ်တွင် အစိုးရကန့်ကွက် ဆန္ဒပြပွဲများ ဖြစ်ပွားအပြီး သံချပ်ထိုးခြင်းများကို တားဆီးပိတ်ပင်ခဲ့သည်။ ဓာတ်ပုံ – ဗရီနာ ဟျို့ဇ်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar