အင်န်အယ်လ်ဒီ အမတ်သစ်တွေ အဆင့်သင့်ဖြစ်နေပြီလား

ဟိန်းကိုစိုး ရေးသားသည်။

ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ်တွေကို စစ်ဆေးခဲ့တဲ့ အရည်အချင်းစစ် စာမေးပွဲမှာ ရန်ကုန်နဲ့ မန္တလေးတိုင်းဒေသကြီးက အမတ်တွေက အများစုက မအောင်မြင်ခဲ့ကြပါဘူး။ တိုင်းဒေသကြီးတွေထဲမှာ အဲဒီနှစ်နေရာက အဆိုးဆုံးပဲလို့ အမတ်တွေနဲ့တွေ့တဲ့ တွေ့ဆုံပွဲမှာ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က မတ်လ ၁ ရက်နေ့၊ နေ့လည် ၁ နာရီခွဲအချိန်က အမတ်တွေကို ပြည်ထောင်စု လွှတ်တော်၊ ဇဗ္မူသီရိအစည်းအဝေး ခန်းမဆောင်မှ တွေ့ဆုံခဲ့ပြီး အထက်ပါအတိုင်း ပြောဆိုခဲ့တာပါ။

ရွေးကောက်ခံ အနိုင်ရရှိခဲ့တဲ့သူတွေထဲက ပြည်ထောင်စုအဆင့်မှာ အလုပ်လုပ်ကြရမယ့် လွှတ်တော် အမတ် ၃၉၀ ဦး အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ သက်ဆိုင်ရာလွှတ်တော် ဥပဒေတွေ၊ လွှတ်တော်ရေးရာ၊ အဆိုတွေတင်သွင်းဖို့၊ မေးခွန်းတွေ မေးမြန်းတဲ့အခါ ထိထိမိမိမေးမြန်းနိုင်ဖို့အတွက်လည်း ပါတီက ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလကနေ ဇန်နဝါရီလအထိ ရန်ကုန်နဲ့ နေပြည်တော်မှာ သင်တန်းတွေ ပေးခဲ့ပါသေးတယ်။

လွှတ်တော်အသစ်နဲ့ လုပ်ငန်းတွေကို စတင်လည်ပတ်နိုင်မယ့် အစိုးရသစ် ဖွဲ့စည်းပြီးချိန်မှာတော့ အစိုးရက လုပ်မယ့် စီမံကိန်းတွေ၊ စီးပွားရေးလုပ်ငန်းတွေ၊ ဘတ်ဂျက်ရေးရာကိစ္စတွေအတွက် ထိထိမိမိ မေးခွန်းတွေ မေးဖို့၊ တိကျတဲ့ အချက်အလက်တွေကို သုံးနှုန်းနိုင်ဖို့အပြင် အကြံဉာဏ်တွေပေးအပ်နိုင်ဖို့ကို ပါတီကနေပြီး ထောက်ပံ့ပေးဖို့အတွက်ကို ပြန်လည်ပြင်ဆင်နေပြီလို့လည်း ပါတီရဲ့ပြောခွင့်ရှိသူ ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်းက ဆိုပါတယ်။

“အဲဒီလိုအထောက်အပံ့ပေးဖို့ကို ကျွန်တော်တို့က ဗဟိုအလုပ်အမှုဆောင်တွေရယ်၊ ဦးမြင့်အပါအဝင် စီးပွားရေး၊ ဘတ်ဂျတ်ကျွမ်းကျင်တဲ့ ပညာရှင် သုံးယောက်လောက်ရယ် ပူးပေါင်းပြီး အကြံပေးတာတွေစသဖြင့် လုပ်မှာပါ။ အခုတော့ အစိုးရသစ်ဖွဲ့နိုင်ရေးအတွက် အဓိကလုပ်နေရလို့ အကြံပေးမယ့်အဖွဲ့က အမတ်အသစ်တွေအတွက် အလုပ်မလုပ်နိုင်သေးပါဘူး” လို့ သူကဆိုပါတယ်။

လက်ရှိအချိန်မှာတော့ အမတ်အသစ်တွေကို လွှတ်တော်ရေးရာကိစ္စတွေအတွက် ယခင်ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရရှိပြီး ၂၀၁၅ မှာပါ ပြန်လည်အနိုင်ရရှိထားတဲ့ အမတ်ဟောင်းတွေကပဲ ကူညီပေးနေပါတယ်။

၂၀၁၂ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့သူအများစုက ပါတီဗဟိုအလုပ်မှုဆောင်နဲ့ ဗဟိုကော်မတီဝင်တွေ အများစုဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖြစ်တဲ့ နေရာ ၄၅ နေရာမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၄၄ နေရာကို ဝင်ပြိုင်ခဲ့ပြီး ၄၃ နေရာအနိုင်ရခဲ့ပါတယ်။ တစ်နေရာကိုတော့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက အနိုင်ရခဲ့တာဖြစ်ပြီး ကျန်တစ်နေရာကတော့ ရွေးကောက်ပွဲ မကျင်းပဖြစ်ခဲ့ပါဘူး။

အမတ်အသစ်တွေကို ကူညီပေးနေရတဲ့ ပုလဲအမတ်၊ ပါတီဗဟိုကော်မတီဝင် ဒေါ်ခင်စန်းလှိုင်က “ကျွန်မတို့ အမတ်ဟောင်းတွေက အသစ်တွေကို ကူညီနေတယ်။ အဆိုတွေတင်တာ၊ မေးခွန်းတွေမေးတာတွေကိုကအစပါ။ ဘယ်ကနေ အချက်အလက်တွေယူမယ်။ မေးခွန်းတွေကို အတိုချုပ် ထိထိမိမိမေးနိုင်ဖို့နဲ့ ပြည်သူအသံနားထောင် အချက်အလက်ရနိုင်ဖို့လို ကိစ္စတွေ၊ အချက်အလက်တွေကတော့ မီဒီယာတွေ၊ ပြည်သူတွေဆီကပဲ အများစုရတယ်။ အသစ်တွေအနေနဲ့တော့ ပါတီမူဝါဒနဲ့အညီ သေချာလိုက်နာသင့်တယ်” လို့ ဆိုပါတယ်။

လွှတ်တော်အသစ်မှာတော့ အမတ်သစ်တွေအားလုံးက လေ့လာသင်ယူရင်းနဲ့ အားလုံးရည်မှန်းတဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ရည်မှန်းချက်ဆီကို ရောက်အောင်သွားကြရမှာပါလို့  ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က ပြည်သူ့လွှတ်တော်အမတ် ဦးစိန်အောင်ကဆိုပါတယ်။

အများစုရဲ့ သဘောကို လေးစားလိုက်နာ၊ ပါတီရဲ့ မူဝါဒတွေ၊ စည်းမျဉ်းစည်းကမ်းတွေကို
လးစားလိုက်နာပြီးမှပဲ အားလုံးရည်ရွယ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုစနစ်ကို သွားလို့ရမှာပေါ့

အမတ်အသစ်တွေက နိုင်ငံရေးနဲ့အလွန်နီးစပ်သူတွေ၊ အဲဒီအပြင် နိုင်ငံရေးအကျဉ်းသားဟောင်းတွေ အများစု ဖြစ်လို့ ပြီးခဲ့တဲ့လွှတ်တော်နဲ့ လွန်စွာကွာပြားနိုင်မယ့်အပြင် လွှတ်တော်လုပ်ငန်းဆိုင်ရာလုပ်ငန်းများကို အချိန်ရသည့်နှင့်အမျှ အတွေ့အကြုံရရှိလာနိုင်သည် သုံးသပ်ကြသည်။

၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးဂျင်မီက “အခု အင်န်အယ်လ်ဒီ အမတ်အသစ်တွေက နိုင်ငံရေးအကျဉ်းသားဟောင်းတွေများတယ်။ သူတို့အရည်အချင်း ဖြည့်ဖို့လိုအပ်တယ် ဘာတယ်လို့ လျောက်ပြောနေကြတယ်။ သေချာပြောနိုင်တာ တစ်ခုကတော့ သူတို့တွေ ပြီးခဲ့တဲ့လွှတ်တော်နဲ့တော့ လုံးဝတူမှာ မဟုတ်ဘူးလို့ ပြောလို့ ရတယ်။  ဒါပေမယ့်သူတို့မှာ လွှတ်တော်အတွေ့အကြုံအတွက် သေချာလေ့လာရမယ်” လို့ သူက ဆိုပါတယ်။

အဲဒီအပြင် ပြီးခဲ့တဲ့လွှတ်တော်အစည်းအဝေးမှာပင် ၂၅ ရာခိုင်နှုန်းသော တပ်မတော်သားအမတ်များနှင့် ပြည်ခိုင်ဖြိုးပါတီ အမတ်များပင် သဘောထားကွဲလွဲမှု အကြောင်းအရာများရှိခဲ့ဖူးသဖြင့် တပ်မတော်သားအမတ်များနှင့် ပူးပေါင်း ဆောင်ရွက်နိုင်ရန်လည်း လိုအပ်တယ်လို့ သူကဆိုပါတယ်။

အာဆီယံရေးရာနဲ့ မြန်မာနိုင်ငံရေးလေ့လာသူ ထိုင်းနိုင်ငံက သတင်းစာဆရာ Kavi Chong Kittavorn ကတော့ ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံရေးက တူညီမှုတွေရှိနေပါတယ်လို့ ပြောပါတယ်။ အခုတော့ လွှတ်တော်အမတ် အရည်အချင်းမြှင့် သင်တန်းတွေပေးဖို့ ထိုင်းနဲ့ သြစတေးလျနိုင်ငံက ကျွမ်းကျင်သူတွေကို ဆက်သွယ်တာတွေ ရှိတယ်ဆိုတာ ကြားသိရတယ်လို့ ဆိုပါတယ်။

“သူတို့အများစုကတော့ အတွေ့အကြုံရင့်နေတဲ့ နိုင်ငံရေးသမားတွေပါ။ အသစ်တွေက အဲဒီအတွေ့အကြုံရှိတဲ့ သူတွေဆီကနေပြီး သင်ယူရမှာပေါ့။ အဲဒီအပြင်ပါတီကတော့ သင်တန်းတွေကို စီစဉ်ပေးဖို့တော့ လိုတယ်။ သတင်းစာတွေကလည်း ဒီလိုအကြောင်းတွေကို ဖော်ပြသင့်တယ်။ အသစ်တွေကလည်း လွှတ်တော်ရေးရာ အစီအစဉ်တွေကို သေချာသိသင့်တယ်”လို့ သူက အကြံပြုပါတယ်။

လွှတ်တော်အမတ်တွေကလည်း လွှတ်တော်ရေးရာကိစ္စတွေ၊ ကိုယ်စားလှယ် အရည်အချင်းဆိုင်ရာကိစ္စတွေကို သူတို့ထက် အတွေ့အကြုံရှိတဲ့သူတွေဆီကနေပြီးတော့ သင်ယူနေရတယ်လို့ ဆိုကြပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ လွှတ်တော်အတွင်းက လုပ်ငန်းဆောင်ရွက်ခဲ့တဲ့ မှတ်တမ်းတွေကနေလည်း လွှတ်တော်ဆိုင်ရာကိစ္စတွေကို လေ့လာနေရတယ်လို့ ဆိုကြပါတယ်။

“လွှတ်တော်ကိစ္စတွေအတွက် အမတ်တွေ ပြင်ဆင်ဆွေးနွေးဖို့ကို လမ်းညွှန်ပေးတာရှိတယ်။ အကြောင်းအရာကို တိုင်းနဲ့ပြည်နယ်အလိုက် ကျေလည်အောင်ဆွေးနွေးကြပြီး လွှတ်တော်ထဲမှာ ဆွေးနွေးဖို့ ပြင်ဆင်ဖို့ တိုက်တွန်းကြတယ်။ အသစ်တွေကတော့ လေ့လာစရာတွေ အများကြီးရှိနေတယ်။ အခက်အခဲအရမ်းကြီးတော့ မရှိဘူး။ လေ့လာမှုနဲ့ပဲ ရှေ့ဆက်ကြရမှာပါ” လို့ စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်အမတ် ဦးထွန်းထွန်းနိုင်က ပြောပါတယ်။

မြန်မာနိုင်ငံက အငြင်းပွားဖွယ် မဲရလာဒ်တွေအများစုရရှိခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ဒီမိုကရေစီစနစ်ကို စတင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီရွေးကောက်ပွဲမှာလည်း လက်ရှိ အာဏာရရှိထားတဲ့ ပြည်ခိုင်ဖြိုးပါတီက တစ်နိုင်ငံလုံး မဲဆန္ဒနယ်တွေရဲ့ ၇၆ ရာခိုင်နှုန်းကို အနိုင်ရရှိခဲ့တာပါ။

ပြည်ခိုင်ဖြိုးပါတီရဲ့ ကော့ကရိတ်မဲဆန္ဒနယ်၊ ပြည်သူ့လွှတ်တော်အမတ်ဖြစ်ခဲ့သူ ဦးသိန်းထွန်းဦးက “ကျွန်တော်တို့တုန်းကတော့ အခက်အခဲမရှိခဲ့ဘူး။ အသင်းကနေ ပါတီကို ပြောင်းတော့ အသင်းမှာတုန်းက ကိုယ်တိုင် မလုပ်နိုင်ခဲ့တာတွေ အမတ်ဖြစ်တော့ လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်ကြောင့်မို့ အခက်အခဲမရှိခဲ့ဘူး” လို့ပြောပါတယ်။

ဦးသိန်းထွန်းဦးက ကော့ကရိတ်မဲဆန္ဒနယ် ကိုယ်စားလှယ်အမတ်အဖြစ် ၂၀၁၀ ရွေးကောက်ပွဲမှာအနိုင်ရရှိခဲ့ပြီး လွှတ်တော်အတွင်းမှာ အမတ်တာဝန်အပြင် ဥပဒေကြမ်းကော်မတီမှာလည်း အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

အမတ်အသစ်တွေက ဖွဲ့စည်းပုံအခြေခံဥပဒေ၊ သက်ဆိုင်ရာ လွှတ်တော်ဥပဒေတွေ၊ အဆိုအတွက် အထောက်အကူဖြစ်မယ့် သတင်းအချက်အလက်စုဆောင်းတာတွေ၊ ခိုင်မာတဲ့ရင်းမြစ်က သတင်းအချက်အလက် စုဆောင်းတာတွေအပြင် ပြည်သူတွေရဲ့ အသံကို နားထောင်ဖို့ လိုအပ်မယ်လို့လည်း သူက ဆိုပါတယ်။

အင်န်အယ်လ်ဒီအမတ်တွေအားလုံး ရည်ရွယ်ထားကြတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို အကောင်အထည်ဖော်လိုပါက ပါတီရဲ့ ပေါ်လစီတွေ၊ ပါတီရဲ့ စည်းမျဉ်းစည်းကမ်းတွေကို အားလုံးက လိုက်နာပြီး ပါတီအတွင်းက အမတ်အချင်းအချင်းအပြင် လွှတ်တော်အတွင်းက အမတ်တွေအပြင် နိုင်ငံရေးအင်အားစုတွေ အားလုံးနဲ့ ပူးပေါင်းဆောင်ရွက်ပါကြဖို့ ဦးဉာဏ်ဝင်းက အကြံပြုပါတယ်။

“အမတ်တွေအားလုံးကိုတော့ ကျွန်တော်တို့ မထိန်းချုပ်နိုင်ပါဘူး။ သူတို့မှာလဲ ကွဲပြားခြားနားတဲ့ အမြင်တွေ ရှိနေမှာပဲလေ။ အများစုရဲ့ သဘောကို လေးစားလိုက်နာ၊ ပါတီရဲ့ မူဝါဒတွေ၊ စည်းမျဉ်းစည်းကမ်းတွေကို လေးစားလိုက်နာပြီးမှပဲ အားလုံးရည်ရွယ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုစနစ်ကို သွားလို့ရမှာပေါ့” လို့ သူကဆိုပါတယ်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.