နေပြည်တော်၊ ဇွန် ၅
၂၀၁၅ အထွေထွေရွေးကောက်ပွဲအပြီး လွှတ်တော်အသီးသီးသို့ အင်အား ထောင်နှင့်ချီကာ ရောက်ရှိသွားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီ) လွှတ်တော်ကိုယ်စားလှယ်များ တာဝန်ယူခဲ့သည့် ဗဟို၊ တိုင်းဒေသကြီး ပြည်နယ်နှင့် ခရိုင်၊ မြို့နယ်အဆင့် ပါတီလုပ်ငန်းများ အမြန်ဆုံးပြန်လည်လည်ပတ်နိုင်ရန် ပါတီတွင်း ရွေးကောက်ပွဲများ မကြာမီပြုလုပ်တော့မည်ဟု ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က ပြောသည်။
နေပြည်တော်၊ စည်ပင်ဧည့်ရိပ်သာရှိ ယူနီစံစားသောက်ဆိုင်တွင် ယနေ့ပြုလုပ်သော ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတွင် ထိုကိစ္စကို ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
“လွှတ်တော်ထဲရောက်သွားတဲ့ ပါတီဝင်တွေရှိတော့ ဗဟို၊ တိုင်း၊ ခရိုင်၊ မြို့နယ်အသီးသီးမှာ တာဝန်ယူထားသူတွေ လျော့သွားတာကို ပြန်ဖြည့်ဖို့အတွက် ဘယ်လိုနည်းလမ်းသုံးရင်ကောင်းမလဲ အစည်းအဝေးလုပ်တာပါ” ဟု ဦးဝင်းထိန်က ပြောသည်။
အင်န်အယ်လ်ဒီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားရေးဝန်ကြီးတာဝန်ယူထား၍ ပါတီလုပ်ငန်းများမှ အနားယူထားရချိန်အတွင်း ကျင်းပသည့် အဆိုပါ အစည်းအဝေးကို ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင်များြဖစ်သည့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသည့် ဦးဝင်းထိန်၊ ဦးဉာဏ်ဝင်းနှင့် ဦးဟန်သာမြင့်တို့က ဦးဆောင်ပြုလုပ်ခြင်းဖြစ်သည်။
အဆင့်ဆင့်တွင် လစ်လပ်သွားသော အင်အား၏ အနည်းဆုံးနှစ်ဆခန့်ဦးရေဖြင့် ပြန်လည်အဆိုပြုစေပြီး မဲပေးရွေးချယ်မည်ဆိုသော်လည်း အသေးစိတ်အစီအစဉ်များကို လတ်တလောထုတ်ပြန်ပြောဆိုရန် ဦးဝင်းထိန် က ငြင်းဆိုသည်။
“ပါတီညီလာခံတော့ မခေါ်နိုင်သေးဘူး။ ပြန်ဖွဲ့တာ သုံးလလောက်ကြာမယ်မှန်းတယ်။ အသေးစိတ်ကို ရန်ကုန် ၊ရွှေဂုံတိုင်ရုံးချုပ်က သုံးလေးရက်အတွင်း ထုတ်ပြန်ပေးလိမ့်မယ်” ဟု ၎င်းက ပြောသည်။
ပါတီလူငယ်အဖွဲ့ ပြန်လည်ဖွဲ့စည်းရန်လည်း စီစဉ်နေသည်ဟုသိရပြီး အသက်ကန့်သတ်ချက်ကို မူလက ၃၅ နှစ်သတ်မှတ်ထားရာမှ ၃၀ နှစ်အထိလျော့ချမည်ဟု ဦးဝင်းထိန်က ပြောသည်။
“လူငယ်အင်အားက သိပ်မမြဲဘူး။ ကျောင်းနေတဲ့သူနဲ့ အလုပ်လုပ်တဲ့သူနဲ့ဆိုတော့လေ။ နည်းလမ်းကိုတော့ ယတိပြတ် မဆုံးရသေးဘူး” ဟု ၎င်းကဆိုသည်။
ပါတီတွင် မူလက လူငယ်ခေါင်းဆောင် ၁၂ ဦးရှိသော်လည်း ရှစ်ယာက်မှာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်နေပြီး နှစ်ဦးမှာ ဆုံးပါးသွားသည့်အတွက် လတ်တလောတွင် နှစ်ဦးကသာ တာဝန်ယူနေရသည်။
အင်န်အယ်လ်ဒီသည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် နေရာအများစုအနိုင်ရခဲ့ပြီး ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်အသီးသီးတွင် စုစုပေါင်း ကိုယ်စားလှယ်ဦးရေ ၁,၁၀၀ ကျော်ခန့် ဥပဒေပြုရေးတာဝန် ထမ်းဆောင်ေနကြသည်။ ထိုသို့ ရွေးကောက်ပွဲအနိုင်ရမှှုကြောင့် အစိုးရအဖွဲ့ကိုလည်း တစ်ပါတီတည်း ဖွဲ့စည်းခွင့်ရခဲ့ပြီး ပါတီ၏ လုပ်သက်ရင့် တာဝန်ရှိသူအများအပြားမှာ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင် ဝန်ကြီးချုပ်တာဝန်များ ထမ်းဆောင်နေကြသည်။
သတင်း- ဉာဏ်လှိုင်လင်း